ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘူးသီးတောင်မြို့နယ် စည်တောင်ရွာမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲတဲ့အတွက် လူငါးယောက်သေ
ရခိုင်ပြည်နယ် ၊ဘူးသီးတောင်မြို့နယ် စည်တောင်ရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲတဲ့အတွက် လူ ငါးယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေကတော့ စည်တောင်ရွာသား ကိုမြတ်ရွှေသိန်း၊ ဦးမောင်အေးထွန်း၊ ဒေါ်သန်းညွှန့်၊ ကိုအောင်သန်းဌေး နဲ့ ရွာသားဦးမောင်ဘညွှန့်ရဲ့ မိခင် တို့ဖြစ်ပါတယ်။
စည်တောင်ရွာသူ တစ်ဦးပြောတာက "မနေ့က ညနေပိုင်းကပဲ စဖြစ်တယ်။ လမ်းတွေကိုပစ်တယ်။ ရွာထဲမှာ ဟိုဟာဒီဟာ ပစ်တယ်။ သူတို့ရန်သူကို မပစ်တာမဟုတ်ပဲ ပြည်သူလူထုကို ပစ်နေတာ။ သူတို့ရွာထဲဝင်တယ်၊ ပြီးတော့ ဆဲသွားတယ် "လို့ ဆိုပါတယ်။
မနေ့ညနေ ၇ နာရီကျော်ကနေ ရွာထဲကို လက်နက်ကြီး ၊ လက်နက်ငယ်တွေပါ ပစ်ခဲ့တာဖြစ်ပြီး တညလုံးလိုလို ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒဏ်ရာရသူတွေကိုတော့ စေတီတောင်ဆေးရုံကို ပို့ဆောင်ထားရပါတယ်။ သေဆုံးသူ တွေအနက် လေးဦးက ဗုံးကျင်းတစ်ခုမှာ ပုန်းအောင်းစဉ် လက်နက်ကြီး ကျည်ကျလို့ သေဆုံးတာဖြစ်ပြီး နောက်တဦးကတော့ နေအိမ်မှာ ပုန်းအောင်စဉ် သေဆုံးတာဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အေအေတွေ ရွာထဲကနေ သေနတ်ပစ်တဲ့အတွက် ပြန်ပစ်တာဖြစ်ပြီး တပ်က အကြောင်းမဲ့ ပစ်တာ မရှိဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တချိုနေရာတွေမှာ ရွာသားတွေဟာ မိမိတို့ရပ်ရွာတွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့ ကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျောင်းတောင် ၊ ဂုတ်ပီ၊ ခထိလှနဲ့ ငမြင်းဘော် နယ်ခြားစောင့်စခန်းတွေကို ရခိုင့်တပ်မတော် က တပြိုင်နက် ဝင်ရောက်တိုက်ခိုက် ခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲက နောက်ထပ်သေဆုံးတဲ့သူတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဘီဘီစီက သီးခြား အတည်ပြုချက် မရသေးပါဘူး။