ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိန်ပန်းခြံတစ်ခုက လူ ၃ ဦးသေဆုံးတဲ့ ဓားထိုးမှု ကိုအကြမ်းဖက်မှုအဖြစ် ရဲတပ်ဖွဲ့စုံစမ်း
ဗြိတိန်နိုင်ငံ ရက်ဒင်းမြို့က ပန်းခြံတစ်ခုမှာ ဇွန်လ ၂၀ ရက်နေ့ ညနေက လူသုံးဦး သေဆုံးတဲ့ဓားထိုး တိုက်ခိုက်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါဟာ အကြမ်းဖက်ဝါဒကို လက်ကိုင်ထားတဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
ဒီတိုက်ခိုက်မှု ကြောင့် လူသုံးဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီ လူသုံးဦးထဲက တစ်ဦးကိုတော့ ဆေးရုံတင်ထားရပါတယ်။
ဓါးနဲ့ ထိုးခဲ့သူဟာ အသက်၂၅ နှစ်အရွယ် လစ်ဗျားအမျိုးသား Khariri Saadallah ဖြစ်ပြီး သူ့ကို ဖမ်းဆီးထားပါတယ်။
သူဟာ လူသတ်မှုတစ်ခုနဲ့လည်း သံသယရှိနေသူလို့ သိရပါတယ်။
Black Lives Matter ဆန္ဒပြပွဲ စီစဉ်သူတွေနဲ့ ရဲတပ်ဖွဲ့ကတော့ ဒီအဖြစ်အပျက်ဟာ ပန်းခြံထဲမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ မသက်ဆိုင်ဘူးလို့ ပြောပါတယ်။
မျက်မြင်သက်သေ တစ်ယောက်ကတော့ လူတွေ ပန်းခြံထဲမှာ အေးအေးဆေးဆေး အနားယူနေကြစဉ်မှာ အော်သံတွေကြားရပြီးပြေးလွှား ထွက်ပြေးကုန်ကြတယ်၊ ခပ်ကြီးကြီး ဓားတစ်ချောင်း ကို ဆုပ်ကိုင်ထားတဲ့ လူတစ်ယောက်က လူတွေကို တစ်ယောက်ပြီး တစ်ယောက် ဓားနဲ့ လိုက်ထိုးနေတာကို တွေ့ခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။
အစကတော့ သူဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး အဲဒီလူက သူတို့ဆီကိုပါ ပြေးလာတဲ့အတွက် သူတို့လည်း အော်ပြီး ထွက်ပြေးခဲ့ရတယ်လို့ ဓားထိုးသူနဲ့ ကိုယ်တိုင် ကြုံခဲ့တဲ့ ရက်ဒင်း မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ ဒီဖြစ်ရပ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူတွေ အတွက် အလွန်စိတ်ထိခိုက်ရပြီး သေဆုံးခဲ့သူတွေရဲ့မိသားစုတွေ၊ မိတ်ဆွေတွေအတွက် ထပ်တူ ဝမ်းနည်းရတယ်လို့ ထုတ်ဖော် ပြောခဲ့ပါတယ်၊
အကြမ်းဖက်သမားကို လက်နက်မပါဘဲ လက်ရ ဖမ်းဆီးပေးခဲ့တဲ့ ရဲအရာရှိတွေကိုလည်း ဝန်ကြီးချုပ်က ချီးကျူးပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးအဖွဲ့အကြီးအကဲ Neil Basu ကတော့ ဒီဓားထိုးမှုဟာ အင် မတန် ရက်စက်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ပြစ်တင် ပြောဆိုလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ ဖမ်းဆီးခံခဲ့ရသူ လစ်ဗျားအမျိုးသားက လွဲပြီး တခြားသူတွေ ပါဝင်တယ်ဆိုတာ မတွေ့ရဘူးလို့ သူက ပြောပါတယ်။
ဓားနဲ့ထိုးခဲ့သူဟာ လစ်ဗျားကနေ လာသူ ဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းက ဗြိတိန် ထောက်လှမ်းရေးအဖွဲ့ MI5 ရဲ့အာရုံစိုက်စောင့်ကြည့်တာကို ခံခဲ့ရသူ ဖြစ်ပါတယ်။