ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း-အီးယူထဲ ဝင်နိုင်မလား၊ ရုရှားက ဘယ်လိုတုံ့ပြန်မလဲ
ယူကရိန်းနိုင်ငံဟာ ဥရောပသမဂ္ဂ အီးယူအဖွဲ့ရဲ့ အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် တရားဝင် သတ်မှတ်ခံရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ အဖွဲ့ဝင် ၂၇ နိုင်ငံရှိတဲ့ ဥရောပသမဂ္ဂထဲ ဝင်နိုင်ဖို့ ပထမခြေလှမ်း ဖြစ်ပါတယ်။
ဇွန်လ ၂၃ ရက်နဲ့ ၂၄ ရက်မှာ ကျင်းပမယ့် အီးယူ ထိပ်သီးညီလာခံမှာ အီးယူနိုင်ငံ ခေါင်းဆောင်တွေက ဒါကို ထောက်ခံကြမယ်လို့ ယူဆရပါတယ်။
ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားက ယူကရိန်းအပေါ် စစ်ရေးတိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်လာနိုင်တယ်လို့ ယူကရိန်းသမ္မတက သတိပေးထားပါတယ်။
ဥရောပသမဂ္ဂ အီးယူ ဆိုတာ ဘယ်လို အဖွဲ့မျိုးလဲ
အီးယူဟာ ဥရောပနိုင်ငံပေါင်း ၂၇ နိုင်ငံအကြား စီးပွားရေး၊ နိုင်ငံရေး မဟာမိတ် ပူးပေါင်းထားတဲ့ အဖွဲ့ကြီး ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီးမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့ဝင်နိုင်ငံအချင်းချင်းအကြားမှာ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ငွေကြေး စတာတွေ လွတ်လွတ်လပ်လပ် ကုန်သွယ်စီးဆင်းခွင့် ရှိပါတယ်။ အီးယူ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံသားတွေအနေနဲ့ အဖွဲ့တွင်း ဘယ်နိုင်ငံမှာမဆို နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့် ရှိပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေအကြား တစ်ခုတည်းသော ဥရောပသုံး ငွေကြေးဖြစ်တဲ့ ယူရိုငွေကို အသုံးပြုနိုင်ပြီး အဖွဲ့ဝင် ၂၇ နိုင်ငံအနက် ၁၉ နိုင်ငံရဲ့ လူဦးရေ သန်း ၃၄၀ ကျော်က ယူရိုငွေ သုံးစွဲကြပါတယ်။
အစားအသောက် ဘေးကင်းလုံခြုံမှု၊ လယ်ယာစိုက်ပျိုးမှု၊ အလုပ်သမားရပိုင်ခွင့် စတဲ့ နယ်ပယ်ကိစ္စရပ် အတော်များများနဲ့ ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံတွေအကြား တူညီတဲ့ ဘုံစံချိန် စံနှုန်းတွေ ထားရှိပါတယ်။
ဒါ့အပြင် အဖွဲ့တွင်း ဆင်းရဲတဲ့ နိုင်ငံတွေရဲ့ စီးပွားရေး ပိုခိုင်မာလာစေဖို့အတွက်ကိုလည်း အီးယူအဖွဲ့ကြီးက ထောက်ပံ့ ကူညီပေးလေ့ရှိပါတယ်။
ယူကရိန်းက ဥရောပသမဂ္ဂထဲ ဘာ့ကြောင့် ဝင်ချင်တာလဲ
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်တာကို ခံခဲ့ရအပြီး ၅ ရက်အကြာမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက အီးယူထဲ ယူကရိန်းဝင်ဖို့ စတင်လျှောက်ထားခဲ့ပါတယ်။
အီးယူထဲ ချက်ချင်းဝင်ခွင့်ပြုဖို့ သူက ပန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်ဖြစ်ဖို့ လုပ်ငန်းစဉ်က နှစ်နဲ့ချီ ကြာနိုင်ပါတယ်။
အီးယူအဖွဲ့ဝင် ဖြစ်လာရင် စီးပွားရေး အကျိုးအမြတ် ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အီးယူထဲ ဝင်ဖို့ ယူကရိန်းရဲ့ အဓိက ရည်ရွယ်ချက်က စီးပွားရေးကြောင့် မဟုတ်ဘူးလို့ ဘရပ်ဆဲလ်စ်မြို့အခြေစိုက် ဥရောပပေါ်လစီ လေ့လာရေး ဌာနက ဒေါက်တာ ဇက်ခ် ပိုင်ကင် က ပြောပါတယ်။
"အီးယူ အဖွဲ့ဝင်ဖြစ်လာရင် ယူကရိန်းနိုင်ငံအနေနဲ့ သီးခြားလွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်တဲ့ ဥရောပနိုင်ငံတစ်ခုအဖြစ် အခိုင်အမာ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ရုရှားရဲ့ တစ်စိတ်တပိုင်း အနေအထားမျိုး မဟုတ်တော့ပါဘူး" လို့ သူက ပြောပါတယ်။
အီးယူထဲ ၀င်ဖို့ ဘယ်လို လုပ်ရသလဲ
ပထမဆုံးအနေနဲ့ ဥရောပကော်မရှင် ဆိုတဲ့ အီးယူရဲ့ အရပ်ဘက်အဖွဲ့က အဲဒီနိုင်ငံဟာ အီးယူအဖွဲ့ဝင် ဖြစ်လာဖို့ သင့်တော်တဲ့ နိုင်ငံလားဆိုတာကို သုံးသပ်စစ်ဆေးပါတယ်။
အဲဒီနိုင်ငံမှာ တည်ငြိမ်တဲ့၊ ဒီမိုကရေစီနည်းကျတဲ့ အစိုးရ တစ်ရပ် ရှိသလား၊ လူ့အခွင့်အရေးကို လေးစားလိုက်နာသလား၊ လွတ်လပ်တဲ့ စျေးကွက်စီးပွားရေး ရှိသလား ဆိုတာကို ထည့်သွင်း သုံးသပ်ပါတယ်။
အဲဒီနိုင်ငံ အီးယူအဖွဲ့၀င် ဖြစ်လာဖို့အတွက် လက်ရှိ အီးယူအဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူဖို့ လိုပါတယ်။
တကယ်လို့ အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ပြီ ဆိုရင် ဒီနိုင်ငံအနေနဲ့ အီးယူရဲ့ ဥပဒေနဲ့ စည်းမျဉ်းအားလုံးကို ချမှတ် ကျင့်သုံးရမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ဒီလုပ်ငန်းစဉ်က နှစ်ပေါင်းများစွာ ကြာလေ့ ရှိပါတယ်။
နောက်ဆုံးအဆင့်အနေနဲ့ အဖွဲ့ထဲဝင်ခွင့် စာချုပ်ကို အဲဒီနိုင်ငံက လက်မှတ်ထိုးရမှာ ဖြစ်ပြီး ဒါကို ကျန်တဲ့ အီးယူအဖွဲ့ဝင်နိုင်ငံ အားလုံးက အတည်ပြုဖို့ လိုပါတယ်။
အီးယူထဲဝင်ဖို့ ဘယ်လောက်ကြာသလဲ
အီးယူအဖွဲ့ထဲ မကြာသေးခင်က ဝင်ခဲ့တဲ့ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနဲ့ ခရိုအေးရှား နိုင်ငံတွေဆိုရင် အဖွဲ့ဝင်ဖြစ်ဖို့ လုပ်ငန်းစဉ်တစ်ခုလုံးက ၁၀ နှစ်ကနေ ၁၂ နှစ်ကြား ကြာခဲ့ပါတယ်။
အယ်လ်ဘေးနီးယား၊ မြောက်မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုးနဲ့ ဆားဘီးယား နိုင်ငံတွေဟာ အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် တရားဝင် သတ်မှတ်ခံထားရတာ နှစ်နဲ့ချီ ရှိနေပါပြီ။ ဒါပေမဲ့ သူတို့ရဲ့ ဝင်ခွင့်လျှောက်ထားမှုက ရှေ့မဆက်နိုင်ဘဲ ဆိုင်းငံ့သွားခဲ့ပါတယ်။
တူရကီနိုင်ငံကတော့ ၁၉၉၉ ခုနှစ်မှာ အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ တူရကီအစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းအပေါ် စိုးရိမ်မှုတွေကြောင့် အဖွဲ့ဝင်ဖြစ်လာရေး ဆွေးနွေးပြောဆိုမှုတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။
ယူကရိန်းရဲ့ အိမ်နီးချင်း မော်လ်ဒိုဗာ နိုင်ငံကိုလည်း ယူကရိန်းနဲ့ တစ်နေ့တည်း အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် အီးယူက လက်ခံခဲ့ပါတယ်။ ဂျော်ဂျီယာနိုင်ငံကလည်း အီးယူအဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ ထပ်လုပ်ဖို့ လိုသေးတယ်လို့ အီးယူက ပြောခဲ့ပါတယ်။
အီးယူထဲ ယူကရိန်း ဝင်တဲ့အခါ ဘယ်လိုဖြစ်လာမလဲ
- ဧရိယာ ကီလိုမီတာ ၆၀၃၅၅၀ ရှိတဲ့ ယူကရိန်းဟာ အီးယူအဖွဲ့ဝင် နိုင်ငံတွေထဲမှာ အကြီးဆုံးမြေအကျယ်အဝန်းရှိတဲ့ နိုင်ငံဖြစ်လာပါလိမ့်မယ်။
- လူဦးရေ ၄၄ ဒဿမ ၁၃ သန်း ရှိတဲ့ ယူကရိန်းဟာ အီးယူအဖွဲ့ထဲမှာ ပဥ္စမမြောက် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်လာပါလိမ့်မယ်။
- ယူကရိန်းရဲ့ နှစ်စဉ် ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုးဟာ ဒေါ်လာ ၃၇၂၄ ရှိပြီး ဒါဟာ အီးယူရဲ့ ပျမ်းမျှ အသားတင်တန်ဖိုးရဲ့ ၉ ပုံ ၁ ပုံ ရှိပါတယ်။
- ယူကရိန်းဟာ သူ့ရဲ့ ကောက်ပဲသီးနှံ တင်ပို့ကုန်အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းကို အီးယူကို နှစ်စဉ် ရောင်းချနေခဲ့တာ ဖြစ်ပါတယ်။
အီးယူနဲ့ ယူကရိန်းရဲ့ လက်ရှိ ဆက်နွှယ်မှုတွေက ဘာတွေလဲ
အသင်းအဖွဲ့ သဘောတူချက်လို့ ဆိုတဲ့ သဘောတူချက်တစ်ခုအရ ၂၀၁၇ ခုနှစ်ကတည်းက ယူကရိန်းဟာ အခွန်အကောက် ပေးစရာမလိုဘဲ အီးယူနိုင်ငံတွေနဲ့ ကုန်သွယ်ခွင့် ရထားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဟာ ၂၀၁၆ ခုနှစ်မှာ အီးယူရဲ့ ကျယ်ပြန့်တဲ့ လွတ်လပ်စွာ ကုန်သွယ်မှုဧရိယာထဲ ပူးပေါင်း ဝင်ရောက်ခဲ့အပြီး အခွန်အကောက်တွေကို စျေးချိုသာစွာနဲ့ ပေးခွင့်ရခဲ့ပြီး ဖြစ်ပါတယ်။
အီးယူအဖွဲ့ဝင်အဖြစ် လျှောက်ဖို့ ပြင်ဆင်နေချိန်မှာ အီးယူ စံချိန်စံညွှန်းတွေကို မီနိုင်ဖို့အတွက် ယူကရိန်းဟာ သူ့ရဲ့ စည်းမျဉ်းဥပဒေ အတော်များများကို ပြင်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။
ယူကရိန်းဘက်က ဘာလုပ်ပေးဖို့ လိုသလဲ
"လိုအပ်တာတွေကို ယူကရိန်းဘက်က ကောင်းကောင်း လုပ်ထားပေးပြီးပြီ" လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဒယ် လီယန်က ပြောပါတယ်။ ဒါပေမဲ့ နောက်ထပ် အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရဦးမယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ တရားဥပဒေစိုးမိုးမှု ပိုခိုင်မာလာရေး၊ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်လာရေး၊ ရုရှားသူဌေးကြီးတွေရဲ့ သြဇာလွှမ်းမိုးမှုကို လျှော့ချရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စတာတွေ ပါဝင်ပါတယ်။
"ဒါ့အပြင် ယူကရိန်းမှာ ပြီးပြည့်စုံတဲ့ စီးပွားရေးစျေးကွက်တစ်ခု တည်ဆောက်ဖို့လည်း လိုနေသေးပြီး ဒီလို လုပ်နိုင်ဖို့အတွက် ဆိုဗီယက်သမ္မတ နိုင်ငံဟောင်း ဖြစ်ခဲ့တဲ့ ယူကရိန်းမှာ အခက်အခဲတွေ ရှိနေတယ်" လို့ မစ္စတာ ဇက်ခ် ပိုင်ကင် က ပြောပါတယ်။ နောက်စိန်ခေါ်မှုတစ်ခုကတော့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရတဲ့ ယူကရိန်း တရားစီရင်ရေးစနစ်ဖြစ်ပါတယ်။
အီးယူအဖွဲ့ဝင်ဖြစ်လာတဲ့အတွက် လတ်တလော အဖွဲ့ဝင်သစ် နိုင်ငံတွေအပေါ် ဘယ်လို အထောက်အကူဖြစ်စေသလဲ
လွန်ခဲ့တဲ့ ၁၅ နှစ်က အီးယူအဖွဲ့ထဲ စဝင်ခဲ့ကတည်းက ရိုမေးနီးယားနိုင်ငံရဲ့ နိုင်ငံတဝန်း လစာငွေဟာ သုံးဆ ထိုးတက်လာခဲ့ပြီး ဘူလ်ဂေးရီးယားနိုင်ငံကတော့ နှစ်ဆ တက်လာခဲ့ပါတယ်။
အဲဒီနိုင်ငံ နှစ်ခုစလုံးကို အီးယူက ဥရောပ တည်ဆောက်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေကနေတဆင့် ယူရိုငွေ ဘီလျံပေါင်းများစွာ ထောက်ပံ့ ခဲ့ပါတယ်။ ဒီ့အတွက် အဲဒီနိုင်ငံတွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိခဲ့ပြီး ဥပမာအားဖြင့် လမ်းသစ်တွေ ဆိပ်ကမ်းသစ်တွေ တည်ဆောက်နိုင်ခဲ့ပါတယ်။
၂၀၁၄ နဲ့ ၂၀၂၀ ခုနှစ်အတွင်း ဘူလ်ဂေးရီးယားနိုင်ငံက ယူရို ၁၁ ဒဿမ ၂ ဘီလျံ လက်ခံရခဲ့ပြီး ရိုမေးနီးယားနိုင်ငံက ယူရို ၃၅ ဘီလျံ လက်ခံရခဲ့ပါတယ်။
ဒါပေမဲ့လည်း Transparency International ပွင့်လင်းမြင်သာမှုရှိရေး နိုင်ငံတကာအဖွဲ့ ကတော့ ဒီငွေ အတော်များများဟာ အဂတိလိုက်စားမှုတွေအတွင်း ပျောက်ကုန်တယ်လို့ ဆိုပါတယ်။
ဘူလ်ဂေးရီးယားဟာ လစာငွေ၊ ကျန်းမာရေးနဲ့ ပညာရေး ဆိုင်ရာ အီးယူနိုင်ငံများ စာရင်းမှာ အောက်ခြေမှာ ဆက်ရှိနေဆဲ ဖြစ်ပေမဲ့ ရိုမေးနီးယားကတော့ ဒုတိယမြောက် အဆင်းရဲဆုံး နိုင်ငံအဆင့်ကနေ ဆဌမမြောက် အဆင်းရဲဆုံး နိုင်ငံအဆင့်ကို တက်လာနိုင်ခဲ့ပါတယ်။
ဘူလ်ဂေးရီးယားနိုင်ငံသား တစ်သန်းခွဲနဲ့ ရိုမေးနီးယားနိုင်ငံသား ၄ သန်းလောက်ဟာ အီးယူရဲ့ လွတ်လပ်စွာ သွားလာနိုင်ခွင့် ပေါ်လစီကို သုံးပြီး နိုင်ငံထဲကနေ ထွက်ပြီး တခြား အီးယူနိုင်ငံတွေမှာ အခြေချခဲ့ကြတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။ အဲဒီလို ဦးနှောက် ယိုစီးမှုကြောင့် နှစ်နိုင်ငံစလုံးရဲ့ အနာဂတ် အလားအလာကို ထိခိုက်လာစေနိုင်တယ်လို့ အကဲခတ်တွေက စိုးရိမ်နေကြပါတယ်။
ယူကရိန်းရဲ့ အီးယူဝင်ခွင့် အလားအလာတွေအပေါ် ရုရှားက ဘယ်လို တုံ့ပြန်ခဲ့သလဲ
နေတိုး စစ်မဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ ယူကရိန်းက ကာလတာရှည် စိတ်ဆန္ဒရှိနေခဲ့တာအပေါ် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အကြီးအကျယ် ဝေဖန်နေခဲ့ပေမဲ့လည်း အီးယူအဖွဲ့ဝင် နိုင်ငံ ဖြစ်လာမှာကိုတော့ သူ့အနေနဲ့ ဘာမှ ကန့်ကွက်စရာ မရှိဘူးလို့ သမ္မတပူတင်က အခိုင်အမာ ပြောထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ် ကတော့ အီးယူအနေနဲ့ သူ့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ စဉ်းစားလာနေတာကြောင့် အီးယူထဲ ယူကရိန်းဝင်ခွင့် လျှောက်ထားမှုအပေါ် ပိုအာရုံစိုက် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
"စစ်တပ်၊ ကာကွယ်ရေးနဲ့ လုံခြုံရေး ကိစ္စရပ် အစိတ်အပိုင်းတွေအကြောင်း ဆွေးနွေးသွားဖို့ ရှိတယ်"လို့ မစ္စတာ ပက်စ်ကော့ဗ် က ပြောပါတယ်။ "အားလုံးကို အသေအချာ စောင့်ကြည့် လေ့လာသွားမှာပါ" လို့ သူကပြောပါတယ်။
အီးယူထဲ ဝင်ဖို့ လုပ်တဲ့ကိစ္စကြောင့် ရုရှားက တုံ့ပြန် ဂလဲ့စားချေလာနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက သတိပေးထားပါတယ်။
"ရုရှားဆီက ရန်လိုတဲ့ တုံ့ပြန်မှုတွေ ရလာဖို့ ရှိတယ် ဆိုတာကတော့ သေချာပါတယ်။ ယူကရိန်းတင်မက တခြား ဥရောပနိုင်ငံတွေကိုပါ တုံ့ပြန်တိုက်ခိုက်လာနိုင်ပါတယ်" လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။