ကိုရိုနာ ဗိုင်းရပ်စ် နောက်ဆက်တွဲကို ဖြေရှင်းမယ့် ကော်မတီဖွဲ့ဖို့ အစိုးရကို တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် နောက်ဆက်တွဲ စီးပွားရေးနဲ့လူမှုရေး သက်ရောက်မှုတွေကို စီမံဖြေရှင်းမယ့် အမျိုးသားအဆင့်ကော်မတီကဖွဲ့စည်းဖို့ အစိုးရကို တောင်းဆိုမယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က မတ်လ၁၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီထုတ်ပြန်ချက်မတိုင်မီကလည်းကုန်သည်စက်မှုအသင်းချုပ်ဟာ အသင်းအဖွဲ့ တွေနဲ့တွေ့ဆုံပြီးတော့ သူတို့ကြုံတွေ့နေ ရတဲ့ အခက်အခဲတွေကို စီးပွားကူးသန်း ဝန်ကြီးဌာနနဲ့ ဒု သမ္မတ တို့ကိုလည်း တင်ပြခဲ့တယ် လို့ ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကဘီဘီစီကို ပြောပါတယ်
အခုလို ဆောင်ရွက်ရတာဟာ ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး နောက်ဆုံးရအခြေအနေတွေကို အချိန်နဲ့ တပြေးညီတင်ပြပြီး တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် မတ်လ၁၁ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THET AUNG
တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားလာတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ် တဲ့ မြန်မာနိုင်ငံမှာလည်း စီးပွားရေး အရ ထိခိုက်မှုများရှိနေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က မတ် ၁ဝ ရက်က မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ကျင်းပပြု တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲ မှာ ပြောကြားခဲ့ပါတယ်။
ဒေါက်တာမောင်မောင်လေးက တော့ အခုဖြစ်နေတဲ့ အခြေအနေ တွေဟာ မှန်းဆလို့မရနိုင်အောင် ဖြစ်နေပြီးတော့ စီးပွားရေးပညာရှင်တွေနဲ့ လက်ရှိအခြေနေ တွေကိုတိုင် ပင်ပြီးအစိုးရ ကို တင်ပြပေးနေ တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုတွေက မြန်မာ့စီးပွားရေးကို ထိခိုက်မှုတွေရှိနေပြီး အထူးသဖြင့် ဝင်ထွက်သွားလာခွင့်တွေကန့်သတ်တဲ့အတွက် လေကြောင်းလိုင်းတွေနဲ့ ဟိုတယ်ခရီးလုပ်ငန်းတွေမှာ ဒီရိုက်ခတ်မှုကို ခံစားနေရပါတယ်။
တရုတ်ခရီးသွားတွေကို အားထားနေရသလိုဖြစ်ခဲ့တဲ့ မြန်မာ့ခရီးသွား လုပ်ငန်းမှာ အခုဆို ဝန်ထမ်းတွေလျှော့ချတာ၊ လစာမဲ့ခွင့်တွေပေးဖို့ စီစဉ်နေတာတွေရှိလာပြီလို့ မြန်မာခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဒါပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပတ်သက်ပြီး အစိုးရ၊ ဗဟိုဘဏ်နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ တုံ့ပြန်ဆောင်ရွက်ပေးနေတာကြောင့် ရှိတယ်လို့ ကုန်သည်စက်မှုအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
အိန္ဒိယကိုရောက်နေတဲ့ ဗုဒ္ဓဂယာ ဘုရားဖူးခရီးသည် တစ်ထောင်ကျော်ကို အိန္ဒိယ နိုင်ငံဟာ လေကြောင်းလိုင်းတွေကိုပိတ်တော့မှာဖြစ်တဲ့အတွက် ပြန်ခေါ်ဖို့ စီစဉ်နေတယ်လို့ ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်း ကော်မတီ ဆီက သိရပါတယ်။
ဗိုင်းရပ်စ်ဖြစ်ပွားနေတာကြောင့် အိန္ဒိယ အစိုးရဟာ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး အိန္ဒိယ ဗီဇာရယူထားသူအားလုံးကို မတ်လ ၁၃ ရက်က စပြီး ပြည်ဝင်ခွင့် တစ်လနီးပါးကြာ ပိတ်ပင်ထားတော့မှာပါ။
လေကြောင်း ၊ကုန်းကြောင်း ၊ ရေကြောင်း ၊ ဘော်ဒါဂိတ်တွေ အပါအဝင် အိန္ဒိယ နိုင်ငံ ထဲကို ဝင်ရောက်တဲ့ ဝင်ပေါက်တွေအားလုံးကို ပိတ်ထားမှာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံက ဗုဒ္ဓဂယာ လေယာဉ်စင်းလုံးခရီးစဉ်အရောင်းကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး အိန္ဒိယနိုင်ငံမှာ လက်ရှိ ဘုရားဖူးလှည့်လည်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူမယ့်အစီအစဉ်တွေကို ဆက်လက်ညှိနှိုင်း ထုတ်ပြန် ပေးသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NA
အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကြောင့်ဖြစ်ပေါ်လာမယ့် စီးပွားရေးအကျပ်အတည်းတွေကိုလည်း ထိခိုက်နစ်နာမှုအနည်းဆုံးနဲ့ ကျော်လွှားနိုင်မယ်လို့ လည်း ကုန်သည်စက်မှု အသင်းချုပ်က ယုံကြည်တယ်လို့ဆိုပါတယ်။
အသင်းချုပ်အနေနဲ့လည်း ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ စတင်ပျံ့နှံလာချိန်ကစပြီး ရိုက်ခတ်လာနိုင်မယ့် အခြေအနေတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်သမားတွေပါ ထိခိုက်မယ့် အခြေအနေတွေကို မျက်ချေမပြတ်လေ့လာ ဆန်းစစ်နေတယ်လို့ သိရပါတယ်။
၂၀၁၉ခုနှစ်ဒီဇင်ဘာလမှစတင် ပြီး လက် ရှိအချိန်ထိ လှိုင်သာယာမြို့နယ်အ တွင်း စက်ရုံပိတ်သိမ်းခြင်း၊ အလုပ်သမား အင်အားလျော့ချခြင်းကြောင့် အလုပ်သမား ၈၀ဝဝခန့် အလုပ်လက်မဲ့ဖြစ်နေ တယ်လို့ လှိုင်သာယာမြို့နယ် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနက ပြောပါတယ်။
ဒါအပြင် မတ်လ ၅ ရက်နေ့ ကလည်း အထည်ချုပ် လုပ်ငန်းရှင် နှစ်ဦးဟာ လုပ်ခလစာတွေ မပေးဘဲ ထွက်ပြေးသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ကုန်မှာ နှစ်စဉ် ကျင်းပတဲ့မဟာ သင်္ကြန်ပွဲကာလ မှာ နှစ်စဉ်ကျင်းပတဲ့ Forever Thingyan Festival ယခု ၂၀၂၀ ခုနှစ် မှာ ပရိသတ်အားလုံးကို ကျန်းမာရေးကို အလေးပေးရှေ့ရှု၍ မကျင်းပဖြစ်တော့ ဘူးလို့ထုတ်ပြန်ပါတယ်။
နိုင်ငံတဝန်း နာရေးမှလွဲလို့ ပွဲများကျင်းပခွင့်မပြုဘူးလို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ပြောတဲ့ ရုပ်သံ ဖိုင်တစ်ခုတွေ့ရပါတယ်။
ဒါအပြင်ကျင်းပနေတဲ့ မန်ရွှေစက်တော်ဘုရားပွဲကို မတ်လ ၁၃ ရက်နေ့ ကစပြီးပိတ်လိုက်တယ်လို့ဆိုပါတယ်။
အစိုးရ အနေနဲ ဒီအရေးနဲ့ ပတ်သက်လို့ အရေးပေါ်တုံ့ပြန်မှုအတွက် ဆောင်ရွက်တာတွေ ရှိတယ်လို့လည်း ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံဗဟိုဘဏ်က ဘဏ်အတိုးနှုန်းတစ်နှစ်ကို ၁၀ ရာခိုင်နှုန်း ကနေ ၉ .၅ ရာခိုင်နှုန်းထိ ၀. ၅ ရာခိုင်နှုန်း ဧပြီလ ၁ ရက်နေ့က စပြီးချလိုက်ပါတယ်၊
"ကျွန်တော်တို့ တစ်ခု ခုပြီးတင်နေတာ ၊ဒီအ ရေးနဲ့ပတ်သက်လို့ အခက်အခဲကော ဘယ်လိုသက်ရောက်မှု တွေဖြစ်လာနိုင်တယ်ဆိုတာကို အစိုးရ ကိုတင်ပြနေတာပါ "လို့ လည်း သူကရှင်းပြ ပါတယ်။
အရေးပေါ်တုံ့ပြန်မှုအတွက် ဆောင်၇ွှက်တာတွေနဲ့ပတ်သက်လို အစိုးရဘက် ကအစီစဉ်ကိုတော့ တရားဝင် ထုတ်ပြန်တာမျိုးတော့မရှိသေးပါဘူး။








