ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောက်ဖြူက လွှတ်တော်ကိုယ်စားလှယ် အေအေနဲ့ပတ်သက်တယ် ဆိုပြီး ရွေးကောက်ပွဲပြိုင်ခွင့်မရ
ရခိုင်အမျိုးသားပါတီက လက်ရှိကျောက်ဖြူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဟာ လာမယ့်၂၀၂၀ ရွေးကောက်ပွဲကိုဝင်ရောက်ယှဥ်ပြိုင်ခွင့်မရဘဲ ပယ်ချခံလိုက်ရပါတယ်။
သူက ကျောက်ဖြူမြို့နယ် ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်လောင်း ဦးဖိုးစံဖြစ်ပြီးတော့ သူ့ရဲ့ သားဖြစ်သူ တပ်မတော်က ဗိုလ်မှူးအဆင့်ရှိသူဟာ ရက္ခိုင့်တပ်တော် အေအေကို ဝင်ရောက်သွားတဲ့ အတွက် ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပယ်ချလိုက်တာလို့ သူကပြောပါတယ်။
ဦးဖိုးစံက တော့ သူရဲ့သားဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်စဥ်ကတည်းက သူနဲ့အတူနေသူ မဟုတ်ကြောင်း ဘယ်လိုမှ ချိတ်ဆက်မှု မရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင်ကို ငြင်းပယ်ခဲ့တယ်လို့လည်း သူကပြောပါတယ်။
ဦးဖိုးစံဟာ လက်ရှိ ကျောက်ဖြူမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သလို လာမယ့် ရွေးကောက်ပွဲမှာ အဲဒီနေရာကဘဲ ဝင်ရောက်အရွေးခံဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူ ဖြစ်ပါတယ်။
သူရဲ့ သားဖြစ်သူ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၄၇) ဆင်း ဗိုလ်မှူး အောင်မြင့်စိုးဟာ အမှတ် (၇၃) သံချပ်ကာ တပ်မမှာ တာဝန်ထမ်းဆောင်ရာကနေ ၂၀၁၈ ခု မေလလောက်မှာ အေအေထဲကို ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။
ဒီအတွက် ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိတယ်ဆိုပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်းကနေသူ့ကို ပယ်ဖျက်လိုက်တာလို့ ကာယကံရှင် ဦးဖိုးစံက ပြောပါတယ်။
"၁၀ ဎ နဲ့ငြိစွန်းတယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်တဲ့စာမှာ အဲ့ဒီလို ပါလာပါတယ်၊အဲ့ဒီ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ ဎ မှာ ဘာပါသလဲ ဆိုတော့ နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေတဲ့ သောင်းကျန်းသူ့အဖွဲ့အစည်းများ ၊ အဲ့ဒီအဖွဲ့ဝင်များနဲ့ ဆက်သွယ်ကြောင်းခိုင်လုံတဲ့ အထောက်အထားရှိသူလို့ ပါပါတယ်၊ကျွန်တော်က ဘယ်လက်နက်ကိုင် အဖွဲ့အစည်းနဲ့မှ အဆက်အသွယ်မရှိပါဘူး"လို့ ဦးဖိုးစံက ပြောပါတယ်။
ဦးဖိုးစံအနေနဲ့ ဒီကိစ္စအပေါ် ခရိုင် ၊ ပြည်နယ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထိ အဆင့်ဆင့် အယူခံဝင်ပေမဲ့ သတ်မှတ်ကာလ အတောအတွင်းမှာ အယူခံဝင်ပိုင်ခွင့်မရှိဘူးလို့ ပြန်ကြားတယ်လို့ သိရပါတယ်။
ဒီလို ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်တဲ့ အပေါ် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ဦးဖိုးစံရဲ့သားဟာ အေအေဘက် ကို ဝင်ရောက်သွားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန က အကြောင်းကြားထားတာကြောင့် အခုလို ပယ်ချခဲ့ရတာဖြစ်တယ်လို့ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း အခုလို တပ်မတော်ထဲက မိသားစုဝင်တစ်ဦး အေအေထဲကို ဝင်ရောက်သွားတဲ့ အတွက် မိသားစုထဲက လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းသူကို ပယ်ဖျက်ခံရတာကတော့ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်းရခိုင် ဒေသခံတွေကပြောပါတယ်။