ယူကရိန်းစစ်ပွဲ- စစ်သားသစ် စုဆောင်းဖို့ ရုရှား အသည်းအသန် ကြိုးစားနေ

    • ရေးသားသူ, ဝေလ်ဗာနွန်
    • ရာထူးတာဝန်, ဘီဘီစီသတင်း၊ ဗော်လိုဆိုဗို ၊ ရုရှားအနောက်ပိုင်း

စိန့်ပီတာစဘတ်အနီးက ဗော်လိုဆိုဗိုမြို့မှာ အသံချဲ့စက်က အသံတွေ ဆူညံနေပါတယ်။

ရုရှားနိုင်ငံထဲက တခြားမြို့တွေမှာလိုပဲ ဗော်လိုဆိုဗိုမြို့က လမ်းမကြီးက တိုင်အမြင့်ကြီးတွေမှာ အသံချဲ့စက်တွေ တပ်ထားတာ တွေ့ရပါတယ်။

အစဉ်အလာအားဖြင့် အစိုးရရုံးပိတ်ရက်တွေမှာ ဒီအသံချဲ့စက်တွေကနေ မျိုးချစ်သီချင်းတွေကို ထုတ်လွှင့်လေ့ရှိပေမယ့် အခုသုံးနေတဲ့ ရည်ရွယ်ချက်က အရင်ကနဲ့ မတူပါဘူး။

"အရန်အမြောက်တပ်ရင်း နှစ်ခု ဖွဲ့ထားပါတယ်။ အဲ့ဒါကြောင့် အသက် ၁၈ နှစ်ကနေ ၆၀ နှစ်ကြား အမျိုးသားတွေ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်" လို့ အသံချဲ့စက်ကနေ ဆော်သြနေပါတယ်။

ဒီစစ်သားသစ် စုဆောင်းရေး သတင်းစကားဟာ ကျယ်ပြောလှတဲ့ ရုရှားနိုင်ငံကြီးအတွင်းမှာ ထပ်ခါတလဲလဲ ကြားနေကျ သတင်းစကားတစ်ခုပါ။ အင်တာနက် လူမှုကွန်ရက်မှာ၊ ရုပ်မြင်သံကြားနဲ့ ကြော်ငြာဘုတ်တွေမှာ ဆိုရင်လည်း အမျိုးသားတွေကို စစ်တပ်ထဲကို ကာလတို စာချုပ်ချုပ်ပြီး ဝင်ကြဖို့နဲ့ ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ကြဖို့ တိုက်တွန်းနေတာ တွေ့ရပါတယ်။

ယူကရိန်းစစ်ပွဲမှာ သူတို့ဘက်က သိသာထင်ရှားတဲ့ ကျဆုံးမှုတွေနဲ့ ကြုံလာရတဲ့အချိန်မှာ ရုရှား အာဏာပိုင်တွေက သူတို့ စစ်တပ်အတွက် လူသစ်စုဆောင်းရေးကို အသည်းအသန် စတင်လုပ်ဆောင်လာတာကို တွေ့နေရပါတယ်။

ဗော်လိုဆိုဗိုမြို့က လမ်းပေါ်မှာ တွေ့ရတဲ့ လူတစ်ယောက်ကို ရုရှားစစ်တပ်ထဲဝင်ဖို့ ခေါ်နေတဲ့ကိစ္စကို အားပေးထောက်ခံလားလို့ မေးကြည့်တော့ " ကျွန်တော်အသက်ငယ်သေးရင် သွားချင်ပေမယ့် အခုကအသက်ကြီးနေပြီ" လို့ သူ့ လက်သီးဆုပ်ရင်း ပြောပါတယ်။ ပြီးတော့ သူတို့ကို ဗုံးကြဲပစ်သင့်တယ်လို့ လည်း သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ အဲ့ဒီမြို့က လူအများစုကတော့ စစ်တပ်ထဲ ဝင်ဖို့ သိပ်စိတ်မပါကြပါဘူး။ "စစ်ပွဲအကြောင်းကို စကားအနေနဲ့ ပြောရရင်တောင် နာကျင်ခံစားရလွန်းတယ်" လို့ အမျိုးသမီးတစ်ဦးက လည်း ညည်း ငြူပြီးပြောပါတယ်။

တကယ်လို့ သူ့အမျိုးထဲက တယောက်က အခုအချိန်မှာ ရုရှားစစ်တပ်ထဲ ဝင်ချင်တယ်ဆိုရင် သူ ဘာပြောမလဲ လို့ ဆက်မေးကြည်တော့ "အလောင်းပဲ ပြန်ရမယ့်ကိစ္စကို ဘာလို့သွားရမှာလဲ"လို့ သူက ပြန်ဖြေပါတယ်။

ယူကရိန်းစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ ရုရှားအလောင်းတွေကလည်း အများကြီးပါ။

ကျဆုံးတဲ့ အရေအတွက်ကို ရုရှားဘက်က ကိန်းဂဏန်း အတိအကျ ထုတ်မပြောပေမယ့် ယူကရိန်း ကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ လွန်ခဲ့တဲ့ ခြောက်လလောက်က စပြီး ရုရှားတပ်ဖွဲ့ဝင် ၇၀,၀၀၀ နဲ့ ၈၀,၀၀၀ ကြား သေဆုံး ဒဏ်ရာရခဲ့တယ်လို့ အနောက်နိုင်ငံက တာဝန်ရှိသူတွေက ပြောနေကြ ပါတယ်။

ရုရှား အာဏာပိုင်တွေက သူတို့ စစ်တပ်ထဲ ဆန္ဒအလျောက်ဝင်မယ့် အရန်စစ်သားတွေကို စည်းရုံး ဆွဲဆောင်တဲ့အနေနဲ့ လစာတွေအများကြီးပေးရုံတင်မက မြေကွက်တွေပါပေး၊ သူတို့ ကလေး တွေကိုပါ ရုရှားကျောင်းတွေမှာ အထူးနေရာပေး စည်းရုံးနေကြပါတယ်။

ပြီးတော့ လူသစ်စုဆောင်းတဲ့သူတွေက ရုရှားအကျဥ်းထောင်တွေထဲကို သွားပြီး၊ စစ်တပ်ထဲဝင်ရင် လွှတ်ပေးရုံမက၊ ငွေပါပေးမယ်လို့ အကျဥ်းသားတွေကို စည်းရုံးနေတာတွေလည်း ရှိပါတယ်။

မဖြစ်မနေ စစ်သားစုဆောင်းရေး လုပ်နေရတာကိုကြည့်ရင် ရုရှားအာဏာပိုင်တွေဘက်မှာ အား နည်းမှုတွေရှိနေပြီလို့ စုံစမ်းထောက်လှမ်း သတင်းရေးသားနေတဲ့ ဇာနယ်ဇင်းသမား ရိုမန်ဒိုဘရော့ဗ်ကိုတော့ ကလည်း အခုလို ပြောပါတယ်။

"ဒါက အနိုင်ရအောင်တိုက်မယ့် စစ်ပွဲအတွက် လိုအပ်နေတဲ့ စစ်သားအမျိုးအစားမျိုး မဟုတ်ဘူး။ ရုရှားအစိုးရအဖွဲက လူတွေက အရည်အသွေးကို အ‌ရေအတွက်က အနိုင်ယူနိုင်မယ်လို့ မျှော်လင့် နေကြတုန်းပဲ။ အဲ့ဒါကြောင့် အကြွေးနွံထဲနစ်နေတဲ့ ထောင်ပေါင်းများစွာသော လူတွေကို စစ်သားသစ်အဖြစ် စုဆောင်းပြီး ပဋိပက္ခစစ်ပွဲ ဇုန်ထဲကို အရောက်ပို့ဖို့ ကြိုးစားနေကြတာ။ "

တပ်သားသစ်တွေအဖြစ် ဝင်လာမယ့်သူတွေကို ကမ်းလှမ်းတဲ့ ငွေပမာဏက တချို့လူတွေကို တစ်လ အမေရိကန်ဒေါ်လာ ၅၇၀၀အထိ ပေးတာရှိတယ်လို့ ဆိုပေမယ့် တကယ်တမ်းတော့ အဲ့ဒီလောက်မရကြဘူးလို့ ရိုမန်က ထောက်ပြပါတယ်။

"လူတွေက ဒီငွေတွေကို အမှန်တကယ် မြင်ရတာမဟုတ်ဘူး။ ယူကရိန်းကပြန်လာတဲ့ သူတွေက သူတို့ ဘယ်လိုလှည့်စားခံခဲ့ရလဲဆိုတာ သတင်းသမားတွေကို ပြန်ပြောပြကြတယ်။ ဒါက အခြေအနေကို လွှမ်းမိုးထားတယ်။ ကျွန်တော်တို့အစိုးရကို လူတွေက ယုံကြည်မှု ကင်းမဲ့နေတဲ့အတွက် ဒီဗျူဟာက အောင်မြင်မယ်လို့ မထင်ဘူး။"

ဒါပေမယ့် တချို့ကတော့ စစ်တပ်ထဲဝင်ရတာကို ပျော်နေကြပါတယ်။

ကာရီလီယာ မြောက်ပိုင်းဒေသ ရွာတရွာက နီနာချုဘာရီနာရဲ့ သား ယက်ဗ်နီ ဆန္ဒအလျောက်ဝင်သူတွေနဲ့ဖွဲ့ထားတဲ့ အရန်တပ်ရင်းတစ်ခုထဲကို တပ်သားသစ် အဖြစ် ဝင်ခဲ့ပါတယ်။

စစ်ရေး အတွေ့အကြုံလုံးဝမရှိတဲ့ သူ့သားလက်ထဲကို သေနတ်ပေးပြီး ယူကရိန်းကို တိုက်ရိုက်စေ လွှတ်ခဲ့တာလို့ နီနာက ပြောပါတယ်။

အဲ့ဒီလို ရှေ့တန်းပို့ခံရပြီး ရက်အနည်းငယ်အကြာမှာပဲ သူ့ သားသေဆုံးခဲ့ရပါတယ်။ ကျဆုံးတဲ့အချိန် မှာ သူ့သားရဲ့ အသက်က ၂၄နှစ်ပါ။

သူ အချိန်ပိုင်း အလုပ်လုပ်နေတဲ့ မော်စကိုမြို့က ပေါင်မုန့် စက်ရုံနားက ပန်းခြံမှာ နီနာနဲ့ တွေ့ဆုံ စကားပြောခဲ့ရပါတယ်။

ဘာမှ ခက်ခက်ခဲခဲ မလုပ်ရဘဲ ပေါင်မုန့်တွေချည်း ထပ်တလဲလဲ ထုပ်ပိုးပေးရတဲ့ အလုပ်နဲ့ သူရဲ့ကြေကွဲနေတဲ့ စိတ်ကို အာရုံလွှဲထားလိုက်တယ်လို့ သူက ပြောပါတယ်။

ယူကရိန်းကို မသွားဖို့ သူ့သားကို တားခဲ့တာတွေကိုလည်း ပြန်ပြောပြပါတယ်။

" စစ်ထဲမဝင်ဖို့ ငိုယိုပြီး သူ့ကို ကျွန်မ အတန်တန်တားခဲ့ပါ တယ်။ စစ်ထဲဝင်ရင် နင်သေသွားလိမ့်မယ်" လို့ သူပြောခဲ့ပေမယ့် ဘာမှမဖြစ်ဘူး အားလုံးအဆင်ပြေသွားမှာပါလို့ သူ့သားကပြောတဲ့ အကြောင်း ပြန်ပြောပြပါတယ်။

ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ ရုရှားအာဏာပိုင်တွေရဲ့ စစ်သားစုဆောင်းပုံနဲ့ပတ်သက်လို့လည်း နီနာက ဝေဖန် ထောက်ပြပါတယ်။

"သူတို့က ကျွန်မသားလိုလူတွေကို ကြက်ကလေး၊ငှက်ကလေးလို သဘောထားပြီး စစ်ထဲ ပို့လိုက်တာ။ အဲဒီကလေးတွေက အရင်က သေနတ်တောင် ကိုင်ဖူးခဲ့တာ မဟုတ်ဘူး။ သူတို့က အစတေးခံတွေလေ။ ဗိုလ်ချုပ်ကြီးတွေက ငါတို့ အရန်စစ်သားတယောက်ရပြီ။ ကောင်းတယ်။ မင်းသွားတော့ဆိုပြီး လုပ်နေကြတာ။"

ယက်ဗ်နီလိုမျိုး လူတိုင်းကတော့ စစ်ထဲဝင်ချင်ကြတာ မဟုတ်ပါဘူး။

ရုရှားတစ်နိုင်ငံလုံးကို ပတ်ကြည့်လိုက်ရင်လည်း ရုရှားအစိုးရရဲ့ အထူးစစ်ဆင်ရေးကို အပြည့်အ ဝထောက်ခံတဲ့ သူတွေကလည်း သိပ်မရှိပါဘူး။

ရုရှား လမ်းပေါ်တွေပေါ်မှာတော့ စစ်လိုလားတဲ့ "Z" သင်္ကေတကို ပြထားတဲ့ ကားအရေအတွက်က အနည်းငယ်တော့ ရှိနေပါသေးတယ်။ ကျွမ်းကျင်သူတွေပြောအရဆိုရင်လည်း စစ်ထဲဝင်မယ့် တပ်သားသစ် အရေအတွက်က နည်းလာနေပါပြီ။

ရုရှားက လူတွေက သူတို့သမ္မတအတွက် သူ့တို့ အသက်ကို ‌စတေးဖို့ အဆင်သင့်မဖြစ်ကြဘူးလို့ စစ်ဘက်ရေးရာ လေ့လာသုံးသပ်သူ ပါဗယ်လူဇင်ကလည်း ထောက်ပြပါတယ်။

"ရုရှားအစိုးရရဲ့ ပြဿနာက ရုရှားပြည်သူအများစုက ပူတင်အတွက် ဒါမှမဟုတ် 'ရုရှား အင်ပါယာ' ပြန်လည်ထူထောင်ရေးအတွက် အသက်မပေးချင်ကြတာပဲ။"

ဒါကြောင့် စစ်ပွဲတိုက်ဖို့ ရုရှား လူထုရဲ့ သဘောတူထောက်ခံချက်မရတဲ့ လက်ရှိအခြေအမှာ စစ်သားသစ်ခေါ်ယူ စုဆောင်းဖို့ ဆိုတာ မလွယ်လှပါဘူး။

"ယူကရိန်းနဲ့ ယှဥ်ကြည့်လိုက်ပါ။ ယူကရိန်းတွေက တိုက်ဖို့ အဆင်သင့် ရှိနေကြတာ။"