ဝေလငါးမကြီးရဲ့ မိခင်မေတ္တာ

ဓာတ်ပုံ ရင်းမြစ်, KEN BALCOMB, CENTER FOR WHALE RESEARCH
၁၇ ရက်ကြာ သေနေတဲ့ သားပေါက်ကို သယ်ဆောင်လာတဲ့ Killer whale ဝေလငါးမျိုး ငါးမကြီးတကောင်ဟာ မိုင်တထောင်လောက် ကူးခတ်အပြီးမှာတော့ သယ်ထားတဲ့ သားပေါက်သေကို လွှတ်ချလိုက်ပြီလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ကနေဒါက ဗန်ကူးဗားကျွန်းရဲ့ ဟာရိုးရေလက်ကြားမှာ ဒီဝေလငါးမဟာ သူ့ အဖော်တွေနဲ့အတူ အတူ ဆယ်လမွန်ငါးတွေကို အစာအတွက်လိုက်ဖမ်းနေတာကို တွေ့ရတယ်လို့ ဝေလငါးသုတေသန ဌာနက ဆိုပါတယ်။
"သူ့ရဲ့ ပူဆွေးသောကရောက်ခဲ့ရတဲ့ ခရီးစဉ်က ပြီးဆုံးခဲ့ပါပြီ၊ အခု သူ့ရဲ့ အပြုအမူတွေက တက်ကြွ လှုပ်ရှားနေပါတယ်။ "
Killer whale ငါးမျိုးတွေဟာ သူတို့ရဲ့သေသွားတဲ့ သားငယ်ပေါက်လေးတွေကို အရင်က တပတ်အထိပဲ အများဆုံး သူတို့နဲ့ အတူ သယ်ဆောင်လေ့ရှိပေမယ့် အခု ဝေလငါး မေမေကတော့ စံချိန် အသစ် တင်ခဲ့တာလို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။
ဂျေ ၃၅ လို့လည်း ခေါ်တဲ့ Killer whale လူသတ်ဝေလငါးမျိုး မေမေ ငါးမကြီးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကမ္ဘာတလွှားက လူတွေရဲ့ အာရုံစိုက်တာ ခံခဲ့ရပါတယ်။
ကမ်းခြေကနေ အဝေးရိုက် ဒစ်ဂျစ်တဲလ် ကင်မရာတွေနဲ့ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေအရ ဒီဝေလငါးမေမေရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ကောင်းနေတယ်လို့ စနေနေ့က ထုတ်ပြန်တဲ့ ဝေလငါးသုတေသန ဌာနရဲ့ ကြေညာချက်မှာ ဆိုထားပါတယ်။
"ဝေလငါးသားပေါက် အသေကောင်ကတော့ ကနေဒါနဲ့ အမေရိကန်ကြားက ဆေလာပင်လယ်ရဲ့ ကုန်တွင်းပိုင်း ရေအောက် ကြမ်းပြင်မှာ နစ်မြုပ်သွားပြီး သုတေသီတွေက ခွဲစိတ်စစ်ဆေးဖို့တော့ မဖြစ်နိုင်တော့ပါဘူး။"

ဓာတ်ပုံ ရင်းမြစ်, MICHAEL WEISS, CENTER FOR WHALE RESEARCH
ငါးသားပေါက် အသေကောင်ကို သယ်ဆောင်ထားတဲ့ မိခင် ဝေးလငါးမကြီးကို ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့တုန်းက ဗန်ကူဗာကျွန်း ကမ်းခြေ တလျှောက်မှာ စ တွေ့ခဲ့ရတာပါ။
သားငယ်ဟာ အဲဒီနေ့မှာပဲ သေဆုံးခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။ သေဆုံးခဲ့ရတဲ့အကြောင်းရင်းကိုတော့ မသိခဲ့ရပါဘူး။
ကနေဒါနဲ့ အမေရိကန် နှစ်နိုင်ငံလုံးမှာ တောင်ပိုင်းအခြေချနေထိုင်တဲ့ လူသတ် ဝေလငါးမျိုးတွေကို မျိုးတုံးလု အခြေအနေ အဖြစ် သတ်မှတ်ထားပါတယ်။ ဒီဝေလငါးမျိုးတွေက အစားအစာအတွက် ချနုဆယ်လမွန်ငါးတွေကို မှီခိုစားသောက်ရပါတယ်။ အဲဒီဆယ်လမွန်ငါးမျိုး အရေအတွက် ကလည်း အခု နှစ်ပိုင်းတွေ အတွင်းမှာ သိသိသာသာ ကျဆင်းနေပါတယ်။










