ယူကရိန်းစစ်ပွဲ- လူဟန့်စ်ခ်မြို့ကျပြီးနောက်ပိုင်း ပူတင်ရဲ့ အစီအစဉ်က ဘာလဲ

ရုရှားက ရှေ့ကိုတစ်လှမ်းတိုးရင် ယူကရိန်းကလည်း နောက်ကိုတစ်လှမ်း ပြန်ဆုတ်နေရတဲ့ အခြေအနေဖြစ်နေပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ လစ်ဆစ်ချန့်မြို့ဟာ ခန့်မှန်းထားတဲ့အတိုင်း အခုအချိန် ရုရှားတပ်တွေလက်ထဲကို လုံးလုံးကျသွားပြီး ယူကရိန်းတပ်တွေ မြို့ထဲကနေ မဟာဗျူဟာမြောက် ပြန်ဆုတ်ပေးနေရတယ်လို့ လစ်ဆစ်ချန့် အုပ်ချုပ်ရေးမှူး အပြောအရသိရပါတယ်။

'' လတ်တလောမှာက ရုရှားတပ်တွေဘက်မှာ အမြောက်တွေနဲ့ လက်နက်အင်အား အများကြီး အားသာမှုရှိတယ်။ သူတို့က အဝေးကနေတောင် ဖျက်ဆီးတိုက်ခိုက် နိုင်တာတွေလုပ်နေတာဆိုတော့ အဲ့ဒီမှာ ဘယ်လိုမှဆက်နေလို့ မရတော့ဘူး''လို့ လစ်ဆစ်ချန့် အုပ်ချုပ်ရေးမှူး ဆာဟီဟိုင်ဒီက ပြောပါတယ်။

လစ်ဆစ်ချန့်မြို့ ကို ရုရှားတပ်တွေ သိမ်းပိုက်နိုင်လိုက်တဲ့ ပုံတွေကို ရုရှားတွေ အသုံးပြုတဲ့အကောင့်တွေမှာ တွေ့ရပါတယ်။ တနင်္ဂနွေနေ့က လူမှုကွန်ရက်မီယာမှာ တင်ထားတဲ့ ဗီဒီယိုတွေထဲမှာလည်း ချေချင်း တိုက်ခိုက်ရေးသမားတွေ အလယ်ပိုင်းခရိင်တွေမှာ အောင်ပွဲခံကခုန်နေတာကို တွေ့ရပါတယ်။

သူတို့ အောင်ပွဲခံမယ်ဆိုလည်း ခံနိုင်ပါတယ်။ လစ်ဆစ်ချန့်မြို့ ကို သိမ်းပိုက်နိုင်လိုက်တာဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားသမ္မတပူတင်အတွက် အရေးပါပြီး၊ အခြေခံအားဖြင့် အဓိကဗျူဟာကျတဲ့ လူဟန့်စ်ဒေသ တစ်ခုလုံးကိုတောင် သိမ်းယူသွားနိုင်ပြီလို့ ပြောနိုင်ပါတယ်။

အဲ့ဒီအခြေအနေကနေ ဒွန်ဘာ့စ်တိုက်ပွဲတင်မက စစ်ပွဲကြီးတစ်ခုလုံးအနေနဲ့ဆိုရင်ရော ဘာဆက်ဖြစ်လာနိုင်သလဲ။ ယူကရိန်းတွေမြင်တဲ့ ရှုထောင့်အမြင်ကနေ စကြည့်ရအောင်ပါ။ သူတို့အတွက် အရေးကြီးတာက မာရီယူလ်ပိုးလ်မှာကြုံခဲ့သလိုမျိုး ပတ်ပတ်လည် အ၀ိုင်းခံရတဲ့အဖြစ်မျိုးကို ရှောင်ရှားနိုင်ဖို့ပါ။

တောင်ပိုင်းဆိပ်ကမ်းမြို့ မာရီယူပိုးလ် ခုခံကာကွယ်မှု တိုက်ပွဲတုန်းက ရုရှားတပ်တွေရှေ့မတိုးလာအောင် ရက်သတ္တပတ်များစွာ တားဆီးနိုင်ခဲ့ပေမယ့် နောက်ဆုံးရလဒ်က ယူကရိန်းစစ်တပ်က စွမ်းရည်အရှိဆုံး စစ်သားထောင် ပေါင်းများစွာ သတ်ဖြတ်ခံရတာ သို့မဟုတ် ဖမ်းဆီးခံရတာတွေကြုံခဲ့ရပါတယ်။

ယူကရိန်းက အဲ့လိုမျိုး အသေအပျောက်များတဲ့ ဆုံးရှုံးမှုတွေ ထပ်မဖြစ်လာအောင် ရှောင်ချင်နေတာပါ။

သမ္မတ ဇာလန်စကီးက ညပိုင်းထုတ်လွှင့်တဲ့ သူ့ မိန့်ခွန်းထဲမှာလည်း အခုလို ပြောကြားခဲ့ပါတယ်။ "မြို့ရိုးတွေ ပြန်ဆောက်မယ်၊မြေတွေပြန်ယူရမယ်၊ ဒါပေမယ့် တခြားအရာတွေထက် လူတွေမဆုံးရဖို့ ကပိုအရေးကြီးတယ်" လို့ ပြောပါတယ်။

ဆာဟီဟိုင်ဒီကလည်း အဲ့ဒီအချက်အတိုင်းပဲ ထပ်ပြောပါတယ်။ "ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ ပိုပြီးအကာအကွယ်ကောင်းတဲ့နေရာကို ဆုတ်ထားပြီးပြီ... လူဟန့်စ်ကို ငါးလကြာကာကွယ်နိုင်ခဲ့တယ်။ အဲ့ဒီလို ကာကွယ်နေတဲ့ အချိန် ဒွန်ညက်စ်ဒေသမှာ ခံတပ်အသစ်တွေ တည်ဆောက်ခဲ့တယ်။အခု ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ အဲ့ဒီနေရာကို ရောက်နေပါပြီ။"

လူဟန့်စ် ကျသွားပြီး နာရီအနည်းငယ်အကြာမှာ သမ္မတအကြံပေး အိုလက်ဆီ အရက်စ်တိုဗစ်က လစ်ဆစ်ချန့်နဲ့ ဆက်ဗရာဒွန်နက်စ်ကာကွယ်ရေးကို "အောင်မြင်တဲ့ စစ်ရေးစစ်ဆင်ရေး" လို့တောင် ပြောခဲ့ပါတယ်။

ရုရှားအလံကို မြို့နှစ်မြို့လုံးမှာ လွှင့်တင်နေပြီဖြစ်တာကြောင့် အပေါ်ကပြောတဲ့ သူ့ အယူအဆက အနည်းငယ် လွဲနေပါတယ်။ ဒါပေမယ့် သူပြောတဲ့ အချက်က သူတို့က ကစားပွဲအရှည်ကြီးကို ကစားနေရတာဖြစ်လို့ တန်ဖိုးကြီးတဲ့ အချိန်ကို ဆွဲနေတယ်ဆိုတာပါပဲ။

ဒီ ယုတ္တိဗေဒကို နားလည်နိုင်ဖို့ ယူကရိန်းရဲ့ ခုခံတိုက်ခိုက်မှုမှာ အနောက်တိုင်းက အကူအညီပေးတဲ့ လက်နက်တွေရဲ့ အရေးပါမှုကို နားလည်ဖို့လိုအပ်ပါတယ်။

အတိုချုပ်ပြောရရင် နေတိုးထောက်ပံ့မှုမရှိရင် ယူကရိန်းဟာ လက်ရှိအနေအထား ထက်တောင် ပိုဒုက္ခရောက်သွားဖို့ ရှိပါတယ်။

ရုရှားရဲ့ ရှေ့တိုးတိုက်ခိုက်သိမ်းပိုက်မှုကို အချိန်ကြာကြာတားဆီးနိုင်လေ ပိုအဆင့် မြင့်တဲ့ ဒုံးပျံတွေနဲ့ အမြောက်စနစ်တွေရဲ့ အရောက်ကိုစောင့်ပြီး စစ်ပွဲထဲမှာ အသုံးပြု တိုက်ခိုက်လာနိုင်လေ ဖြစ်မှာပါ။

အမေရိကန်ကပေးတဲ့ ဟိုင်းမာ့စ်ဒုံးစနစ်က စစ်ပွဲပဋိပက္ခရဲ့ ချိန်ခွင်လျှာကို အများကြီး ပြောင်းလဲစေနိုင်တယ်လို့ ပြောနေကြပါတယ်။

အချိန်ပိုရရင် ထောက်ပံ့ရေးပစ္စည်းတွေ ပိုရလာမှာဖြစ်ပြီး အထူးသဖြင့် ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားအသုံးပြုနေတဲ့ အကြီးစားစစ်လက်နက် ပစ္စည်းတွေ၊ ခဲယမ်းမီးကျောက်တွေ အစားထိုးဖို့ကိစ္စလဲ အခက်အခဲတွေ ဖြစ်လာမှာပါ။

ဒီတစ်ခါတော့ ရုရှားဘက်က မြင်တဲ့ အမြင်ကို ကြည့်ကြရအာင်ပါ။ သူတို့ ရည်ရွယ်ချက်က ဒွန်ဘာ့စ်"လွတ်မြောက်ရေး" လို့ဆိုပါတယ်။ လူဟန့်စ်ကို သိမ်းပိုက်နိုင်လိုက်တာက သူတို့ရည်ရွယ်ချက်ရောက်ဖို့ ခြေတလှမ်း ပိုနီးကပ်လာတာလို့ ပြောနိုင်ပါတယ်။

တကယ်လည်း ရုရှားဖက်ဒရေးရှင်းရဲ့ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်တဲ့ "ရုရှားသူရဲကောင်း" ဆုကို သမ္မတပူတင်က အဲ့ဒီတိုက်ပွဲ၀င်ခဲ့တဲ့ တပ်မှူးတွေကို ပေးနေတာကိုကြည့်ရင် ဒီမြို့သိမ်းပိုက်နိုင်မှုရဲ့ အရေးပါမှုကို မီးမောင်း ထိုးပြ သလိုဖြစ်နေပါတယ်။

ဒါပေမယ့် သူတို့ရဲ့နောက်အစီအစဉ်က ဘာဖြစ်လာမလဲ။ အထူးသဖြင့် လတ်တလောမှာ အမြောက်တွေနဲ့ပစ်ခံနေရတဲ့ ဆလိုဗိရန့်စ်ခ်နဲ့ ကရာမာတော့စ်ရဲ့ အခြေအနေကိုကြည့်ရင် ဒွန်ဘာ့စ်ဒေသက လက်ကျန်နယ်မြေတွေကိုသိမ်းဖို့ ကိစ္စ ကြိမ်းသေပေါက်နီးပါး ဖြစ်လာဖို့ရှိပါတယ်။

ဆလိုဗန့်စ်ခ်မြို့ဟာ ၂၀၁၄ ခုနှစ်တုန်းက ပထမဆုံး အုံကြွမှုဖြစ်ခဲ့တဲ့ နေရာဖြစ်သလို ခွဲထွက်ရေးလှုပ်ရှားမှုအတွက် အရမ်းအရေးကြီးတဲ့နေရာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်မှာတော့ ရုရှားမှာ ဒီ့ထက် ပိုကျယ်ပြန့်တဲ့ မဟာဗျူဟာ ဘာရှိနေလဲဆိုတာကတော့ မရှင်းလင်းပါဘူး။ အဓိကကတော့ ဒွန်ဘာ့စ်ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ရင် အဲဒီအချိန် ရုရှားတပ်ဖွဲ့တွေရဲ့ အင်အားအခြေအနေအပေါ် အများကြီးမူတည်နေပါတယ်။

သမ္မတပူတင်ကလည်း အဲ့ဒီအချက်ကို ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ " လူဟန့်စ်တိုက်ပွဲမှာ ၀င်တိုက်ပြီး အောင်မြင်မှုနဲ့ အောင်ပွဲတွေရရှိခဲ့တဲ့ တပ်တွေက သေသေချာချာ အနားယူရမှာဖြစ်ပြီး သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည် တိုးမြှင့်သင့်တယ်" လို့ ဒီနေ့ ပြောခဲ့ပါတယ်။

တကယ်လို့ သူတို့ကထိုးစစ်ကို အရှိန်အဟုန်နဲ့ ဆက်လုပ်မယ်ဆိုရင် ဒီနီပရိုမြို့ကြီး အပါအ၀င် ယူကရိန်းတောင်ဘက်တစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ တွန်းအားတွေ ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် လေ့လာသူအများစု ခန့်မှန်းထားသလို သူတို့တပ်တွေ လက်ပန်းကျနေမယ်ဆိုရင်တော့ ပူတင်အရိပ်အမြွက်ပြောထားသလို သူတို့ရဲ့ "အထူးစစ် ရေးစစ်ဆင်ရေး" ကို အဆုံးသတ်ကြောင်း စစ်ပွဲတစ်ခုလုံးကို ရုရှားက စကားလုံး လှလှသုံးသလိုမျိုး ကြေညာလိမ့်မယ်ဆိုတာလည်း ဖြစ်တန်ခြေရှိပါတယ်။

ယူကရိန်းကို နိုင်ငံတကာ ပံ့ပိုးကူညီမှုကနေ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးက ဖြစ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ရှိလာနိုင်ပေမယ့် အချို့နိုင်ငံ တွေနဲ့အတူ ပြင်သစ်နဲ့ ဂျာမနီတို့က ငြိမ်းချမ်းရေးအတွက် တွန်းအားပေးနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ယူကရိန်းဘက်က ဆက်တိုက်မယ်ဆိုတာ သေချာနေပေမယ့်လည်း လက်နက်အကူအညီတွေပုံမှန်မရဘဲ ဆက်တိုက်မယ်ဆိုရင် ရှေ့တန်း အခြေအနေက ၂၀၁၄ကနေ ၂၀၂၂ ခုနှစ်အတွင်း ပုံစံမျိုးဖြစ်လာနိုင်ပါတယ်။ သူ့အိမ်နီးချင်းနိုင်ငံရဲ့ မငြိမ်သက်မှုနှင့် မတည်မငြိမ်မှုတွေကို ရုရှားက ထိန်းချုပ်ခွင့် ရသွားမှာပါ။

လက်ရှိအချိန်ထိတော့ နှစ်ဖက်စလုံးက သူတို့ အသာစီးရနေတယ်လို့ အခိုင်အမာ ပြောနေကြပါတယ်။

ဒွန်ဘတ်စ်ဒေသထဲမှာ တိုက်ခိုက်ခံရပြီး အခြေအနေမကောင်းတဲ့ ယူကရိန်းတပ်တွေ လတ်တလောမှာ အောင်မြင်မှု ရတာတွေလည်း ရှိနေသလို အဲ့ဒီထဲက သိသာတဲ့ အောင်မြင်မှုကတော့ ပင်လယ်နက်ထဲက မြွေကျွန်းကို ပြန်သိမ်းပိုက်ပြီး အပြာအဝါ နှစ်ရောင်ပါတဲ့ ယူကရိန်းအလံကို ပြန်လွှင့်တင်နိုင်ခဲ့တာပါ။

သေသေချာချာပြောနိုင်တဲ့ တစ်ခုတည်းသောအချက်က ဒီစစ်ပွဲက ချက်ချင်းပြီးဆုံးသွားမှာ မဟုတ်သလို ဒွန်ညက်စ်ဒေသက လူတွေအတွက်လည်း လာမယ့်စစ်ပွဲရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ခံစားရဖို့ရှိနေတယ်ဆိုတာပါ။