မြန်မာ့တိုးတက်ပြောင်းလဲမှု IMF လာစစ်ဆေးမယ်

မြန်မာ့ စီးပွားရေး

ဓာတ်ပုံ ရင်းမြစ်, PHILIP HEIJMANS

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့လယ်က ဆောက်လုပ်ရေး လုပ်ငန်းခွင် တနေရာ

နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ IMF က စေလွှတ်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာ နိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။

IMF အဖွဲ့ဘက်က နှစ်စဉ် ပုံမှန် ပြုလုပ်လေ့ရှိတယ်ဆိုတဲ့ Article 4 Mission ဆိုတဲ့ ဒီခရီးစ႕ဉ်ဟာ IMF အဖွဲ့ကနေ သူ့အဖွဲ့၀င် နိုင်ငံတွေကို တနှစ်ကို တကြိမ် သွားရောက်ပြီး စီးပွားရေး တောင့်တင်း ခိုင်မာမှု နဲ့ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ငွေရေးကြေးရေး အခြေအနေတွေကို သတင်းအချက်အလက် ယူပြီး IMF အဖွဲ့ကို တင်ပြမှာ ဖြစ်သလို သက်ဆိုင်ရာ အစိုးရတွေကိုလည်း အကြံပေးမှု ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် အဖွဲ့ရဲ့ အကြံပေး အဖြစ် ဆောင်ရွက် ပေးခဲ့သူလည်းဖြစ်၊ စီးပွားရေး ရင်းမြစ်များ ဆိုင်ရာ အဖွဲ့ကို လက်ရှိ ဦးဆောင်နေတဲ့ ဦးဇော်နိုင် က ပြောပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်း အနာဂတ်မှာ ဘယ်လို ဖြစ်လာနိုင်ပြီး ၊ ကောက်ခံနေတဲ့ အခွန်တွေက တရားမျှတ ၊ လုံလောက်မှု ရှိသလား ၊ အခွန်တွေကနေ တိုင်းပြည်ကို ဘယ်လောက် အထောက်အကူ ပြုနေသလဲ ၊ အခွန်ကနေ တိုင်းပြည် စီးပွားရေးကို ဘယ်လောက် ပံ့ပိုးမှု ရှိနေလဲ ဆိုတာ အပြင် ဆင်းရဲ မွဲတေမှု ရောက်နေတဲ့ လူအရေအတွက် ဘယ်လောက် ရှိနေသလဲ ဆိုတာတွေကို ရှာဖွေ ဆန်းစစ်ကာ IMF နဲ့ မောင်နှမလို ဖြစ်နေတဲ့ ကမ္ဘာဘဏ် က ဘယ်ကဏ္ဍတွေမှာ ငွေကြေး ထောက်ပံ့ဖို့ လိုမယ် ၊ ချေးဖို့ လိုမယ် ဆိုတာတွေကို ပြန်လည် ဆွေးနွေး ချမှတ်ပေးတာ ဖြစ်ပါတယ်လို့ ဦးဇော်နိုင် က ရှင်းပြ ပါတယ်။

လမ်းတွေ ဖောက် တံတားတွေ ဆောက် လျှပ်စစ်မီးတွေ ရဖို့ ကမ္ဘာဘဏ်က ချေးငွေတွေ နဲ့ နိုင်ငံတကာက ချေးငွေတွေ လိုအပ်ပြီး ကမ္ဘာဘဏ်နဲ့ IMF တို့ရဲ့ ထောက်ခံ အကြံပေးချက်ပေါ် မူတည်ပြီး နိုင်ငံတကာက ငွေထုတ်ချေးမှုတွေ လုပ်ဆောင်လေ့ရှိတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အစိုးရလက်ထက်မှာ ဖြစ်ပေါ်တိုးတက်မှုတွေက နှေးတယ်လို့ ပြောရမှာ ဖြစ်ပြီး ခေါင်းဆောင်ပိုင်း ကလည်း ထဲထဲ၀င်ဝင် ပြောင်းလဲမှုတွေ လုပ်တာမျိုး မရှိဘဲ ရှေးယခင်က အလုပ်တွေကို ဆက်လုပ်နေတဲ့ အနေအထား ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ကမ္ဘာဘဏ်အနေနဲ့က ငွေကြေးဆိုင်ရာ လုပ်ကိုင်နေတဲ့ ဘဏ် သက်သက်သာ ဖြစ်ပြီး မြီရှင်တွေဖြစ်တဲ့ ဂျပန်နဲ့ အမေရိကန် တို့လို နိုင်ငံကြီးတွေရဲ့ စွက်ဖက်မှု ရှိနေတာ ဖြစ်တယ် ၊ IMF အနေနဲ့ ကတော့ ပညာရှင် သက်သက်သာ ဖြစ်ပြီး နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး အခြေအနေတွေကို သုံးသပ် အကြံပေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေသာ ဖြစ်တယ်လို့ ဦးဇော်နိုင် က ဆိုပါတယ်။

လတ်တလော အတွင်း မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့ငွေ ဒေါ်လာ သန်း နှစ်ရာကျော် နီးပါး ကမ္ဘာ ဘဏ်က ဖြတ်တောက်ပစ်ခဲ့တာ ဖြစ်ပါတယ်။