ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စုငွေကို ထုတ်မပေးလို့ ဘေရွတ်ဘဏ်မှာ ဓားစာခံဖမ်းပြီးထုတ်ခိုင်းတဲ့ လက်ဘနွန်သားတယောက်ကို သူရဲကောင်းအဖြစ် ချီးကျူးနေကြ
- ရေးသားသူ, ဖရန်ချက်စကာ ဂီးလက်
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
ဘဏ်မှာ သူအပ်ထားတဲ့ စုဆောင်းငွေကို ထုတ်မရတဲ့အတွက် ဘဏ်ထဲကို သေနတ်ကိုင်ဝင်သွားပြီး ဓားစာခံတွေကို ၆ နာရီကျော်ဖမ်းဆီးခဲ့တဲ့ အဖြစ် ဘေရွတ်မြို့မှာ ဖြစ်ခဲ့ပြီး အဲဒီလူကို အများပြည်သူတွေက ဟီးရိုးအဖြစ် ချီးကျူး ဂုဏ်ပြုနေကြပါတယ်။
စီးပွားရေးအကျပ်အတည်းဆိုက်နေတဲ့ လက်ဘနွန်နိုင်ငံမှာ ဘဏ်တွေက လူတွေ ငွေဘယ်လောက်ပဲ ထုတ်ယူနိုင်တယ်ဆိုတဲ့ တင်းကျပ်တဲ့ စည်းမျဥ်းတွေ ချမှတ်ထားပါတယ်။
သံသယတရားခံဟာ ဘဏ်ထဲကို ရိုင်ဖယ်သေနတ် တလက်နဲ့ ဝင်လာခဲ့ပြီး ဓာတ်ဆီတွေကို ပက်ဖြန်းလိုက်ကာ ဆေးရုံ စားရိတ်တွေပေးဖို့ သူငွေတွေကို ထုတ်ပေးဖို့ ဘဏ်ကို တောင်းဆိုခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ရေးပါတယ်။
သူ့လုပ်ရပ်ကို လူတွေက ထောက်ခံပြီး ဘဏ်အပြင်ဘက်မှာ လာစုဝေးကြကာ "ခင်ဗျားဟာ သူရဲကောင်း" လို့ သံပြိုင်ဟစ်ကြွေးကာ ဂုဏ်ပြုခဲ့ကြပါတယ်။
ညှိနှိုင်းပေးသူတွေက အဲဒီလူ ထုတ်ချင်တဲ့ ဒေါ်လာ ၃၅,၀၀၀ ကို ဘဏ်က ထုတ်ပေးမယ်ဆိုတဲ့ ကတိကို ရခဲ့ပြီးတဲ့ နောက်ပိုင်း ဘဏ်ထဲက အဖြစ်အပျက်ဟာ ဘယ်သူမှ ဒဏ်ရာတစုံတရာ ရခဲ့တာမျိုး မရှိဘဲ အေးအေးချမ်းချမ်းနဲ့ ပြီးခဲ့ပါတယ်လို့ LBC ရုပ်သံလွှင့်ဌာနက သတင်းပို့ပါတယ်။
ဘေရွတ်မြို့ရဲ့အနောက်ဘက် ဟမ်ရာလမ်းနားက ဖက်ဒရယ်ဘဏ်ခွဲမှာ ရဲတွေက ဓားစာခံတွေနဲ့ သံသယတရားခံကို လုံခြုံရေးပေးပြီး ခေါ်ထုတ်သွားခဲ့ပါတယ်။ အဲဒီလူ ကို တရားစွဲမလား ဆိုတဲ့ အမေးကိုတော့ ရဲတွေက ဖြေမသွားပါဘူး။
LBC ရုပ်သံလွှင့်ဌာနရဲ့ အဆိုအရ သံသယတရားခံရဲ့ မိသားစုဝင်တချို့ဟာ ဆေးရုံ တက်နေရပြီး ဆေးရုံ ကုန်ကျစားရိတ်ရှင်းပေးဖို့ အတွက် သူတို့ စုငွေထဲက ငွေပြန်ထုတ်ဖို့ အသည်းအသန်လိုအပ်နေတာလို့ သိရပါတယ်။
အဆိုပါလူနဲ့ ညီအစ်ကိုတော်စပ်သူ တယောက်က "သူ့ဘဏ်ထဲမှာ ပိုင်တဲ့ငွေ အမေရိကန် ဒေါ်လာ ၂၁၀,၀၀၀ ရှိတယ်၊ ဆေးရုံစားရိတ်တွေ ရှင်းဖို့ ဒေါ်လာ ၅,၅၀၀ ရချင်ခဲ့တာ" လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဘဏ်အပြင်ဘက်က လမ်းပေါ်ရောက် လာခဲ့ကြတဲ့ အဆိုပါသံသယတရားခံရဲ့ ဇနီးနဲ့ အဲဒီညီအစ်ကိုဟာလည်း "ကိုယ်ပိုင်တဲ့ငွေ" ပြန်ရဖို့ အတွက် "လူတိုင်းဒီလိုပဲ လုပ်သင့် တယ်" လို့ ပြောပါတယ်။
ပြည်သူတွေရဲ့ ဘဏ်စာရင်းတွေအပေါ် ၂၀၁၉ ခုနှစ်က စလို့ ပြဋ္ဌာန်းထားတဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေကို လက်ဘနွန်မှာ လူတွေက ဒေါသထွက်နေကြတာပါ။ နိုင်ငံခြားကို ငွေလွှဲတာကိုလည်း ကန့်သတ်ထားပါတယ်။
နိုင်ငံဟာ ကမ္ဘာမှာ အဆိုးဆုံးသော စီးပွားရေးအကျပ်အတည်း တခုကို ရင်ဆိုင် နေရပြီး ဆိုးကျိုးဆက်အနေနဲ့ စားဝတ်နေရေး ကုန်ကျ စားရိတ်က ထိုးတက်လာ နေကာ ဂျုံနဲ့ ဆေးဝါး ပြတ်လပ်တာတွေလည်း ကြုံနေရပါတယ်။
ဘဏ်ရှေ့မှာ လူတွေက "ဘဏ်တွေ အုပ်စိုးထားမှု ကျဆုံးပါစေ" ဆိုပြီး ကြွေးကြော် ကြပါတယ်။
လက်ဘနွန် ဘဏ်အလုပ်သမားများ သမဂ္ဂခေါင်းဆောင် ဂျော့အယ် ဟတ်ဂျ် က "ဒါမျိုးအလားတူအဖြစ်တွေ ဆက်ဖြစ်လာမယ်" လို့ အေအက်ဖ်ပီ ကို ပြောပါတယ်။ ဇန်နဝါရီလအတွင်းက ဘီကာ တောင်ကြားအရပ်က ဘဏ်တခုမှာ လူတယောက်က သူ့ငွေတွေကို အမေရိကန် ဒေါ်လာနဲ့ ပြန်ထုတ်ပေးဖို့ တောင်းဆိုပြီး ဘဏ်ထဲမှာ ဒါဇင်နဲ့ ချီတဲ့ ဓားစာခံတွေကို ဖမ်းခဲ့ဖူးပါတယ်။
"ငွေအပ်ထားသူတွေက သူတို့ငွေကို ပြန်လိုချင်ကြတယ်။ သူတို့က မန်နေဂျာကို အလွယ်တကူ မတွေ့ရတော့ အလုပ်သမားတွေအပေါ် သူတို့ ဒေါသကို ပုံလိုက် ကြတယ်" လို့ သမဂ္ဂခေါင်းဆောင်က ဖြည့်ပြောပါတယ်။
စီးပွားရေးအကျပ်အတည်းဆိုက်လာကတည်းက လက်ဘနွန် ငွေကြေးတန်ဖိုးဟာ ၉၀% ကျဆင်းသွားခဲ့ပြီး နိုင်ငံလူဦးရေရဲ့ ၅ ပုံ ၄ ပုံဟာ ဆင်းရဲတွင်းထဲ ကျနေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။