မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာ လက်နက်ကြီးမှန် ကလေးသုံးယောက်သေဆုံး

ရခိုင်ပြည်နယ်သာမက ရှမ်းပြည်နယ်မြောက်ပိုင်းမှာပါ တိုက်ပွဲတွေဖြစ်နေဆဲ

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/ Getty Images

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်သာမက ရှမ်းပြည်နယ်မြောက်ပိုင်းမှာပါ တိုက်ပွဲတွေဖြစ်နေဆဲ

မင်းပြားမြို့နယ် ပန်းမြောင်းရွာလယ်မှာ တည်ရှိတဲ့ အောင်မင်္ဂလာပေါ်က အမြောက်ကြီး သုံးလက်နဲ့ ရွာပေါ်ကနေ အရှေ့ဘက်တောင်တန်းကို အဆက်မပြတ် ပစ်ခတ်မှုတွေကြောင့် လက်နက်ကျည်ကျပြီး ကလေးသုံးယောက် သေဆုံးခဲ့ပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ပန်းမြောင်းကျေးရွာကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၆ နှစ်၊ ၉ နှစ်နဲ့ ၁၆ နှစ် အရွယ် ကလေးသုံးဦး ပွဲချင်းပြီး သေဆုံးခဲ့သလို သုံးဦးကတော့ ဒဏ်ရာပြင်းပြင်းထန် ရခဲ့ပါတယ်။

ဒဏ်ရာရခဲ့သူ သုံးဦးကို မြောက်ဦးနဲ့ စစ်တွေ ပြည်သူ့ဆေးရုံတို့ကို ပို့ဆောင် ကုသထားပြီး ရွာသားတွေကတော့ ရွာကို စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ပန်းမြောင်းကျေးရွာ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ပန်းမြောင်းကျေးရွာ ရွာလယ်က ဘုန်းကြီးကျောင်းမှာရှိတဲ့ အောင်မင်္ဂလာတောင်ပေါ်မှာ စခန်းချနေတဲ့ စစ်တပ်ကနေ လက်နက်ကြီး အမြောက်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေခဲ့တာဖြစ်ပြီး အခုအခါ အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံနဲ့ ဈေးတို့ကို ပိတ်ထားရတယ်လို့ ရွာသားတွေက ဆိုပါတယ်။

ဒီလို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကို တောင်ပေါ်မှာ စခန်းချထားတဲ့ တပ်ကနေ ပြုလုပ်တာဖြစ်တယ်လို့ ရွာသားတွေ အားလုံးက ပြောဆိုပေမယ့် စစ်တပ်ပြောခွင့်ရသူတစ်ဦးကတော့ ငြင်းဆိုထားပါတယ်။

အခုလို လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့အတွက် ရွာသားတွေဟာ စိုးရိမ်ထိတ်လန့်နေပါတယ်။

ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး မောင်တောမြို့ သုံးမိုက်နဲ့ လေးမိုင်ကြားမှာလည်း သြဂုတ်လ ၂၅ ရက်နေ့ည ၈ နာရီကျော်က မိုင်းဗုံး နှစ်လုံးပေါက်ကွဲခဲ့တဲ့အတွက် အနီးအနားရှိ ရွာသာယာရွာကို ဝင်ရောက်စစ်ဆေး ရှာဖွေမှုတွေ ရှိခဲ့တယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောခဲ့ပါတယ်။