ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
HIV/AIDS နဲ့ သေဆုံးသူ၊ ကူးစက် ခံရသူ နည်းသွား
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၆ နှစ် အတွင်း HIV/AIDS နဲ့ ဆက်စပ်ပြီး သေဆုံးသူတွေ ၅၂% ကျဆင်းပြီး ၊ အသစ် ကူးစက် ခံရသူ အရေအတွက်လည်း သိသိသာသာ နည်းသွားတယ်လို့ UNAIDS အဖွဲ့က ထုတ်ပြန်လိုက် ပါတယ်။
အာရှ-ပစ္စဖိတ် ဒေသတွင်း ရလာဒ် အကောင်းဆုံး ထွက်ပေါ် ခဲ့တဲ့ မြန်မာနိုင်ငံမှာ ART ဆိုတဲ့ ပိုးထိန်းဆေး ရရှိမှု ပိုလာပြီး တဖက်ကလည်း တိုက်ဖျက်ရေး လုပ်ဆောင်ရာမှာ ပညာပေး အသိပေးမှုတွေ ထိရောက်အောင် လုပ်နိုင်ခဲ့တဲ့ အပြင် ရောဂါ ရှိပြီးသား လူတွေက တိုက်ဖျက်ရေးမှာ ပါ၀င်မှု ပိုလာတဲ့ အတွက် အခုလို ရလဒ်ကောင်းတွေ မြင်ရတာလို့ HIV/AIDS တိုက်ဖျက်ရေး အမျိုးသား စီမံကိန်းရဲ့ အကြီးတန်း အကြံပေး ဒေါက်တာမျိုးကျော်လွင် က ပြောပါတယ်။
ဒီရလာဒ်ကောင်းတွေကို ဆက်လက် ထိန်းထားနိုင်ဖို့ အတွက် ငွေအင်အား ၊ လူအင်အားနဲ့ လုပ်နိုင်စွမ်း ရှိမယ် ဆိုရင်တော့ ဖြစ်လာမှာပါလို့ ဒေါက်တာမျိုးကျော်လွင် က ဆိုပါတယ်။
HIV/AIDS တိုက်ဖျက်ရေး အစီအစဉ်တွေဟာ အားလုံးနဲ့ အချိတ်အဆက် မိမိနဲ့ လုပ်ဆောင်တာကြောင့် တနိုင်ငံလုံး လွှမ်းခြုံမိပါတယ်လို့ သူက အတည်ပြု ပြောကြားခဲ့ပါတယ်။
လက်ရှိတော့ ၂၀၂၀ အထိ ပြည်ပက ထည့်ဝင်တဲ့ ရန်ပုံငွေ အလုံအလောက် ရထားပြီး အစိုးရကလည်း ကျန်းမာရေး ကဏ္ဍမှာ ဘတ်ဂျတ် ပိုသုံးလာတဲ့ အတွက် ပြည်ပ အလှူရှင်တွေရဲ့ လှူဒါန်းမှု လျော့ကျလာတဲ့ ဂယက်ကို စိုးရိမ်စရာ မလိုသေးတဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။
UNAIDS ရဲ့ ထုတ်ပြန်ချက်တွေ အရ မြန်မာနိုင်ငံမှာ ၂၀၀၅ ခုနှစ်တုန်းက အရွယ်ရောက်သူတွေဆီ HIV ပိုးတွေ့ရမှု ၁.၃ ရာနှုန်း ရှိခဲ့ပြီး ဒါဟာ အရေအတွက် အားဖြင့် ခြောက်သိန်း နီးပါး ရှိပါတယ်။