အမြောက် ၂၁ ချက်ဖောက်၊ အလံတစ်ဝက် လွှင့်ထူတဲ့ နာရေးထုံးစံကို ဗြိတိန်မှာ ဘာ့ကြောင့် ကျင့်သုံးကြတာလဲ

ဗြိတိန်နိုင်ငံမှာ တော်ဝင်မိသားစုနဲ့ ဆက်နွှယ်တဲ့ ကိစ္စတွေကို ထုံးတမ်းစဉ်လာနဲ့ အညီ ဆောင်ရွက်လေ့ရှိပြီး ဧကရာဇ်မင်းတစ်ပါး နတ်ရွာစံတဲ့အခါမှာလည်း ရှေးရိုးအစဉ်အဆက် ဓလေ့ထုံးတမ်းအတိုင်း စီစဉ်ကျင်းပကြပါတယ်။

စက်တင်ဘာ ၈ ရက်နေ့မှာ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး နတ်ရွာစံခဲ့အပြီးမှာ ဘုရင်မကြီးအတွက် ဝမ်းနည်းပူဆွေးတဲ့ ကာလကို သူ့ရဲ့ စျာပနအခမ်းအနား ကျင်းပအပြီး ၇ ရက်မြောက်တဲ့နေ့အထိ သတ်မှတ် ကြေညာခဲ့ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ နန်းသက်အကြာဆုံး ဧကရာဇ် ဘုရင်မကြီး နတ်ရွာစံတဲ့ အထိမ်းအမှတ်အဖြစ် ကျင်းပဆောင်ရွက်မယ့် ရှေးရိုးအစဉ်အလာ ထုံးစံတချို့ရဲ့ နောက်ခံသမိုင်းကြောင်းတွေကို ကြည့်ကြရအောင်ပါ။ အဲဒီထဲက ထုံးစံအတော်များများကို ကမ္ဘာတဝန်းမှာ အခုအခါ လူသိများ ကျင့်သုံးလာနေကြပါပြီ။

အလံတစ်ဝက် လွှင့်ထူ

ဝမ်းနည်းပူဆွေးတဲ့ကာလကို ပထမဆုံး တရားဝင် ထုတ်ဖော်ပြတဲ့ အထိမ်းအမှတ် တစ်ခုကတော့ အစိုးရရုံး အဆောက်အအုံတွေ၊ တော်ဝင်မိသားစုနဲ့ ဆက်နွှယ် ပတ်သက်တဲ့ အဆောက်အအုံတွေမှာ အလံတစ်ဝက် လွှင့်ထူတာ ဖြစ်ပါတယ်။

အလံတစ်ဝက်လို့ ပြောပေမဲ့ တကယ်တမ်းမှာ အလံတိုင်ရဲ့ အထက် ၃ ပုံ ၁ ပုံ မှာ အလံကို လွှင့်ထူတာပါ။

ဒါက ၁၇ ရာစုနှစ်လောက်ကတည်းက လုပ်ခဲ့တဲ့ ရှေးရိုးအစဉ်အလာတစ်ခုလို့ ယူဆရပါတယ်။ အလံကို အောက်ကိုနှိမ့်ပြီး လွှင့်ထူတာဟာ မမြင်နိုင်တဲ့ သေမင်းအလံ သင်္ကေတတစ်ခုကို အဲဒီအလံရဲ့ အထက်မှာ လွှင့်ထူဖို့ နေရာချန်ထားတဲ့ သဘော ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ သင်္ဘောကပ္ပတိန် ဒါမှမဟုတ် အဆင့်မြင့်အရာရှိ တစ်ဦးဦး သေဆုံးသွားရင် ဂုဏ်ပြုတဲ့အနေနဲ့ ကျန်တဲ့ သင်္ဘောသားတွေက အလံတစ်ဝက် လျှော့ချ လွှင့်ထူလေ့ရှိရာကနေ ဒီထုံးစံ အစပြုလာခဲ့တာပါ။

ဒါပေမဲ့လည်း ဒီဓလေ့က တော်ဝင်စည်းမျဉ်းထုံးစံနဲ့တော့ ကွာဟနေပါတယ်။ အချုပ်အခြာဧကရာဇ် ဘုရင်မင်းမြတ် တည်ရှိတဲ့ သင်္ကေတအမှတ်တံဆိပ်အဖြစ် လွှင့်ထူတဲ့ အလံကိုတော့ ဘယ်သောအခါမှ တစ်ဝက်လွှင့်ထူရိုး ထုံးစံ မရှိပါဘူး။ သဘောက ဧကရာဇ်ဘုရင်မင်းဆက်က ထာဝရ ဆက်တည်ရှိနေမှာ ဖြစ်ပြီး ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး နတ်ရွာစံသွားချိန်မှာ သူ့ရဲ့ အကြီးဆုံး သားတော် ချားလ်စ်မင်းသားက တတိယမြောက် ချားလ်စ်ဘုရင်အဖြစ် ချက်ချင်း အရိုက်အရာ ဆက်ခံမှာကြောင့် ဖြစ်ပါတယ်။

ယူကေမှာရှိတဲ့ တခြားအလံတွေကတော့ တတိယမြောက် ချားလ်စ်ဘုရင်ကို ဗြိတိသျှ ဧကရာဇ်ဘုရင်မင်းမြတ် အဖြစ် တရားဝင် ခန့်အပ်တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ တစ်ရက်ကလွဲလို့ ဘုရင်မကြီးရဲ့ နိုင်ငံတော် စျာပန အခမ်းအနားကျင်းပအပြီး နောက်တစ်နေ့ မနက် ၈ နာရီအထိ တစ်ဝက်လွှင့်ထူထားကြမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့မှာ တတိယမြောက် ချားလ်စ်ဘုရင် ထီးနန်းအရိုက်အရာ ဆက်ခံတဲ့ အထိမ်းအမှတ်အဖြစ် နာရီပေါင်းအတော်ကြာကြာ အလံတွေကို အပြည့်လွှင့်ထူခဲ့ပြီး အဲဒီနောက်မှာ အလံတွေကို တစ်ဝက်ပြန်လျှော့ချ လွှင့်ထူထားမှာ ဖြစ်ပါတယ်။

အမြောက်ပစ်ဖောက် ဂုဏ်ပြု

နောက်ထပ် တော်ဝင်ထုံးစံ ဝမ်းနည်းခြင်းအထိမ်းအမှတ်တစ်ခုကတော့ အမြောက်ပစ်ဖောက် ဂုဏ်ပြုတာ ဖြစ်ပါတယ်။

ဗြိတိသျှ စစ်တပ် သမိုင်းကြောင်းအရ ဒီထုံးစံက ၁၅ ရာစုမှာ စခဲ့တာလို့ သိရပါတယ်။ အဲဒီအချိန်က နိုင်ငံခြား ဆိပ်ကမ်းတွေကို ဆိုက်ကပ်မယ့် စစ်သင်္ဘောတွေဟာ သူတို့ရဲ့ လက်နက်တွေမှာ ကျည်မရှိပါဘူး၊ ငြိမ်းချမ်းစွာ ဆိုက်ကပ်လာတာပါ ဆိုတာကို ပြသတဲ့သဘောနဲ့ သေနတ် အမြောက်တွေကို ပင်လယ်ထဲ ပစ်ဖောက်ပစ်လေ့ ရှိကြပါတယ်။

၁၇၃၀ ခုနှစ်မှာတော့ ဗြိတိသျှ တော်ဝင်ရေတပ်ဟာ အခမ်းအနားတစ်ချို့မှာ အမြောက် ပစ်ဖောက်တာတွေ လုပ်လာကြပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၈၀၈ ခုနှစ်ကျမှ တော်ဝင်မိသားစုနဲ့ တခြား နိုင်ငံ့ခေါင်းဆောင်တွေအတွက် အမြောက်ပစ်ဖောက် ဂုဏ်ပြုတာကို မလုပ်မနေရ လုပ်လာခဲ့ကြတာပါ။

အမြောက်ဘယ်နှစ်ချက် ပစ်ဖောက်ရမလဲ ဆိုတာနဲ့ ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းတွေက နက်နဲ ရှုပ်ထွေးလှပြီး ဘယ်နေရာကနေ ပစ်ဖောက်မလဲ၊ ဘယ်လိုအခမ်းအနားမျိုးမှာ ပစ်ဖောက်မလဲ ဆိုတာအပေါ် မူတည်နေပါတယ်။

တော်ဝင်ဧကရာဇ်ကို မှန်ကန်စွာ အလေးပြုနည်းအဖြစ် လန်ဒန်မြို့ရဲ့ တော်ဝင်ပန်းခြံတစ်ခုခုကနေ ဒါမှမဟုတ် Tower of London လို့ ခေါ်တဲ့ လန်ဒန်မျှော်စင် ရဲတိုက်ကနေ အမြောက် ၄၁ ချက် ပစ်လွှတ်ဖို့ အမြောက်လက်နက်ဘုတ်အဖွဲ့က ၁၈၂၇ ခုနှစ်မှာ သတ်မှတ်ညွှန်ကြားခဲ့ပါတယ်။

ဒါပေမဲ့ အခမ်းအနားတချို့နဲ့ နေရာတချို့မှာတော့ အမြောက် ၆၂ ချက် ပစ်ဖောက်လေ့ ရှိပါတယ်။

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး နတ်ရွာစံတာကို ဝမ်းနည်းပူဆွေးတဲ့ အထိမ်းအမှတ်အနေနဲ့ရော၊ တတိယမြောက် ချားလ်စ်ဘုရင် ထီးနန်းအရိုက်အရာ ဆက်ခံတဲ့ အထိမ်းအမှတ်အနေနဲ့ပါ အမြောက်ပစ်ဖောက် ဂုဏ်ပြုခဲ့ပါတယ်။

ဘုရင်မကြီး နတ်ရွာစံအပြီး နောက်တစ်နေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ လန်ဒန်မြို့ Hyde Park ပန်းခြံမှာ အမြောက် ၉၆ ချက် ပစ်ဖောက် ဂုဏ်ပြုခဲ့ပါတယ်။ အမြောက်တစ်ချက်တိုင်းဟာ သက်တော် ၉၆ နှစ်နေသွားတဲ့ ဘုရင်မကြီးရဲ့ အသက်တစ်နှစ်ကို ကိုယ်စားပြုပါတယ်။

ခေါင်းလောင်းထိုးဂုဏ်ပြု

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး နတ်ရွာစံပြီး နောက်တစ်နေ့မှာ Church of England ခရစ်ယာန်အသင်းတော် ဘုရားကျောင်း ကြီးငယ်တွေမှာ ခေါင်းလောင်းထိုး ဂုဏ်ပြုခဲ့ကြပါတယ်။

ကြုံတောင့်ကြုံခဲဖြစ်ရပ်တွေထဲက တစ်ခုဖြစ်တဲ့ ဧကရာဇ်မင်း နတ်ရွာစံတဲ့ အထိမ်းအမှတ် ခေါင်းလောင်းထိုးတဲ့အခါမျိုးမှာ ညင်သာတဲ့ ပဲ့တင်သံ ခေါင်းလောင်းသံမျိုး ထွက်အောင် ခေါင်းလောင်းရဲ့ တစ်ဖက်တချက်မှာ ပတ်တီးစ ပတ်ထားလေ့ရှိပါတယ်။

ဒါပေမဲ့ အဲဒီနောက်မှာတော့ တတိယမြောက် ချားလ်စ်ဘုရင် ထီးနန်းအရိုက်အရာ ခံယူတဲ့ အထိမ်းအမှတ်အဖြစ် ခေါင်းလောင်းသံ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဂုဏ်ပြုခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံမှာ ဒီထုံးစံက အနည်းဆုံး ၇ ရာစုနှစ်လောက်ကတည်းက ရှိနေခဲ့တာလို့ ယူဆရပါတယ်။ အဲဒီအချိန်ကာလလောက်က Hilda of Whitby ဆိုတဲ့ ခရစ်ယာန် သူတော်စင် ကွယ်လွန်ခဲ့မှုအကြောင်း ဘုန်းတော်ကြီး Venerable Bede ရေးသားထားတဲ့ စာထဲမှာ ဒီလို ခေါင်းလောင်းထိုးတာကို ထည့်သွင်းရေးထားတာ တွေ့ရပါတယ်။

တော်ဝင်မိသားစုအတွက် တမူထူးခြားတဲ့ ထုံးတမ်းစဉ်လာတစ်ခုကတော့ ဝင်ဆာရဲတိုက်မှာ ရှိတဲ့ Sebastopol Bell ဆက်ဘာ့စ်တိုပိုလ် ဆိုတဲ့ ခေါင်းလောင်း ထိုးတာ ဖြစ်ပါတယ်။

၁၈၅၆ ခုနှစ် ခရိုင်းမီးယန်းစစ်ပွဲအတွင်း ဒီခေါင်းလောင်းကို ရုရှားလူမျိုးတွေဆီကနေ သိမ်းယူခဲ့ပြီး ဆက်ဘာ့စ်တိုပိုလ်မြို့မှာရှိတဲ့ Twelve Apostles ဘုရားကျောင်းကနေ ဗြိတိသျှ တော်ဝင်နန်းတော်ဆီ သယ်ဆောင်လာတာ ဖြစ်ပါတယ်။

ဘုရင်မကြီး နတ်ရွာစံပြီးတဲ့နေ့မှာ ဘုရင်မကြီးရဲ့ သက်တော် အရေအတွက်အရ ဆက်ဘာ့စ်တိုပိုလ် ခေါင်းလောင်း ၉၆ ချက် ထိုးခဲ့ပါတယ်။ တော်ဝင်မိသားစုဝင် ထိပ်တန်းပုဂ္ဂိုလ်တွေ ကွယ်လွန်ရင်သာ ဒီခေါင်းလောင်းကို ထိုးတဲ့ အစဉ်အလာ ရှိပါတယ်။

ဆက်ဘာ့စ်တိုပိုလ် ခေါင်းလောင်း နောက်ဆုံးထိုးခဲ့တာက ဘုရင်မကြီးရဲ့ မယ်တော် မိဖုရားကြီး နတ်ရွာစံတဲ့ ၂၀၀၂ ခုနှစ် က ဖြစ်ပါတယ်။

ဘာကင်ဟမ်နန်းတော်ရှေ့က နို့တစ်စာ

တော်ဝင်မိသားစုဝင်တွေ ကလေးမွေးတဲ့သတင်း၊ နာရေးသတင်း စတာတွေလို အရေးပါတဲ့ သတင်းမျိုးတွေကို သစ်သားအမည်း မှန်ဘောင်အသေးလေးထဲက စက္ကူပေါ်မှာ အတိုချုပ်ရေးပြီး ဘာကင်ဟမ်နန်းတော်ရှေ့မှာ လူထုကို သတင်းစကားပါး ချပြလေ့ရှိပါတယ်။

ကလေးမွေးတဲ့ သတင်းမျိုးဆိုရင် နန်းတော်ရဲ့ စည်းရိုးအတွင်းဘက် ရင်ပြင်မှာ ရွှေရောင်ဒေါက်တိုင်ပေါ်တင်ပြီး အဲဒီ သစ်သားမှန်ဘောင်ကို ပြထားလေ့ရှိပါတယ်။ နာရေးသတင်းဆိုရင်တော့ နန်းတော် သံတိုင်စည်းရိုးအပြင်ဘက်မှာ အဲဒီသစ်သားမှန်ဘောင်ကို ချိတ်ဆွဲထားလေ့ ရှိပါတယ်။

၁၉၅၂ ခုနှစ်မှာ စတုတ္ထမြောက် ဂျော့ဂျ်ဘုရင်၊ ၁၉၃၆ ခုနှစ်မှာ ပဉ္စမမြောက် ဂျော့ဘုရင်တို့ နတ်ရွာစံချိန်တုန်းက လူထုကို အဲဒီလို သတင်းစကားပါး အကြောင်းကြားခဲ့ပါတယ်။