ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အလင်္ကာပုလဲပန်း၊ "ဟ" အက္ခရာရဲ့ အခန်းကဏ္ဍအပိုင်း ၁
- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာစာပေ၊ မြန်မာစကားအပေါ်မှာ "ဟ" အက္ခရာ၊ "ဟ" အသံထွက်ရဲ့ ကျေးဇူးတရားဟာ တော်တော်ကြီးမားတယ်လို့ ပြောရင် တချို့သဘောမတူနိုင်သူတွေ ရှိကောင်းရှိနိုင်ပါတယ်။
"ဟ" ကကျေးဇူးကြီးတယ်ပြောရအောင် "ဟ" အက္ခရာနဲ့ ဖွဲ့စည်းထားတဲ့ ဝေါဟာရက ဘယ်လောက်များ ကြွယ်ဝလို့လဲဆိုပြီး မေးလာခဲ့ရင် မှန်ပါတယ်၊ သိပ်မများလှပါဘူးလို့ ဝန်ခံရပါလိမ့်မယ်။ "က" အက္ခရာနဲ့ ဖွဲ့စည်းတဲ့စကားလုံး၊ "စ" အက္ခရာနဲ့ဖွဲ့စည်းတဲ့စကားလုံး "အ" အက္ခရာနဲ့ ဖွဲ့စည်းတဲ့စကားလုံး စသည်ဖြင့် တခြား အက္ခရာတွေမှာ ဝေါဟာရ အလွန်ကိုကြွယ်ဝပါတယ်။ "ဟ" အက္ခရာနဲ့ ဖွဲ့စည်းထားတဲ့ ဝေါဟာရတွေကတော့ တခြားစကားလုံးတွေနဲ့ ယှဉ်ပြိုင်ရေတွက်မယ်ဆိုရင် မျက်နှာငယ်လောက်အောင် နည်းလှပါတယ်။
အဘိဓာန်၊ သတ်ပုံကျမ်းတွေကိုလှန်ပြီး "ဟ" အက္ခရာစဉ်အောက်က စကားလုံးတွေကို ရေတွက်ကြည့်ပါ။ ဗမာစကားအစစ်မဟုတ်တဲ့ ပါဠိ "ဟ" တွေနဲ့ မူလအနက်မရှိတဲ့ မြည်သံစွဲ "ဟ" တွေကို ဖယ်လိုက်မယ်ဆိုရင် တော်တော်နည်းနည်းပဲ ကျန်ပါတယ်။ ဟတယ်၊ ဟစ်တယ်၊ ဟောတယ်၊ ဟောင်တယ်၊ ဟိန်းတယ်၊ ဟိုးဟိုးကျော်တယ်၊ ဟင်းလင်း၊ ဟောင်းလောင်း၊ မြည်ဟည်း၊ ဟုတ်မှန်၊ ဟန့်တား၊ ဟန်လုပ်၊ ဟပ်တယ် စတဲ့ အရေအတွက် သိပ်မများလှတဲ့ ဝေါဟာရတချို့ပဲ ရှိပါတယ်။
"ဟ" ရဲ့မူလအနက်က ဖွင့်တဲ့ လှစ်တဲ့ အနက်လို့ ဒုတိယကျော်အောင်စံထားဆရာတော်ကြီးက ဆိုပါတယ်။ ထူးခြားတာကို ပြောရရင်တော့ "ဟ" ဆိုတဲ့အသံကိုရွတ်ဆိုရင်လည်း ပါးစပ်ကိုဖွင့်လှစ်ပြီး လေထွက်အောင်ရွတ်ဆိုရတဲ့ အချက်ကလေးပါ။
အဲဒီ "ဟ" ဟာ ဝေါဟာရသိပ်မကြွယ်ဝဘဲနဲ့ ဘာလို့များ မြန်မာစာပေ၊ မြန်မာစကားအပေါ် ကျေးဇူးကြီးမားတယ်လို့ ပြောသလဲမေးရင် အကြောင်းရှိပါတယ်။ "ဟ" ဟာရှေ့ထွက်အလုပ်လုပ်တဲ့ ဝေါဟာရက သိပ်မများလှပေမဲ့ နောက်ကွယ်ကနေ ထောက်ပံ့ကူညီ အလုပ်လုပ်ပေးနေတာတွေက တော်တော်များလို့ပါ။
မြန်မာအက္ခရာတွေကို အုပ်စု ၅ စုဖွဲ့ခေါ်ဝေါ်ပါတယ်။ အသံထွက်ရာနေရာကို အခြေခံပြီး အုပ်စုဖွဲ့တာပါ။
က၊ခ၊ဂ၊ဃ၊င တို့ကို "က" အုပ်စုလို့ခေါ်ပါတယ်။ ပါဠိလို ကဝဂ်လို့ခေါ်ပါတယ်။
စ၊ဆ၊ဇ၊စျ၊ည တို့ကို "စ" အုပ်စုလို့ခေါ်ပါတယ်။ ပါဠိလို စဝဂ်လို့ခေါ်ပါတယ်။
ဋ၊ဌ၊ဍ၊၊ဎ၊ဏ တို့ကို "ဋ" အုပ်စုလို့ခေါ်ပါတယ်။ ပါဠိလလို ဋ ၀ဂ်လို့ခေါ်ပါတယ်။
တ၊ထ၊ဒ၊ဓ၊န တို့ကို "တ" အုပ်စုလို့ခေါ်ပါတယ်။ ပါဠိလို့ တဝဂ်လို့ခေါ်ပါတယ်။
ပ၊ဖ၊ဗ၊ဘ၊မ တို့ကို "ပ" အုပ်စုလို့ခေါ်ပါတယ်။ ပါဠိလို ပဝဂ်လို့ခေါ်ပါတယ်။
ကျန်တဲ့ ယ၊ရ၊လ၊ဝ၊သ၊ဟ၊ဠ၊အ တို့ကို ဝဂ်အဖြစ် အုပ်စုဖွဲ့လို့ မရတဲ့ အက္ခရာတွေမို့ အဝဂ်အက္ခရာတွေလို့ခေါ်ပါတယ်။ အဝဂ်ဆိုတာ "အ" အုပ်စုလို့ ခေါ်တာမဟုတ်ပါဘူး။ "အ" ကို အရူပ၊ အနတ္တတို့မှာသုံးတဲ့ "အ" လိုမျိုး အငြင်းသဘောနဲ့သုံးတာ ဖြစ်ပါတယ်။
အုပ်စု ၅ စုထဲက အက္ခရာတွေထဲမှာ ဋ၊ဌ၊ဍ၊၊ဎ၊ဏ ဆိုတဲ့ ဋဝဂ်အတန်းဟာ ပါဠိအနက်သာရှိပြီး မြန်မာစကားအနက် လုံးဝမရှိတဲ့အတွက် အဲဒီအတန်းကို ခဏဘေးဖယ်စဥ်းစားကြရအောင်ပါ။
ကျန်တဲ့ အက္ခရာ အလုံး ၂၀ ကိုပဲ စဉ်းစားတဲ့အခါ က၊စ၊တ၊ပ အက္ခရာ ၄ လုံးကို ပထမက္ခရာလို့ခေါ်ပါတယ်။ ခ၊ဆ၊ထ၊ဖ အက္ခရာ ၄ လုံးကို ဒုတိယက္ခရာလို့ခေါ်ပါတယ်။ ဂ၊ဇ၊ဒ၊ဗ ၄ လုံးကို တတိယက္ခရာလို့ခေါ်ပါတယ်။ ဃ၊စျ၊ဓ၊ဘ အက္ခရာ ၄ လုံးကို စတုတ္ထက္ခရာလို့ခေါ်ပါတယ်။ င၊ည၊န၊မ အက္ခရာ ၄ လုံးကို ပဉ္စမက္ခရာလို့ခေါ်ပါတယ်။
ဒုတိယက္ခရာ ၄ လုံးဟာ ပထမက္ခရာ ၄ လုံးနဲ့ "ဟ"ကိုပေါင်းထားတာ ဖြစ်ပါတယ်။ က+ဟ=ခ။ စ+ဟ=ဆ။ တ+ဟ=ထ။ ပ+ဟ=ဖ။ တနည်းအားဖြင့်ပြောရရင် ဟ ပေါင်းတယ်ဆိုတာ ဟထိုးထည့်လိုက်တာနဲ့လည်း သဘောချင်းအတူတူပါပဲ။ ဟထိုးဆိုတာကလည်း "ဟ"ကို အောက်ကထိုးလိုက်တာကို ခေါ်တာပါ။ ဒါ့ကြောင့် က္ဟ=ကှ= ခ လို့လည်း ဆိုနိုင်ပါတယ်။
အလားတူပါပဲ။ စတုတ္ထက္ခရာ ၄ လုံးဟာ တတိယက္ခရာ ၄ လုံးနဲ့ "ဟ"ကိုပေါင်းထားတာဖြစ်ပါတယ်။ ဂ+ဟ=ဃ။ ဇ+ဟ=စျ။ ဒ+ဟ=ဓ။ ဗ+ဟ=ဘ။
ပထမက္ခရာ ၄ လုံးကို သိထိလ (သံလျော့) လို့ ခေါ်ပါတယ်။ အဲဒီသံလျော့တွေကို "ဟ" နဲ့ပေါင်းလိုက်တော့ ဒုတိယက္ခရာတွေဟာ ဓနိတ (သံတင်း)တွေ ဖြစ်ကုန်ပါတယ်။ အလားတူပါပဲ။ တတိယက္ခရာ ၄ လုံးကို သိထိလ (သံလျော့) လို့ ခေါ်ပါတယ်။ အဲဒီသံလျော့တွေကို "ဟ" နဲ့ပေါင်းလိုက်တော့ စတုတ္ထက္ခရာတွေဟာ ဓနိတ (သံတင်း)တွေ ဖြစ်ကုန်ပါတယ်။
ပဉ္စမက္ခရာတွေဖြစ်တဲ့ င၊ည၊န၊မ အားလုံးက သိထိလ (သံလျော့) တွေ ဖြစ်ပါတယ်။ သူ့မှာရော ဓနိတလို့ခေါ်တဲ့ သံတင်းအတွဲမရှိဘူးလားဆိုတော့ ရှိပါတယ်။ အက္ခရာ ၃၃ လုံးထဲမှာ ဖော်ပြမထားတာပါ။ အဲဒီ င၊ည၊န၊မ အားလုံးကို "ဟ" နဲ့ပေါင်းရင် ဓနိတ (သံတင်း) အုပ်စုထွက်လာပါတယ်။ အဲဒါတွေကတော့ ငှ၊ညှ၊နှ၊မှ ဖြစ်ပါတယ်။ စောစောကပြောသလိုပဲ ဟထိုးဆိုတာဟာ "ဟ"ကို အောက်ကထိုးလိုက်တာကို ခေါ်တာပါ။ ငှဆိုတာ င္ဟ နဲ့ အတူတူပါ။ ရှေးအခါပုဂံခေတ်မှာတုန်းက အဲဒီအတိုင်းပဲရေးခဲ့ပါတယ်။ င+ဟ နဲ့လည်း သဘောချင်းအတူတူပါပဲ။ င+ဟ=င္ဟ=ငှ ဖြစ်ပါတယ်။ ည+ဟ=ည္ဟ=ညှ ၊ န+ဟ=န္ဟ=နှ ၊ မ+ဟ=မ္ဟ=မှ ဖြစ်ပါတယ်။
အသံထွက်တဲ့အခါ က၊စ၊တ၊ပ နဲ့ ခ၊ဆ၊ထ၊ဖ ဘာကွာသလဲဆိုတော့ ခ၊ဆ၊ထ၊ဖ မှာ "ဟ" သံပိုလာတဲ့အချက်က အဓိက ကွာခြားချက် ဖြစ်ပါတယ်။ ဟ ဆိုတဲ့အက္ခရာကို ရွတ်ဆိုတဲ့အခါမှာ ပါးစပ်ကို ဟ ပြီးရွတ်ဆိုရတဲ့အတွက် လေထွက်ပါတယ်။ အဲဒါကြောင့် ခ၊ဆ၊ထ၊ဖ ကိုရွတ်ဆိုတဲ့အခါ လေထွက်ရပါတယ်။
ဒီနေရာမှာ စလုံးနဲ့ ဆလိမ် အသံကွဲအောင် ဘယ်လိုထွက်ရသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေပါလာပါပြီ။ ဆလိမ်ဟာ စလုံးအပေါင်း ဟ ဖြစ်ပါတယ်။ တနည်းအားဖြင့် စလုံးဟထိုးလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ဆလိမ်အသံရွတ်တဲ့အခါ လေထွက်အောင် ရွတ်ရပါတယ်။ စလုံးအသံထွက်ရင် လေမထွက်ရပါဘူး။ အီလီနွိုင်းတက္ကသိုလ် အငြိမ်းစားမြန်မာစာပါမောက္ခဆရာကြီးဦးစောထွန်းက စလုံးနဲ့ ဆလိမ် အသံကွဲအောင် မထွက်တတ်ရင် စက္ကူပါးပါးပျော့ပျော့လေးကို ပါးစပ်ရှေ့မှာ ထောင်ပြီးရွတ်ဆိုကြည့်ပါလို့ အကြံပေးပါတယ်။ ဆလိမ်ရွတ်ဆိုတဲ့အခါ စက္ကူလေးလှုပ်အောင် ရွတ်ရပါတယ်။
ဂငယ်နဲ့ဃကြီး၊ ဇကွဲနဲ့စျမျဉ်းဆွဲ၊ ဒဒွေးနဲ့ဓအောက်ချိုင့်၊ ဗထက်ချိုင့်နဲ့ဘကုန်းတို့ကိုတော့ မြန်မာတွေက အသံတူပဲ ရွတ်ဆိုလေ့ရှိပါတယ်။ ပါဠိပညာရှင်များကတော့ အသံကွဲအောင်ရွတ်ဆိုကြပါတယ်။ မြန်မာစာမှာတော့ အဲဒီစကားလုံးတွေမှာ အနက်မရှိတဲ့အတွက် အသံကွဲအောင် မရွတ်ဆိုတာကလည်း ပြဿနာမဟုတ်တော့ပါဘူး။ အဲဒါကြောင့်ပဲ လွယ်လွယ်ရွတ်ဆိုကြတဲ့သဘော ရှိပါတယ်။
"ဟ" ရဲ့ကျေးဇူးကဒါပဲလားဆိုတော့ မကသေးပါဘူး။ သုဒ္ဓနဲ့ကာရိုက်ဆိုတဲ့ ပြုခြင်းနဲ့ ဖြစ်ခြင်းခွဲခြားတဲ့နေရာမှာလည်း "ဟ" ဟာ အဓိကဇာတ်ကောင်ဖြစ်ပါတယ်။ ကာရိုက်ကြိယာအားလုံးမှာ "ဟ" ဟာ တနည်းနည်းနဲ့ ပါကိုပါဝင်ပါတယ်။ ဒုတိယပိုင်းဆောင်းပါးမှာ အဲဒီအကြောင်းကို ဆက်ပါမယ်။