ကြံ့ခိုင်ရေးလူစာရင်း ဝန်ကြီးဟောင်းအများစုပြန်ပါ

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းလူစာရင်းကို ဒီကနေ့မှာ ထုတ်ပြန်လိုက်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ ပြန်ပါလာပါတယ်။

ပါတီဥက္ကဋ္ဌဖြစ်တဲ့ စွမ်းအင်ဝန်ကြီးဟောင်း ဦးသန်းဌေး၊သမ္မတရုံးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးသိန်းနဲ့ ဦးလှထွန်း၊နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးဝဏ္ဍမောင်လွင်၊ လယ်/ဆည်ဝန်ကြီးဟောင်း တွေဖြစ်တဲ့ ဦးဌေးဦးနဲ့ဦးမြင့်လှိုင်၊ လဝကဝန်ကြီးဟောင်း ဦးခင်ရီ၊လျှပ်စစ်ဝန်ကြီးဟောင်း ဦးခင်မောင်စိုး၊လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာမြတ်မြတ်အုန်းခင်၊ စက်မှုဝန်ကြီးဟောင်း ဦးမောင်မြင့်၊စီမံကိန်းဝန်ကြီးဟောင်း ဒေါက်တာကံဇော်၊ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးဝင်းရှိန်၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်၊ ယဉ်ကျေးမှုဝန်ကြီးဟောင်း ဦးအေးမြင့်ကြူ နဲ့ ပို့ဆောင်ရေးဝန်ကြီးဟောင်း ဦးဉာဏ်ထွန်းအောင် တို့ပါဝင်လာကြပါတယ်။

ဒုဝန်ကြီးဟောင်းတွေထဲကပြန်ပြိုင်မှာကတော့ ကာကွယ်ရေးက ဗိုလ်ချုပ်အောင်သော်(ငြိမ်း)၊ စီမံကိန်းက ဦးသူရိန်ဇော်၊ အလုပ်သမားက ဒေါ်ဝင်းမော်ထွန်း၊ စီးပွားကူးသန်းက ဒေါက်တာပွင့်ဆန်းနဲ့ ပြန်ကြားရေးက ဦးပိုက်ထွေး တို့ဖြစ်ပါတယ်။

အနိုင်ရလူဟောင်းတွေ ပြန်ပါမလာ

ဦးသိန်းစိန်အစိုးရလက်ထက်က ဒုသမ္မတတွေလည်းဖြစ်၊ ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်းအနိုင်ရခဲ့ကြတဲ့ ဦးဉာဏ်ထွန်းနဲ့ ဒေါက်တာစိုင်းမောက်ခမ်းတို့တော့ လူစာရင်းမှာ ပါဝင်လာခြင်း မရှိတော့ပါဘူး။

ဦးဉာဏ်ထွန်းနေရာမှာတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဝင်ပြိုင်မှာပါ။

ဒါ့အပြင် ၂၀၁၀နဲ့ ၂၀၁၅ နှစ်ကြိမ်ဆက်နိုင်ခဲ့တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်လည်း ရွေးကောက်ပွဲဝင်မပြိုင်တော့ပါဘူး။ သူ့နေရာဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၀)မှာ သစ်လုပ်ငန်းနဲ့ ဂေါက်ကွင်းသူဌေးတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်မြင့်က ဝင်ပြိုင်မှာပါ။

ဇေယျာသီရိက နိုင်ခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်းနဲ့ ကိုကိုးကျွန်းက နိုင်ခဲ့တဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး သူရသက်ဆွေတို့လည်း လူစာရင်းမှာ ပြန်ပါမလာတော့ပါဘူး။

အမ်းကနိုင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှာ ပါဝင်ခဲ့တဲ့လက်ရှိ လဝက ဝန်ကြီးဦးသိန်းဆွေလည်း လူစာရင်းမှာမပါဝင်တော့ပါဘူး။

သမ္မတရွေးပွဲကို ပစ်မှတ်ထား

ဝန်ကြီးဟောင်းတွေဟာ သမ္မတ ရွေးချယ်မဲပေးရမယ့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတာပါ။

ပြည်သူ့လွှတ်တော်မဲဆန္ဒယ်မှာ ဝင်ပြိုင်ကြသူတွေက ဦးသန်းဌေးက ဇေယျာသီရိ၊ ဦးစိုးသိန်းက ဘော်လခဲ၊ ဦးလှထွန်းက ကျောက်ပန်းတောင်း၊ ဦးဉာဏ်ဝင်းက ဇီးကုန်း၊ဦးဝဏ္ဍမောင်လွင်က ဇဗ္ဗူသီရိ၊ ဦးဌေးဦးက ဟင်္သာတ၊ ဦးမြင့်လှိုင်က ဒက္ခိဏသီရိ၊ ဦးခင်ရီက ဆိပ်ကြီးခနောင်တို၊ ဦးခင်မောင်စိုးက လှည်းကူး၊ ဦးမောင်မြင့်က မင်းကင်း၊ ဒေါက်တာကံဇော်က စလင်း၊ ဦးဝင်းရှိန်က ဥတ္တရသီရိ၊ ဦးဝေလွင် က ပုဗ္ဗသီရိ၊ ဦးအေးမြင့်ကြူ က မင်းလှ၊ ဦးဉာဏ်ထွန်းအောင် က နွားထိုးကြီးတို့ကနေ ဝင်ပြိုင်ကြမှာပါ။

ဒေါ်မြတ်မြတ်အုန်းခင်ကတော့ ဧရာဝတီတိုင်း၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၅)ကနေဝင်ပြိုင်မှာဖြစ်ပါတယ်။

ဦးစိုးသိန်းနဲ့ ဦးမောင်မြင့်က လွဲလို့ ကျန်တဲ့သူတွေက ၂၀၁၅ ရွေးကောက်ပွဲမှာရှုံးနိမ့်ခဲ့ကြသူတွေဖြစ်ပါတယ်။

တပ်မတော်နဲ့ စည်းခြားပြီ

တပ်မတော်ရဲ့ ကျောထောက်နောက်ခံပါတီလို့ နာမည်ကြီးတဲ့ ကြံ့ခိုင်ရေးပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တပ်မတော်ဘက်က အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးကို တိုက်ရိုက်ဝင်ပြိုင်သူမရှိဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဘီဘီစီကို ပြောပါတယ်။

'တပ်မတော်က တိုက်ရိုက်ကူးလာတာ မရှိဘူး။ အငြိမ်းစားတပ်မတော်သားတွေ ဝင်ပြိုင်ချင်ရင်လည်း သူတို့ဝင်ပြိုင်မယ့်မြို့နယ်အဆင့်က လက်ခံလို့ ပါလာတာတွေကို ဗဟိုကအတည်ပြုပေးတာပဲ ရှိပါတယ်'လို့ သူကပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက တပ်မတော်က စစ်ဗိုလ်ချုပ်တွေအငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီက ဝင်ပြိုင်ပြီးတော့ အစိုးရအဖွဲ့နဲ့ လွှတ်တော်တွေကို ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) နဲ့ကာကွယ်ရေးဦးစီးချုပ်(ရေ) ၊ ကာကွယ်ရေးဝန်ကြီးတာဝန်ယူခဲ့တဲ့ တပ်မတော်က အဆင့်မြင့်အရာရှိကြီးတွေ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ကြပါတယ်။