ကိုရိုနာဗိုင်းရပ်စ်ကို ကပ်ရောဂါ အဖြစ် သတ်မှတ်ပြီ

တူရကီ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တူရကီ အစ္စတန်ဘူလ် မှာ ပိုးသတ်ဆေးဖျန်းနေသောလုပ်သားများ

ကိုရိုနာဗိုင်းရပ်စ်လို့ ခေါ်တဲ့ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားတဲ့ ကူးစက်ကပ်ရောဂါ အဖြစ် သတ်မှတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ အပြင်ဘက်မှာ ရောဂါ ကူးစက် ဖြစ်ပွားမှုအရေအတွက် ဟာ ၁၃ ဆ တိုးလာတယ်လို့ WHO အကြီးအကဲ ဒေါက်တာ Tedros Adhanom Ghebreyesus က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ မလုပ်နိုင်သေးတာကို အလွန်အမင်း စိုးရိမ်ပူပန်မိတယ်လို့ သူက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဟာ ကမ္ဘာတဝန်း နိုင်ငံများစွာမှာ ပျံ့နှံ့နေတဲ့ရောဂါ ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံအစိုးရတွေ အနေနဲ့ ဒီအခြေအနေကို ပြောင်းလဲနိုင်ရေး ကြိုးစားဖို့ရာ နောက်မကျသေးဘူးလို့ သူက ပြောပါတယ်။

နှာခေါင်းစည်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နှာခေါင်းစည်း ဝတ်ထားပြီး ကိုယ့်မျက်နှာကိုယ် မပွတ်မိအောင် တားဆီးနိုင်

အစိုးရတွေအနေနဲ့ ရောဂါဖြစ်ပွားရာ လမ်းကြောင်းတွေကို အရေးတကြီးနဲ့ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။

" ဒီဗိုင်းရပ်စ်ပိုးကို နှိမ်နင်းနိုင်ပြီး ထိန်းချုပ်နိုင်ကြောင်း နိုင်ငံတော်တော်များများက ပြသခဲ့ပါတယ်။ဒါပေမဲ့ စိန်ခေါ်မှုက လူအများအပြားကို ကူးစက်နေတာကို အခုထိ မထိန်းနိုင်သေးတာ ဖြစ်တယ်"လို့လည်း သူက ပြောပါတယ်။

အစိုးရတွေ အနေနဲ့ လူ့သားတွေရဲ့ ကျန်းမာရေးကို အကာအကွယ် ပေးနိုင်ဖို့နဲ့ လူ့အသက်တွေကို လေးစားဖို့အတွက် အသေအချာ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီလို ကမ္ဘာ့ ကူးစက်ကပ်ရောဂါ အသွင် ဖြစ်လာတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောတာဟာ နိုင်ငံတွေအနေနဲ့ ဒီရောဂါနဲ့ ပတ်သက်လို့ ဘာတွေ လုပ်ဆောင်ရမယ် ဆိုတာတွေကို သူတို့အကြံပေးတာနဲ့ ပတ်သက်ပြီး ပြောင်းလဲတာ မဟုတ်ပါဘူး။ ဒီရောဂါကူးစက်မှုနဲ့ ပတ်သက်ပြီး အစိုးရတွေကို ချက်ချင်းနဲ့ ပိုမို ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့ ပြောတာ ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာသူ ကမ္ဘာ သားတွေကို စိတ်အေးအေးထားပြီး မှန်ကန်တဲ့ လုပ်ဆောင်မှုတွေကို အတူဆောင်ရွက်ကြမယ်။ ကာကွယ်ကြမယ်။ဒါက လုပ်ဆောင်နိုင်တဲ့ အရာပါ လို့ သူကပြောပါတယ်။