ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် စတော့စျေးကွက် ကျဆင်းတဲ့ သတင်းနဲ့ တရုတ်နိုင်ငံ မှာ လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ အားပေး

ကိုရိုနာ ဗိုင်းရပ်စ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကိုထိန်းချုပ် နိုင်လုနီးပါး လို့ အစိုးရ ပြော

တရုတ် အစိုးရကတော့ ကိုရိုနာ ကပ်ရောဂါဟာ သူ့နိုင်ငံ အတွင်းမှာ အမြင့်မားဆုံး အခြေအနေကို ကျော်လွန်ခဲ့ပြီ လို့ ပြောပါတယ်။

ဒီကနေ့ ကြာသာပတေးနေ့ မှာဆိုရင် တစ်နိုင်ငံလုံးမှာ ဆယ့်ငါးဦး ပဲ ဖြစ်ပွားတဲ့ သတင်းတက်လာတယ် လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်စတင် ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့မှာတင် ပထမဆုံး အကြိမ် အနေနဲ့ ကူးစက်ခံရသူ ဆယ်ဂဏန်း ပင် မပြည့်တော့တဲ့ အကြောင်း သိရပါတယ်။

ဒါကြောင့်မို့ တရုတ်အစိုးရက သန်းနဲ့ချီတဲ့ ပြည်သူတွေကို ကန့်သတ်မှု လုပ်ထားတာတွေ ကို ဖယ်ရှားရင်း စီးပွားရေးလုပ်ငန်းခွင်တွေ မှာ အလုပ်ပြန်ဝင်ကြဖို့ အားပေးနေပါပြီ။

အခုလို အကောင်းဘက် ရှုမြင်တယ် ဆိုပေမယ့်လည်း ကျန်းမာရေး ပညာရှင်တွေ ကတော့ ပြည်သူတွေ အနေနဲ့ ပုံမှန်ဘဝ ပြန်လည် လှုပ်ရှားလာတာနဲ့ ဗိုင်းရပ်စ်ဟာ ပြန်လည် ခေါင်းထောင် လာနိုင်တဲ့ အကြောင်း သတိပေးလိုက်ပါတယ်။

စတော့စျေးကွက် ထိုးကျ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတထရမ့် က ဥရောပ နဲ့ အမေရိက ခရီးသွားခွင့် ပိတ်ပင်လို့ စတော့စျေးကွက် ထိုးကျ

အမေရိကန် သမ္မတ ထရမ့် က ဥရောပ နဲ့ အမေရိက ခရီးသွားလာခွင့် ပိတ်ပင်တဲ့ အတွက် စတော့ရှယ်ဟာ ထိုးကျ

သမ္မတ ထရမ့် က ကိုရိုနာ ဗိုင်းရပ်စ် ကို ထိန်းချုပ်နိုင်အောင် အမေရိကန် နဲ့ ဥရောပ နိုင်ငံတွေ အကြား ခရီးသွားခွင့် ပိတ်ပင်လိုက်တာနဲ့ ဥရောပနဲ့ အာရှ က စတော့စျေးကွက် တဟုန်ထိုး ထိုးကျသွားပါတယ်။ လန်ဒန်၊ ပဲရစ် နဲ့ ဖရင့်ဖတ် က စတော့စျေးကွက်ဟာ စျေးဖွင့်အပြီး နာရီပိုင်းအတွင်း ၅ ရာခိုင်နှုန်း ကျော် ထိုးကျသွားပါတယ်။ ဥရောပ နဲ့ အမေရိက အကြား ပျံသန်းတဲ့ လေကြောင်းလိုင်း အစုရှယ်ယာ တွေ အထိအနာဆုံး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကတည်း က စတော့စျေးကွက် ထိုးကျနေခြင်းဟာ ၁၀ စုနှစ် အတွင်း အဆိုးဝါးဆုံး ဖြစ်ပါတယ်။ အခုလို သမ္မတထရမ့်ရဲ့ ပိတ်ပင်မှု ကို ဥရောပ သမဂ္ဂ က ပြစ်တင်ဝေဖန် လိုက်ပြီး အီတလီ လွှတ်တော် အမတ် က တော့ မစ္စတာထရမ့် ရဲ့ နိုင်ငံရေး ကစားကွက် လို့ ပြောလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးဟာ စုပေါင်း လုပ်ရမယ့် အရေး လို့လည်း ဥရောပ သမဂ္ဂ က ပြောပါတယ်။

ဧဝရက်တောင် တက်ခွင့် ကို တိဘက်မှ တဆင့် သွားခွင့် တရုတ်ပိတ်ပင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဧဝရက်တောင် တက်ခွင့် တရုတ် ပိတ်ပင်

နွေရာသီ မှာ တရုတ်ဘက်ခြမ်းရှိ တိဘက် မှ ဧဝရက်တောင်တက်ခွင့် ကိုတရုတ်ပိတ်ပင်

ဧဝရက်တောင်တက် စီစဉ်သူတွေ ကလည်း တိဘက်ဒေသဘက် ကနေ နွေရာသီ တောင်တက် လေ့လာရေး အစီအစဉ် ကို ဖျက်သိမ်းလိုက်ရခြင်းကလည်း တရုတ်အာဏာပိုင်တွေ ဘက်က ကိုရိုနာ ဗိုင်းရပ်စ် ပျံ့ပွားမှု ကာကွယ်နိုင်ဖို့ ဖြစ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။ တရုတ် အနေနဲ့ နိုင်ငံခြားသား တောင်တက်သမားတွေ က တဆင့် တိဘက် မှာ ဗိုင်းရပ်စ် ပျံ့နှံ့ မှာကိုလည်း စိုးရိမ်နေတာ ဖြစ်ပါတယ်။

လက်ရှိ တောင်တက်သမားတွေ လည်း တောင်ပေါ်က ဆင်းတာနဲ့ ခြေချုပ် ထိန်းသိမ်းတာ ကို ခံရဘွယ် ရှိနေပါပြီ။ ဒါကြောင့်မို့ နီပေါနိုင်ငံ ဘက် က တက်လို့ ရအောင် တောင်တက် အေဂျင်စီတွေ က စီစဉ်နေကြပါပြီ။ နီပေါနိုင်ငံ ရဲ့ တောင်ဘက် အခြမ်းကနေ ဧဝရက် တောင်ကို တက်လို့ ရပေမယ့် တောင်တက်သူတွေ က တရုတ်ဘက်ခြမ်း တိဘက်မှ တက်ရတာကို ပိုမို နှစ်ချိုက်လာကြတာ ဖြစ်တဲ့ အကြောင်း နီပေါ ဌာန မှ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဂရိနိုင်ငံ မှာ ၂၀၂၀ တိုကျိုအိုလံပစ် အတွက် မီးရှူးတိုင် ပြင်ဆင်တဲ့ အခန်းအနား ကျင်းပ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂရိနိုင်ငံ မှာ ၂၀၂၀ တိုကျိုအိုလံပစ် အတွက် မီးရှူးတိုင် ပြင်ဆင်

အိုလံပီယာ တောင်ခြေမှာ ၂၀၂၀ တိုကျို အိုလံပစ် အတွက် မီးရှူးတိုင်ပြင်ဆင်

တိုကျို အိုလံပစ် အားကစားပွဲတော် အတွက် အိုလံပစ် မီးရှူးတိုင် ကို မီးထွန်းညှိတဲ့ အခမ်းအနား ကို ဂရိနိုင်ငံ မှာ ကျင်းပခဲ့ပေမယ့် ဒီကွင်းထဲမှာ လူမရှိသလောက် ဖြစ်နေပါတယ်။

အိုလံပီယာ က ရှေးဟောင်း အားကစားကွင်း မှာ သီးသန့် ဖိတ်တဲ့ ဧည့်သည်တွေပဲ တက်ရောက်ကြတာ ဖြစ်ပါတယ်။ ဖိတ်ကြားခံရသူ ကန့်သတ်ထားပေမယ့် အစီအစဉ်ကိုတော့ ရှေးရိုး ဂရိ အမျိုးသမီး သူတော်စင် ဝတ်ဆင်ထားသူကနေ နေရောင် ကို မှန်ဘီလူး မှန်သားပြင် က တဆင့် တိုက်ရိုက် ကူးယူတဲ့ မီးညွန့်နဲ့ မီးရှူးတိုင် ကို မီးကူးစေတဲ့ အခမ်းအနား ကို တေးဂီတတွေ အက တွေ နဲ့ ကျင်းပခဲ့ပါတယ်။ ဒီ မီးရှူးတိုင် ကိုလည်း ဂျပန် အာဏာပိုင်တွေ လက်ထဲ မအပ်နှင်းခင်မှာ ဂရိ နိုင်ငံ အတွင်းမှာ လက်ဆင့်ကမ်း ပြေးပွဲ တပတ်ကြာ ကျင်းပကြမှာပါ။

တိုကျို ကမ္ဘာ့အိုလံပစ် ပွဲတော် ဟာ လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့မှာ စတင်ဖို့ ရှိတဲ့ အတွက် ကြားထဲမှာ သီတင်း ကိုးပတ် လို သေးတဲ့ အတွက် အဖွဲ့အစည်း အသီးသီး က ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားနေမှု ကို သိသာတဲ့ ဆောင်ရွက်ချက်တွေနဲ့ ထိန်းချုပ်ကြမယ် လို့ ခံဝန်ထားကြပုံ ကို အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေမှု ကြောင့် ကမ္ဘာ့ အဓိက အားကစားပွဲတွေ ကိုလည်း ဖျက်သိမ်းထားတဲ့ အထဲမှာ အမေရိကန် က NBA ဘားစကက်ဘောပွဲ အစီအစဉ် တခုလုံး ပါဝင်ပါတယ်။