ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာကို လုံခြုံရေးကောင်စီ အရေးယူဖို့ ပြင်သစ်ပြော
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မူဆလင်တွေအပေါ် ပြုမူနေပုံဟာ လူမျိုးတုံး သတ်ဖြတ်မှုအထိ ဖြစ်လာစေတယ် ဆိုပြီး ပြင်သစ် သမ္မတ Emmanuel Macron က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒါဟာ လူမျိုးတုံး ရှင်းလင်းမှုကြီး ဖြစ်တယ်လို့ သမ္မတ က ရှုတ်ချ ပြောဆိုလိုက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ခိုင်မာ ပြတ်သားတဲ့ အရေးယူမှုတွေ ဆောင်ရွက်နိုင်ဖို့ မိတ်ဖက် နိုင်ငံအများအပြားနဲ့အတူ ပြင်သစ်အစိုးရက ဦးဆောင် ပြုလုပ်သွားမယ်လို့ ပြင်သစ် ရုပ်မြင်သံကြားဌာနကို ပြောပါတယ်။
ဒါပေမယ့် ဘယ်လို အရေးယူ ဆောင်ရွက်မှုတွေ ဖြစ်မလဲ ဆိုတာကိုတော့ ထုတ်ဖေါ်မပြောခဲ့ပါဘူး။
အစောပိုင်းတုန်းက လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးZeid Raad al-Hussein ကလည်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေးအပေါ် မြန်မာအစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းပုံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာအစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ စဉ်းစားသင့်တယ်လို့ ပြောခဲ့ပါတယ်။
မြန်မာအစိုးရကတော့ ရိုဟင်ဂျာ အရပ်သား သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ရတာဟာ ရိုဟင်ဂျာ အစွန်းရောက်တွေကြောင့်လို့ ပြစ်တင် ပြောဆိုနေပါတယ်။
ဒါပေမယ့် ရိုဟင်ဂျာ အသိုင်းအဝိုင်း တခုလုံးကို ဖယ်ရှားပစ်ဖို့ အတွက် ရိုဟင်ဂျာ အစွန်းရောက်တချို့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အကြောင်းပြနေတယ် ဆိုပြီး မစ္စတာ ဟူစိန်က ပြောသွားခဲ့ပါတယ်။