ဘရာဇီးမှာ အမျိုးသမီးတစ်ဦးလည်ပင်းကို ရဲက နင်းထားတဲ့ပုံ ထွက်လာလို့ ဒေါသထွက်

ဘရာဇီးနိုင်ငံ ဆွာပေါ်လိုမြို့မှာ လူမည်းအမျိုးသမီးတစ်ဦးရဲ့ လည်ပင်းကို စစ်ရဲက နင်းထားတဲ့ပုံ ရုပ်သံမှာ ထွက်ပေါ်လာပြီးနောက် စစ်ရဲတပ်ဖွဲ့ဝင်နှစ်ဦး ရာဇဝတ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဘားဆိုင်ငယ်တစ်ခုပိုင်ရှင် သက်လတ်ပိုင်းအမျိုးသမီးကို နောက်ပိုင်းမှာ လက်ထိတ်ခတ်ပြီး ပလက်ဖောင်းတစ်လျှောက် ဆွဲခေါ်သွားခံရတဲ့ပုံ ထွက်လာတာ ဖြစ်ပါတယ်။

မေလတုန်းက အဲဒီအဖြစ်အပျက်ကို တွေ့ခဲ့သူတစ်ယောက်က ဗီဒီယို ရိုက်ထားခဲ့တာပါ။

အဲဒီလို အနိုင်ကျင့်တာမျိုးကို သည်းခံမှာ မဟုတ်ဘူးလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ယိုဝမ် ဒေါ်ရီယားက ပြောပြီး အဲဒီတပ်ဖွဲ့ဝင် နှစ်ယောက်လုံးကိုလည်း ရာထူးက ထုတ်လိုက်ပါတယ်။

ဒါပေမဲ့ သူတို့နာမည်တွေကိုတော့ ထုတ်မပြောပါဘူး။

ဒါ့အပြင် ဆွာပေါ်လိုရဲတပ်ဖွဲ့က ရဲဝန်ထမ်း ၂၀၀၀ ကို ကိုယ်ခန္ဓာမှာတပ်ဆင်သုံးရတဲ့ ကင်မရာတွေ တပ်ပေးမယ်လို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဲဒီ အမျိုးသမီးအကြောင်း ဗီဒီယိုကို Fantástico ရုပ်သံက ဒီသီတင်းပတ်ကုန်မှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပုံတွေကြောင့် ဘရာဇီးက လူတွေ ဒေါ်သအကြီးအကျယ် ထွက်နေကြပါတယ်။

ဒါက အမေရိကန်နိုင်ငံ မင်နီယာပိုလိစ်မြို့မှာ မေလ ၂၅ ရက်တုန်းက လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်ကို ရဲက ထိန်းသိမ်းစဥ် သေဆုံးခဲ့တဲ့ အဖြစ်အပျက်ကို ပြန်သတိရစေပါတယ်။

ဂျော့ဖလွိုက်က သူအသက်ရှူလို့ မရဘူးလို့ တောင်းပန်နေတုန်းမှာ သူ့ရဲ့လည်ပင်းကို လူဖြူရဲတစ်ဦးက ဒူးနဲ့ဖိထားတာကို မြင်ရပါတယ်။

မစ္စတာဖလွိုက်သေဆုံးမှုကြောင့် အမေရိကန်တဝန်း လမ်းပေါ်ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။