ရုံးမှာ အခိုင်းအစေလို အပိုအလုပ်တွေ အခိုင်းခံရတတ်တာကို အမျိုးသမီးတွေ ဆန့်ကျင် တုံ့ပြန်လာကြ

    • ရေးသားသူ, ဆွမ်မီနေသန် နက်တာရာဂျန်
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတစ်လွှားအသံလွှင့်ဌာန

"အမျိုးသမီးတစ်ယောက်အနေနဲ့ ကျေးဇူးအတင်မခံရတဲ့ ရာထူးတိုးဖို့ထဲမှာ ထည့်မတွက်ထားတဲ့အလုပ်တွေ လုပ်ပေးနေရတာ အကျင့်ဖြစ်နေပါပြီ"

တစ်ခါတလေများဆို ကိုယ့်ကိုယ်ကိုယ် အမေကြီးလိုလို၊ အသုံးမကျတဲ့ ဇနီးမယား တစ်ယောက်လိုလိုတောင် ခံစားမိတယ် လို့ အာဂျင်တီးနားနိုင်ငံက မာရီယာက အလုပ်ခွင်က သူ့ရဲ့ အခန်းကဏ္ဍကို ပုံဖော်ပြခဲ့ပါတယ်။ နာမည်အရင်းအစား မာရီယာ လို့ နာမည်လွှဲသုံး ဖော်ပြပေးဖို့ သူက ပြောထားပါတယ်။

အသက် ၃၀ အရွယ် မာရီယာဟာ ဆယ်ကျော်သက်အရွယ်ကတည်းက စပြီး အလုပ်လုပ်ခဲ့တာပါ။ ၁၉ နှစ်အရွယ်မှာ နိုင်ငံရေးသမားတစ်ဦးရဲ့ လက်ထောက်အကူ အလုပ် ရခဲ့ပါတယ်။ အဲဒီအလုပ်ခေါ်တုန်းက အလုပ်ရဲ့ သတ်မှတ်ချက်တွေထဲမှာ ရုံးကိစ္စ စီမံခန့်ခွဲတာတွေ၊ ရက်ချိန်းစီစဉ်ပေးတာတွေ၊ ဖုန်းဖြေတာတွေ လုပ်ရမယ်လို့ ပါရှိဖော်ပြထားပါတယ်။

ဒါပေမဲ့ ရာထူးတက်ခဲ့တာတောင် ဒီကနေ့ဒီအချိန်ထိ တကယ်တမ်း သူ့ရဲ့ နေ့စဉ်လုပ်ရတဲ့ အလုပ်တွေထဲမှာ ကော်ဖီဖျော်ပေးရတာ၊ ထမင်းဟင်း နွှေးပေးရတာ၊ အထက်အရာရှိကို ထမင်းဟင်းပြင်ပေးရတာ၊ စားပြီးသား ပန်းကန်တွေ ခွက်တွေ ဆေးပေးရတာတွေ ပါနေတုန်းပါပဲ။

"ကျွန်မ အထက်အရာရှိက သူ့မိန်းမမွေးနေ့မှာ အလုပ်များနေလို့ဆိုပြီး သူ့မိန်းမအတွက် ကျွန်မကို ပန်းတောင် ဝယ်ခိုင်းခဲ့သေးတယ်"လို့ မာရီယာက ပြောပြပါတယ်။

ဒါပေမဲ့ ဒီလိုမျိုးကြုံရတာ မာရီယာ တစ်ယောက်တည်း မဟုတ်ပါဘူး။

ဥပမာအားဖြင့် အမေရိကန်နိုင်ငံက အမျိုးသမီးတွေဆိုရင် အလုပ်ခွင်တွေမှာ ရာထူးမတိုးနိုင်တဲ့ အလုပ်မျိုးတွေကို အမျိုးသားတွေထက် ၂ ဆ အခိုင်းခံရလေ့ ရှိတယ်လို့ Pittsburgh တက္ကသိုလ်က စီးပွားရေး ပါမောက္ခလည်းဖြစ် စာရေးဆရာမ တစ်ဦးလည်းဖြစ်တဲ့ လိစ် ဗက်စ်တာလန်းဒ် က ပြောပါတယ်။

၂၀၂၁ ခုနှစ် ကမ္ဘာတဝန်း အလုပ်သမားထုကြီးရဲ့ ၃၉ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပေမဲ့ ခေါင်းဆောင်ပိုင်း ရာထူးနေရာထိ တက်လှမ်းနိုင်တဲ့ အမျိုးသမီးအရေအတွက်က နည်းနည်းလေးပဲ ရှိတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာတစ်ခုက ဆိုပါတယ်။

Forbes မဂ္ဂဇင်းကလည်း ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီး ၅၀၀ အထဲက ၈ ရာခိုင်နှုန်းလောက်ကိုပဲ အမျိုးသမီးတွေက အကြီးအကဲအဖြစ် ဦးဆောင် လုပ်ကိုင်နေကြတယ်လို့ ဖော်ပြပါတယ်။

ကမ္ဘာတဝန်းက အမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေနဲ့ ဒီလိုမျိုး ရာထူးတိုးမခံရဘဲ အလုပ်ခွင်တွေမှာ အိမ်အလုပ်တွေ အခိုင်းခံနေရတာကို ဘယ်လို ငြင်းဆန်ရမလဲဆိုတာအပေါ် အကြံပေးထားချက်တွေကို ဘီဘီစီက မေးမြန်းထားပြီး စုစည်းဖော်ပြထားပါတယ်။

ရုံးခန်း သန့်ရှင်းရေးလုံးဝမလုပ်ဘူးလို့ ငြင်းနိုင်ရေး

ရာထူးတိုးဖို့ထဲ ထည့်မတွက်တဲ့ အဲဒီအပိုအလုပ် တချို့ဟာ အတော်လေးကို သိက္ခာကျစရာ အလုပ်တွေ ဖြစ်တယ်လို့ နိုင်ဂျီးရီးယားနိုင်ငံက ရာဖက် ဆာလာမီ က ပြောပါတယ်။

"ကျွန်မရဲ့ ပထမဆုံးအလုပ်ဖြစ်တဲ့ သတင်းထောက်အလုပ် စလုပ်တုန်းကဆိုရင် ကျွန်မမှာ တက်ကြွစိတ်တွေ အပြည့်နဲ့ပေါ့။ ကမ္ဘာကြီးကို ကျွန်မက ပြောင်းလဲပစ်နိုင်မယ်လို့ ထင်ထားခဲ့တာလေ။ ဒါပေမဲ့ ကျွန်မအလုပ်က အလုပ်ခုံတွေကို ဖုန်သုတ်၊ သန့်ရှင်းရေး လုပ်တာနဲ့ စခဲ့ရတယ်။"

ရာဖက်ဟာ Voice of Nigeria သတင်းဌာနရဲ့ အဘူဂျာမြို့အခြေစိုက် အသံလွှင့်ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ အဲဒီ အစိုးရအလုပ် မရခင် ပုဂ္ဂလိက ကုမ္ပဏီ အတော်များများမှာ သူအလုပ်လုပ်ခဲ့စဉ်တုန်းကတော့ လုပ်သင့်လုပ်ထိုက်တာထက် အပိုအလုပ်တွေ လုပ်ပေးရမယ် ဆိုတာမျိုးကို မျှော်လင့်ထားခဲ့ပါတယ်လို့ သူက ပြောပါတယ်။

ရာဖက်ရဲ့ အတွေ့အကြုံကို ပြောရမယ်ဆိုရင် အဲဒီရုံးမှာ ရှိတဲ့ အမျိုးသမီး သတင်းထောက် နှစ်ဦးမှာ သူက အငယ်ဆုံး ဖြစ်ပြီး ရုံးခန်း သန့်ရှင်းသပ်ရပ်နေအောင် လုပ်ဖို့ သူ တာဝန်ပေးခံခဲ့ရပါတယ်။

"ရုံးမသွားခင် ကျွန်မက အိမ်ကို သန့်ရှင်းရေးလုပ်လေ့ရှိတယ်။ ရုံးရောက်လို့ ကျွန်မကို တွေ့ပြီဆိုတာနဲ့ ပထမဆုံး ဘာခိုင်းကြလေ့ရှိလဲ သိလား။ ရုံးခန်းကို သန့်ရှင်းရေး လုပ်ခိုင်းတာလေ"ဒါပေမဲ့ ရာဖက်ကတော့ သူ့အလုပ်ရှင်တွေကို ရုံးခန်းကို သန့်သန့်ရှင်းရှင်းထားကြဖို့ ပြန်ခံပြောလေ့ ရှိတယ်လို့ ဆိုပါတယ်။

"သူတို့ခိုင်းတာကို ဘာဖြစ်လို့ လုပ်ရမှာလဲ။ လုံးဝ မလုပ်ဘူးလို့ စိတ်ထဲမှာ တွေးမိတယ်။ မလုပ်ဘဲ နေပြတယ်။ ဘာ့ကြောင့် မလုပ်သလဲဆိုတာကို သူတို့က နားမလည်နိုင်ကြဘူး"သူ့ရဲ့ တုံ့ပြန်ချက်ကို လုပ်ဖော်ကိုင်ဖက်တွေက စိတ်ဆိုးကြတယ်လို့ ရာဖက်က ပြောပါတယ်။ ဒီ့နောက်မှာ အဲဒီအလုပ်ကနေ သူထွက်ခဲ့ပါတယ်။

"တကယ်လို့ အမျိုးသမီးတစ်ယောက်က အလုပ်တချို့ လုပ်ဖို့ ငြင်းခဲ့မယ် ဆိုပါတော့၊ ဒါဆိုရင် ဒီအမျိုးသမီးဟာ အတော်မောက်မာတာပဲ၊ ဒါ့ကြောင့် ယောက်ျား မရတာ ဆိုပြီး လူတွေက ပြောလေ့ရှိတယ်"လို့ ရာဖက်က ပြောပြပါတယ်။

"အမျိုးသမီးတွေက အိမ်မှာဆို ကိုယ့်ခင်ပွန်း၊ သားသမီးတွေကို ပြုစုစောင့်ရှောက်ကြတယ် ဆိုတော့ အလုပ်ရောက်ရင်လည်း အမျိုးသား လုပ်ဖော်ကိုင်ဖက်တွေကို ပြုစုစောင့်ရှောက်ဖို့ လူတိုင်းက မျှော်လင့်ကြတယ်။ ရိုင်းတယ်လို့ အပြောမခံချင်တော့ အမျိုးသမီးတွေက လုပ်ပေးလိုက်တတ်ကြတယ်" လို့ သူက ပြောပါတယ်။

လူမှုရေးကန့်သတ်မှုတချို့အရ ကျား-မ သီးသန့် ခွဲခြားဆက်ဆံတတ်တဲ့ အလုပ်ခွင်ကနေ လွတ်နိုင်ဖို့က ခက်လှကြောင်း၊ ဒါ့ကြောင့် အလုပ်မှာ ကော်ဖီဖျော်ပေးတာ၊ စားစရာနွှေးပေးတာတွေကို မလုပ်ချင်ဘဲ သူလုပ်ပေးလိုက်ရတယ်လို့ ရာဖက်က ပြောပြပါတယ်။

ဒါပေမဲ့ အလုပ်ခွင်မှာ ဒီလိုအလုပ်မျိုးကို မလုပ်ဘူးဆိုပြီး ငြင်းဖို့က အရမ်းကို အရေးကြီးတယ်လို့ ဆိုပါတယ်။ သူက အခုဆိုရင် အဲဒီလိုပဲ ငြင်းလိုက်တယ်လို့ ရာဖက် က ပြောပါတယ်။

"ကျွန်မကတော့ ခပ်ပြတ်ပြတ်ပဲ။ ကျွန်မကိုယ်ကျွန်မ ရှေ့တန်းတင်တယ်။ ကျွန်မစိတ်ထဲမှာ ရှိတဲ့အတိုင်း ထုတ်ပြောတယ်။ ဒါကို သူတို့ သိတော့ လေးစားကြတယ်။"

လက်ဖက်ရည်၊ ကော်ဖီ ဖျော်ပေးရတဲ့အလုပ်

ဂျပန်နိုင်ငံက နာနာ ဝါတာရီကလည်း ရာဖက်ရဲ့ အတွေ့အကြုံကို ခံစားနားလည်နိုင်ပါတယ်။

ကျွန်မအမေက အစားအသောက်ကုမ္ပဏီကြီးတစ်ခုရဲ့ ရုံးမှာ အလုပ်လုပ်ဖူးပါတယ်။ "သူအလုပ်လုပ်တဲ့အချိန်တုန်းက အမျိုးသားဝန်ထမ်းတွေက အမျိုးသမီးဝန်ထမ်းတွေကို လက်ဖက်ရည်၊ ကော်ဖီ ဖျော်ခိုင်းလေ့ရှိတယ်။ ဒါက လုပ်နေကျ ပုံမှန်အလုပ်ပဲလို့ ယူဆထားကြတာ" လို့ နာနာက ပြောပြပါတယ်။

အဲဒီရုံးမှာ အလုပ်လုပ်တဲ့သူတိုင်းမှာ ကိုယ့်မတ်ခွက် ကိုယ်ရှိကြပြီး ဘယ်မတ်ခွက်က ဘယ်သူ့ဟာလဲ ဆိုတာကို အမျိုးသမီးဝန်ထမ်းတွေ သိထားရမယ်၊ အဲဒီမတ်ခွက်တွေထဲမှာ လက်ဖက်ရည်၊ ကော်ဖီ ဖျော်ပြီး လာပေးဖို့က အမျိုးသမီးဝန်ထမ်းတွေရဲ့ အလုပ်လို့ ယူဆထားခဲ့ကြပါတယ်။

"မနက်ဆိုရင် ကော်ဖီဖျော်တဲ့အလုပ်ကို ကျွန်မ အမေနဲ့ တခြား အမျိုးသမီးဝန်ထမ်းတွေက တစ်လှည့်စီ လုပ်ခဲ့ရပါတယ်။ ဒီအလုပ်က သူတို့အလုပ်ရဲ့ တစိတ်တပိုင်း ဖြစ်လာခဲ့ပါတယ်။ ဒါက မနက်တိုင်း ပထမဆုံး လုပ်ရတဲ့အလုပ်ပါ"

သူ့အမေရဲ့ အတွေ့အကြုံတွေကို ကြားခဲ့ရတဲ့ နာနာဟာ ရာထူးပိုကြီးတဲ့ နေရာကို ရအောင် ကြိုးစားဖို့ ပိုစိတ်အားထက်သန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၀ သူလုပ်ငန်းခွင် စဝင်ခဲ့ချိန်တုန်းက အမျိုးသမီးတွေကို "ဒုတိယတန်းစား နေရာ" မျိုးလောက်မှာပဲ သတ်မှတ်ထားတာကို နာနာ သတိပြုမိခဲ့ပါတယ်။

အမျိုးသားတွေက အရောင်းဌာန၊ စီမံခန့်ခွဲမှုဌာန၊ စျေးကွက်ဌာန စတဲ့ အရေးပါတဲ့ ဌာနတွေမှာ အလုပ်ရကြပြီး အမျိုးသမီးတွေကတော့ ရုံးအကူ၊ စာရေးမ၊ လက်အောက်ခံ ရာထူးလို နေရာမျိုးတွေမှာပဲ အလုပ်ရခဲ့ကြတယ်။

"ကုမ္ပဏီအများစုရဲ့ ညွှန်ကြားရေးမှူး၊ အမှုဆောင်ချုပ် စတဲ့ ထိပ်ပိုင်းနေရာတွေမှာ အမျိုးသမီးတွေ မတွေ့ရတတ်ပါဘူး။"

ဒီတော့ နာနာက ရုံးတွေမှာ ဝင်မလုပ်ဘဲ အလွတ်တန်း ပွဲစီစဉ်သူ၊ အလွတ်တန်း ဘာသာပြန်သူအဖြစ် လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အိမ်ထောင်ပြု ကလေးယူဖို့ထက် သူ့ရဲ့ အလုပ်ပေါ်မှာ ပိုအာရုံစိုက်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့မိခင်လက်ထက်ကထက် စာရင် အခုအခါ အခြေအနေတွေ ပြောင်းလဲ တိုးတက်လာပြီဆိုတာကို သူအသိအမှတ်ပြုပေမဲ့လည်း နောက်ထပ် ပြုပြင်ပြောင်းလဲစရာတွေ လိုနေသေးတယ်လို့ နာနာက ပြောပါတယ်။

ဥပမာအားဖြင့် ဂျပန်အစိုးရက ၁၉၈၆ ခုနှစ်မှာ Equal Employment Opportunity Law လို့ခေါ်တဲ့ တန်းတူညီမျှတဲ့ အလုပ်သမားအခွင့်အရေး ဥပဒေကို အတည်ပြု ချမှတ်ခဲ့ပါတယ်။ အဲဒီဥပဒေအရ အသက်မွေးဝမ်းကြောင်း သင်တန်းပေးမှု၊ အလုပ်ခံစားခွင့်၊ အငြိမ်းစားယူခွင့်နဲ့ အလုပ်က ထုတ်ပယ်မှု စတာတွေမှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာမျိုးတွေကို တားမြစ်ထားပြီး အလုပ်ခန့်တာ၊ အလုပ်ခွဲဝေ လုပ်ခိုင်းတာ၊ ရာထူးတိုးတာ စတာတွေနဲ့ ပတ်သက်လို့ အမျိုးသား၊ အမျိုးသမီး တန်းတူ ဆက်ဆံဖို့ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံရဲ့ လုပ်ငန်းခွင်မှာ ဒီလို ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတဲ့အတွက် နောင်အနာဂတ်မျိုးဆက် အမျိုးသမီးတွေ အနေနဲ့ အလုပ်ဆက်လုပ်မလား၊ မိသားစုကို ပြုစုပျိုးထောင်မလားဆိုတာ ရွေးစရာ လိုတော့မှာ မဟုတ်ဘူးလို့ နာနာက မျှော်လင့်နေပါတယ်။

ကျား-မ တန်းတူညီမျှမှု ကွာဟနေတာကို ညှိဖို့ ရာစုနှစ် နှစ်ခု အချိန်ယူခဲ့ရ

The Global Gender Gap လို့ခေါ်တဲ့ ကမ္ဘာတဝန်း ကျား-မ တန်းတူညီမျှမှုဆိုင်ရာ အစီရင်ခံစာသစ်တစ်ခုထဲမှာ လက်ရှိသွားနေတဲ့ ခြေလှမ်းတွေအရဆိုရင် ကျား-မ အပြည့်အဝ တန်းတူညီမျှနိုင်ဖို့အတွက် နှစ်ပေါင်း ၁၃၂ နှစ်လောက် ကြာလိမ့်ဦးမယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်အဖွဲ့ကြီးရဲ့ အဲဒီ အစီရင်ခံစာထဲမှာ လူနေမှုစရိတ် ကြီးထွားလာနေမှု ပြဿနာကြီးကြောင့် ကျား-မ တန်းတူ မညီမျှမှုကို ပိုဆိုးလာစေမှာ ဖြစ်ပြီး အမျိုးသမီးတွေအပေါ် အများကြီး ပိုထိခိုက်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

တောင်အာရှဒေသနိုင်ငံတွေမှာ ကျား-မ ခွဲခြားမှုက အဆိုးဝါးဆုံးဖြစ်ပြီး တန်းတူညီမျှနိုင်ဖို့ ရာစုနှစ် နှစ်ခု ကြာလိမ့်မယ်လို့ ဆိုပါတယ်။

ကိုဗစ် ၁၉ ရောဂါက ကျား-မ တန်းတူညီမျှမှုကို မျိုးဆက်တစ်ခုစာလောက် နောက်ကျသွားစေခဲ့ပြီး ကျား-မ ခွဲခြားမှု အဆိုးဆုံးဖြစ်တဲ့ တောင်အာရှဒေသမှာ တန်းတူညီမျှမှု ရှိလာစေဖို့ ရာစုနှစ် နှစ်ခုလောက် အချိန်ယူရလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Pittsburgh တက္ကသိုလ်က စီးပွားရေးပါမောက္ခ လိစ် ဗက်စတာလန်းဒ်ကတော့ တကယ်လို့ အမျိုးသမီးတွေအနေနဲ့ အလုပ်ခွင်မှာ အမျိုးသားတွေ ခိုင်းသမျှ အပိုအလုပ်တွေ ဆက်လုပ်ပေးနေဦးမယ်ဆိုရင် ဒီကျား-မ ကွာခြားမှုက နောက်ထပ်ပိုကြာနိုင်တယ်လို့ ဆိုပါတယ်။

"The No Club: Putting a Stop to Women's Dead-End Work" "ခိုင်းတိုင်းမလုပ်တဲ့အဖွဲ့- အမျိုးသမီးတွေကို အရေးမပါတဲ့အလုပ်တွေ ခိုင်းနေမှု အဆုံးသတ်စေရေး" လို့ အမည်ပေးထားတဲ့ စာအုပ်ကို လိစ် ဗက်စတာလန်းဒ်က သူ့သူငယ်ချင်း ၃ ယောက်နဲ့ အတူပေါင်းပြီး ရေးသား ထုတ်ဝေခဲ့ပါတယ်။

"ရာထူးမတိုးနိုင်တဲ့ အပိုအလုပ်မျိုးတွေ အများကြီး လုပ်နေရတယ်ဆိုရင် ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ မသုံးနိုင်တဲ့အတွက် စိတ်ဓာတ်တွေ ကျလာမယ်၊ အားအင်ကုန်ခမ်း၊ ပင်ပန်းနွယ်နယ်လာပါလိမ့်မယ်"လို့ သူက ပြောပါတယ်။

"အလုပ်ခွင်မှာ လုပ်ရတဲ့ အိမ်အလုပ်"ဆိုတာနဲ့ ပတ်သက်လို့ လက်တင်အမေရိကဒေသက အမျိုးသမီးတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ဘီဘီစီ မွန်ဒိုဌာနကို အခုလို ပြောပြခဲ့ကြပါတယ်။

အီးဒစ်သ်(မက္ကဆီကိုနိုင်ငံ)"ကျွန်မရဲ့ ဌာနမန်နေဂျာက သူ့လိုင်စင်သက်တမ်းတိုးဖို့ အပွိုင့်မန့် ရက်ချိန်းကို ကျွန်မကို လုပ်ခိုင်းတယ်၊ ကျွန်မက HR ကို လှမ်းတိုင်တယ်၊ ဒါပေမဲ့ ကျွန်မက အထက်အရာရှိရဲ့ လုပ်ပိုင်ခွင့်အာဏာကို လေးစားလိုက်နာရကောင်းမှန်းမသိဘူး၊ အုပ်စုအဖွဲ့ထဲမှာ အလုပ်အတူတွဲ မလုပ်တတ်ဘူးလို့ ကုမ္ပဏီက ပြောတယ်"

ဂေဘရီယယ်လား (အာဂျင်တီးနားနိုင်ငံ) "ဥပဒေအကျိုးဆောင်ကုမ္ပဏီ အတော်များများမှာ ရုံးစာရေး၊ရုံးအကူ အမျိုးသမီးတွေဟာ လစာက မဖြစ်စလောက် နည်းနည်းလေးပဲ ရပြီး ရုံးအလုပ်နဲ့ မဆိုင်တဲ့ ကော်ဖီဖျော်တာ၊ နေ့လယ်စာ ထွက်ဝယ်တာ၊ စားပြီးသား ပန်းကန်တွေ ဆေးတာ၊ အစည်းအဝေး စားပွဲသိမ်းပေးရတာတွေ လုပ်ရလေ့ ရှိတယ်။"

ဆေလ်ဗီယာ (အမည်လွှဲ) (ချီလီနိုင်ငံ)"ကျွန်မက ပုလင်းထုတ်လုပ်တဲ့ နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုမှာ ကျွန်မ အလုပ်လုပ်တုန်းက တစ်နေ့မှာ မန်နေဂျာက ကိတ်မုန့်အတူစားဖို့ ကျွန်မတို့ကို ခေါ်တယ်၊ အဲဒီအချိန်တုန်းက ဝန်ထမ်းအရေအတွက်ဟာ အမျိုးသမီး ၄ ဦးဆိုရင် အမျိုးသားက ၁ ဦး နှုန်းရှိခဲ့တယ်၊ အဲဒီမှာ မန်နေဂျာက ကျွန်မဘက်လှည့်ပြီး ကျွန်မကို ကိတ်မုန့်ခွဲ၊ လူတွေကို လိုက်ဝေပေးစမ်းလို့ ခိုင်းတယ်၊ ကျွန်မဘာမှတောင် မပြောနိုင်ဘဲ မှင်သက်သလို ဖြစ်သွားမိတယ်"

မလုပ်နိုင်ဘူး ဆိုတာကို ဘယ်လိုနည်းနဲ့ ပြန်ပြောမလဲ

အထက်အရာရှိအတွက် ရုံးမှာ အိမ်အလုပ်တွေ အများကြီး လုပ်ပေးခဲ့ရတယ်ဆိုတဲ့ အာဂျင်တီးနားက ရုံးစာရေးမ မာရီယာကတော့ သူ့အနေအထားက မျက်နှာပျက်စရာကောင်းတယ်လို့ ပြောပြပါတယ်။

"ကျွန်မနဲ့ အထက်အရာရှိက သိကျွမ်းလာတာ အတော်ကြာခဲ့ပြီ၊ အခုဆိုရင် သူ့နဲ့ ဆက်ဆံရေးက အဖေနဲ့ သမီးလိုတောင် ဖြစ်နေပြီ၊ သူ့နဲ့ ထိပ်တိုက်ရင်ဆိုင်တာမျိုး မလုပ်ဘဲ ယဉ်ယဉ်ကျေးကျေး ငြင်းနိုင်ရဲ့သားနဲ့ ဘယ်တော့မှ မငြင်းမိခဲ့ဖူးဘူး၊ ဘာ့ကြောင့်မှန်း မသိဘူး။"

"ကျွန်မရဲ့ ပညာအရည်အချင်းက ဒီအလုပ်ထက် ပိုသာတယ်ဆိုတာကို ကျွန်မသိပါတယ်၊ ဘာ့ကြောင့် ဒီအလုပ်ကို လုပ်နေတာလဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မကြာခဏ မေးလေ့ရှိပါတယ်။"

အပိုအလုပ် လာခိုင်းရင် မလုပ်နိုင်ဘူးလို့ ငြင်းပစ်လိုက်ဖို့က သိပ်မလွယ်ဆိုတာကို လိစ်က ဝန်ခံပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေအနေနဲ့ ပြေပြေလည်လည် ပြောဖို့ သူက အကြံပြုပါတယ်။

"သူတို့လာခိုင်းရင် ဟုတ်ကဲ့ပါ လို့ ပြောပြီး လုပ်ပေးမယ့်အစား ကျွန်မမှာ လုပ်စရာတွေ ရှိနေတယ်၊ တကယ်လို့ ရှင်တို့ခိုင်းတာကို လုပ်နေရင် ဒီအလုပ်က အချိန်မီပြီးနိုင်မှာ မဟုတ်ဘူး စသဖြင့် ပြေပြေလည်လည် ပြန်ပြောနိုင်ပါတယ်။"

" ရုံးအလုပ်ကို အကြောင်းပြတာက အကောင်းဆုံးနည်းပါ။ ဘာ့ကြောင့်လဲ ဆိုတော့ ရုံးအလုပ်က ကုမ္ပဏီအဖွဲ့အစည်းကြီးတစ်ခုလုံးကို ထိခိုက်နိုင်တာကြောင့်ပါ။"

ဒီအပိုအလုပ်တွေကြောင့် တကယ့်ရုံးအလုပ်ကို ထိခိုက်လာနိုင်တယ်ဆိုတာကို မန်နေဂျာတွေ သဘောပေါက်လာတဲ့ အချိန်မှသာ အပြောင်းအလဲတွေ ဖြစ်လာနိုင်မယ်လို့ သူက ပြောပါတယ်။

လက်ရှိအလုပ်ကနေ ထွက်နိုင်အောင် ပါရဂူဘွဲ့ ယူဖို့ ကြိုးစားနေတဲ့ မာရီယာက နောက်အလုပ်တွေကျရင် အပိုအလုပ်တွေ လာခိုင်းရင် ငြင်းပစ်မယ်လို့ သန္နိဋ္ဌာန် ချထားပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံက ရာဖက်ကတော့ လူမှုယဉ်ကျေးမှု အခြေအနေတချို့အရ အမျိုးသမီးတွေအနေနဲ့ ပြေပြေလည်လည် ပြောတာမျိုးက လူးသာလွန့်သာ ရှိတတ်ပေမဲ့လည်း ခပ်ပြတ်ပြတ် ငြင်းဆန်လိုက်တာမျိုးက အလုပ်ဖြစ်တယ်ဆိုတာကို သူလက်ခံတယ်လို့ ဘီဘီစီကို ပြောပါတယ်။ ပရဟိတ နယ်ပယ်မှာ သူအလုပ်လုပ်ခဲ့တုန်းက ဖြစ်ပျက်ခဲ့တဲ့ ဥပမာတစ်ခုကို သူက ပြောပြပါတယ်။

"အစည်းအဝေးတစ်ခု တက်တုန်းကဆို အမျိုးသမီးဆိုလို့ ကျွန်မတစ်ယောက်ပဲ ပါပါတယ်၊ အဲဒီထဲမှာ ကျွန်မက အလုပ်အတွေ့အကြုံအများဆုံးသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မကို အစည်းအဝေး မှတ်တမ်း လိုက်မှတ်ခိုင်းပါတယ်။ ကျွန်မက သူတို့ကို ကြည့်ပြီး ပြောလိုက်ပါတယ်။ မှတ်တမ်းလိုက်မှတ်ဖို့ စာရေးမတစ်ယောက် ရှာပေါ့ လို့။ ဒီတော့ သူတို့ ဘာလုပ်သလဲ သိလား။ စာရေးမ တစ်ယောက် ရှာခန့်ခဲ့ကြပါတယ်။"