ကုန်စျေးနှုန်းကြီးမြင့်မှု - ထိုးတက်လာတဲ့စရိတ်တွေကြားမှာ ထိုင်းက မြန်မာမိသားစုတစု ဘယ်လို ရုန်းကန် ရှင်သန်ရသလဲ

သူ့အိမ်နီးနားချင်း ရွှေ့ပြောင်းအလုပ်သမားတွေလိုပဲ ထိုင်းနာမည် တခုကို ပြောင်းယူထားတဲ့ ယိန်း (ထိုင်းနာမည် ချိုင်လင်း) တယောက် လန်ဒန်ကခေါ်လိုက်တဲ့ ဖုန်းကို ကောက်ယူ နားထောင်လိုက်ဖို့က သိပ်အချိန်မကြာပါဘူး။

ဒါပေမယ့် စတုရန်း ၁၂ မီတာခွဲလောက်သာ ကျယ်တဲ့ သူ့ရဲ့ အခန်းလေးထဲမှာ သူရယ်၊ သမီး ၂ ယောက်ရယ် အတူရှိနေတာကြောင့် ဖုန်းနဲ့ စကား ပြောကြဖို့ကတော့ 'သင့်တော်တဲ့ နေရာတခု' ကိုရှာဖို့ သူ နည်းနည်း အချိန်ယူရပါတယ်။

'မေမေ' လို့ ခေါ်နေတဲ့ သူ့ကလေးငယ် အသံတွေကော၊ လမ်းပေါ်က ဆူညံသံတွေပါ တခါတလေမှာ ဖုန်းထဲကနေ ကြားနေရပါတယ်။

"ကျွန်မ ထိုင်းရောက်တာ ဒီတခေါက်က ၃ နှစ် ရှိနေပါပြီ။ ကျွန်မ အိမ်ပြန်လို့ မရဘူး" လို့ ယိန်းက သူ့ ဇာတ်လမ်းကို စပြောပြပါတယ်။

မိသားစုဝင်သစ်တွေ

သူတို့ မိသားစုဝင် ၅ ယောက်က အရင်ကတော့ နေ့စဉ် ဝင်ငွေ ဘတ် ၈၀၀ နဲ့ ရပ်တည်ခဲ့ကြတာပါ။ ယိန်းတစ်ယောက် အိမ်မှာပဲ မိခင် တာဝန်ယူရင်း နေနေရ ကတည်းက မိသားစုရဲ့ ဝင်ငွေက ဘတ် ၅၀၀ ကို ကျဆင်းသွားပါတယ်။

ယိန်း ဒီတခေါက် ထိုင်းကို ၂၀၁၉ မှာ ပြန်လာတော့ ဘန်ကောက်က စားသောက်ဆိုင်တခုမှာ တရက်ကို လုပ်ခ ဘတ် ၄၀၀ နှုန်းနဲ့ လုပ်ခဲ့တာဖြစ်ပြီး ဒါဟာ ထိုင်းရဲ့ အနိမ့်ဆုံး တနေ့ လုပ်ခ ၃၂၅ ဘတ် ထက် မြင့်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းမှာ လုပ်ရတဲ့ သူ့ ယောက်ျားက အဲဒီ အနိမ့်ဆုံးနှုန်းလောက်ပဲ ရပါတယ်။

တနှစ်လောက်ကြာလာတဲ့အချိန် အသက် ၃၅ နှစ်အရွယ် ယိန်းဟာ သမီးတယောက် ထပ်မွေးဖွားပြီး အဲဒီ သမီးလတ်ကို ဖစိုင် လို့ အမည် မှည့်ပါတယ်၊ အဓိပ္ပါယ်ကတော့ ကြည်လင်တဲ့ မိုးကောင်းကင်ပါ။

ကမ္ဘာမှာ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုး ပြဿနာ စခဲ့ပြီး ၂ လကျော်အကြာမှာတော့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး (World Health Organization - WHO)က ဒီရောဂါပိုး ကမ္ဘာအနှံ့ ကူးစက်ပျံ့ပွားနေပြီလို့ မတ်လ ၁၁ ရက် ၂၀၂၀ ခုနှစ်မှာ ကြေညာလိုက်ပါတယ်။

နောက်တလမှာတော့ ထိုင်းနိုင်ငံဟာ ကိုဗစ်နဲ့ပတ်သက်ပြီး ပထမဆုံး လော့ခ်ဒေါင်းကို ချမှတ်လိုက်ပါတယ်။

လူတွေဟာ စီးပွားရေး အရ ဒုက္ခ ရောက်ရသလို ကိုယ်ရော၊ စိတ်ရော ထိခိုက်ကြရပါတယ်။

ထိုင်းနိုင်ငံသားတွေက အစိုးရက ထုတ်ပေးတဲ့ ထောက်ပံ့ငွေ တလကို ၁၅,၀၀၀ ဘတ်နှုန်းနဲ့ ၃ လရကြပေမယ့် ယိန်းက " ကျွန်မတို့ တပြားမှ မရပါဘူး" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၅ လလောက်က သူတို့မှာ နောက်ထပ် မိသားစုဝင် အသစ်တိုးလာပါတယ်။ သူ့နာမည်က နန်းဖွန် လို့ ခေါ်ပါတယ်။

နေ့ကလေးထိန်း စားရိတ်မတတ်နိုင်တဲ့အတွက် ယိန်း အလုပ်မဆင်းနိုင်တော့ပါဘူး။

"ကျွန်မတို့ ထမင်းပိုစားပြီး ဟင်းလျှော့စားရတယ်"

၂ နှစ်အရွယ် သူ့ ကလေးကို လမ်းပေါ်မထွက်ဖို့ လှမ်းပြောရင်း ကလေးတို့ရဲ့ အမေက သူတို့ဝင်ငွေက ဘယ်လောက်၊ ကုန်ကျနေတာက ဘယ်လောက်ဆိုတာကို တွက်ပြပါတယ်။ သူ့ရဲ့ ၅ လသား အရွယ် ကလေးကတော့ သူ့ဘေးမှာ အိပ်ပျော်လို့ပါ။

ယိန်းက သူ့ကလေးတွေကို အခန်းထဲကထုတ်ပြီး အပြင်က အုတ်ခင်း ကြမ်းပြင်မှာ ပြောင်းထိုင်လိုက်ပါတယ်။ သူ့အခန်းက ပြတင်း ပေါက် တပေါက်သာပါပြီး နေ့လယ်ဆို ပူတာက မခံနိုင်လောက်အောင်ပါ။

နန်းဖွန်ကို မွေးပြီးမကြာခင်လေးမှာပဲ သူ့ အမျိုးသား လုပ်ခက တနေ့ကို ဘတ် ၅၀၀ အထိ တိုးသွားပါတယ်။ အိမ်ခန်းငှားခအတွက် နေ့စဉ် ဘတ် ၁၀၀ သုံးရပြီး အစားအစာအတွက် ဘတ် ၃၀၀ ကုန်ပါတယ်။

"တခါတလေ ကျွန်မကလေးတွေ မုန့်ပူဆာတဲ့အခါ ဘတ် ၅၀၀ က ဘယ်တော့မှ မလောက်တော့ပါဘူး" လို့ ယိန်းက ပြောပါတယ်။

"ကျွန်မတို့ ထမင်းပိုစားပြီး ဟင်းလျှော့စားရတယ်။"

ကမ္ဘာ့ကပ်စကတည်းက ယိန်းဟာ မြန်မာပြည်မှာ သူ့အစ်မနဲ့ အတူနေနေတဲ့ သူ့ သမီးအကြီးဆုံးဆီကို ဘာမှလှမ်းပြီး မထောက်ပံ့ နိုင်တော့ ပါဘူး ။

ရှိနေတဲ့အကြွေး ဘတ် ၂၀,၀၀၀ ကိုလည်း ပြန်ဆပ်ဖို့ ယိန်း ကြိုးစားနေရပါတယ်။

"ကျွန်မ ကလေး ၂ ယောက်ကို မွေးတုန်းက မီးဖွားစရိတ်မရှိခဲ့ဘူး။ ဆွေမျိုးတွေဆီက လှမ်းချေးခဲ့ရတယ်။"

ငွေဖောင်းပွနှုန်းတွေ တက်လာပြီး စားဝတ်နေရေး စရိတ်တွေ မြင့်လာကတည်းက သူ့ကျန်းမာရေးကို ပိုပြီး သတိထားနေရပါတယ်၊ သူ့မှာ တခုခု ဖြစ်လာရင် ဆရာဝန်ပြဖို့ ငွေ မရှိပါဘူး။

"ကျွန်မတို့ ကျန်းမာရေး အာမခံ မရှိဘူး၊ တကယ်လို့ ကျွန်မ နာမကျန်းဖြစ်ရင် ဆေးရုံ မသွားနိုင်ဘူး။ ကျွန်မ ပေးဖို့ ငွေမတတ် နိုင်ဘူးလေ " လို့ ယိန်းက ပြောပါတယ်။

သူ့အမျိုးသားက တတ်နိုင်သမျှ နေ့တိုင်း အလုပ်လုပ်ပါတယ်။ သိပ်ပင်ပန်းရင်တော့ တရက်တလေ နားပါတယ်။ သူ့ အမျိုးသားက နေ့စဉ် လုပ်ခ ဝင်ငွေနဲ့ လုပ်ရတာပါ။ သူနားရက် ယူတဲ့အခါ လုပ်ခ မရပါဘူး။

ငွေဖောင်းပွနှုန်းက အဆင်းရဲဆုံးတွေကို ပိုပြီး အသက်ရှူကျပ်စေပါတယ်

၂၀၂၂ ခုနှစ် မေလ မှာ ထိုင်းငွေဖောင်းပွနှုန်းက အရင်နှစ် မေလထက် ၇.၁% တက်လာပြီး ဒါဟာ ၁၃ နှစ်အတွင်း အမြင့်ဆုံး တက်နှုန်း ပါ။ အဲဒီအရင် တလ ဧပြီလတုန်း ကတည်းက ငွေဖောင်းပွနှုန်း ၄.၆၅% ရှိနေလို့ စျေးကွက်က စိတ်ပူနေခဲ့ကြတာပါ။

ငွေဖောင်းပွနှုန်းတက်တယ်ဆိုတာက ထိုင်းပြည်သူတွေအဖို့ လျှပ်စစ်မီးဖိုး၊ ဂက်စ်ဖိုးက အစ စျေးသွားဝယ်ရင် ကုန်တဲ့ငွေ အထိ အစစ အရာရာ စျေးကြီးလာတာကို ရင်ဆိုင်ရတာပါ။

ငွေဖောင်းပွတာက အားလုံးကို ထိခိုက်ပါတယ်။ ဒါပေမယ့် ညီတူမျှတူ ထိခိုက်တာတော့ မဟုတ်ပါဘူး။

ဘရွတ်ကင်းစ် အင်စတီကျု (Brookings Institution)က ငွေဖောင်းပွမှု သုံးသပ်ချက်မှာ ဝင်ငွေနိမ့်ပါးတဲ့ မိသားစုတွေ၊ အလယ်အလတ်တန်းဝင်ငွေရတဲ့ မိသားစုတွေ အနေနဲ့ လုပ်ခ ဝင်ငွေနဲ့ ပေးငွေတွေကို ပိုသုံးစွဲကြရလိမ့်မယ်၊ တချိန်တည်းမှာပဲ ချမ်းသာ သူတွေအနေနဲ့က သူတို့ရဲ့ ကိုယ်ပိုင်အလုပ်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေဆီက ဝင်ငွေတွေ တိုးပြီး ရလာမယ်လို့ ဖော်ပြထားပါတယ်။

သုတေသီတွေက " ကုန်စျေးနှုန်းမြင့်တက်တဲ့နှုန်းက လုပ်ခ မြင့်တက်တဲ့နှုန်းထက် ပိုကျော်သွားမယ်" လို့ ဆိုပြီး ကိုယ်ပိုင်အလုပ် လုပ်သူတွေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ထားသူတွေရဲ့ ဝင်ငွေကတော့ "ငွေဖောင်းပွနှုန်းနဲ့ အညီ ရှိနေမယ်" လို့ ပြောပါတယ်။

Bank of Thailand ဘဏ်ရဲ့ ၂၀၂၂ မတ်လက ထုတ်ပြန်တဲ့ အစီရင်ခံစာ တခုအရ ထိုင်းမှာ ဘဏ်အကောင့်ဖွင့်ထားတဲ့ လူအားလုံးရဲ့ ၈၈% ဟာ သူတို့ ဘဏ်ထဲမှာ စုဆောင်းထားနိုင်တာက တယောက်ကို ဘတ် ၅၀,၀၀၀ မကျော်ဘူးလို့ သိရပါတယ်။

စီးပွားရေး ဆိုင်ရာ သုတေသနတွေလုပ်တဲ့ Puey Ungphakorn Institute က စာတမ်းတခုထဲမှာ ဝင်ငွေ နည်းပါးတဲ့ သူတွေ အနေနဲ့ အစားအစာအတွက် သူတို့ဝင်ငွေရဲ့ တဝက်ကို သုံးစွဲနေရပြီး အလယ်အလတ်က သူ့ဝင်ငွေရဲ့ ၄၃%၊ ချမ်းသာသူတွေက သူ့ဝင်ငွေရဲ့ ၂၉% ကို သုံးစွဲရတယ်လို့ ရေးထားပါတယ်။

ထိုင်းမှာ လောလောလတ်လတ်ဖြစ်နေတဲ့ ငွေဖောင်းပွမှုမြင့်လာတာက လောင်စာနဲ့ အစားအစာ စျေးတွေဆီက လာတာပါ။

'ကျွန်မကလေးတွေ အိမ်ပြန်ပို့ဖို့ မတတ်နိုင်ပါဘူး'

အခုလောလောဆယ် ယိန်းက ဝင်လာတဲ့ ဝင်ငွေကို ပြန်ထုတ်ပေးပြီးရင်း ပေးနဲ့ပဲ ရှင်သန် ရပ်တည်နေရတာပါ။ သူ့သမီးတွေ အတွက် အကောင်းဆုံးကို ပေးချင် ပေမယ့် ဒီသမီးတွေကို ကြည့်ရှုပြုစုပေးရုံပဲ တတ်နိုင်ပါတယ်။

တကယ်လို့ ယိန်း အလုပ်ထဲပြန်ဝင်ရင် ဒီကလေးတွေကို ကြည့်ရှုစောင့်ရှောက်မယ့်သူ မရှိသလို၊ မြန်မာပြည်ကို သူတို့ကို ပြန်ပို့ဖို့ဆိုတာ လည်း မဖြစ်နိုင်ပါဘူး။

မြန်မာစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း အခြေအနေတွေက ဆိုးနေ ပါတယ်။

လူပေါင်း ၁၄,၀၀၀ ကျော် အဖမ်းအဆီးခံခဲ့ရပြီး အခုအချိန်ထိ လူပေါင်း ၁၁,၀၀၀ ကျော် အကျဉ်းထောင်တွေ ထဲမှာ ရှိနေဆဲလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (Assistance Association for Political Prisoners - AAPP)က ဆိုပါတယ်။

ဇွန်လ ၁၀ ရက် ၂၀၂၂ ခုနှစ်အထိ စစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် လူပေါင်း ၁,၉၂၉ ယောက် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ သူတို့ရဲ့ အစီရင် ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီစာရင်း ထဲမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်နေရာ ဒေသတွေမှာ စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှု ကြောင့် သေဆုံးရသူတွေ မပါသေးပါဘူး။

မြန်မာပြည်တွင်းမှာ ဆွေမျိုးတွေရှိတဲ့ ယိန်းက အဲဒီမှာ လူတွေက "ကျီးလန့်စာစား သလို နေနေကြရတာ" လို့ ပြောပါတယ်။

မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေတွေကြောင့် သူ့သမီးငယ်တွေကို အဲဒီမှာ ပြန်ထားဖို့ဆိုတာက ရွေးချယ်စရာ သိပ်မကောင်းလှသလို၊ တကယ်တမ်း ပြန်ပို့မယ်ဆိုရင်လည်း ကုန်ကျမယ့် ခရီးစားရိတ်ကို သူ မတတ်နိုင်ပါဘူး။

အများပြည်သူသုံး အဝေးပြေးဘတ်စ်ကားတွေက "သူတို့လို လူတွေကို မတင်" တဲ့အတွက် အဲဒီကားတွေနဲ့ ခရီးသွားလို့မရဘူးလို့ ယိန်းက ရှင်းပြပါတယ်။ ကိုဗစ်ကာလ မတိုင်မီကတည်းက အဲဒီလိုနည်းနဲ့ ခရီးသွားလို့ မရတာလို့လည်း သူက ပြောပါတယ်။

ထိုင်းမှာ ကိုဗစ်ပျံ့နှံ့မှု အထွတ်အထိပ်ရောက်တဲ့ ကာလမှာ ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေး ဌာနကရော၊ မီးရထား ပို့ဆောင်ရေး ဌာန ကပါ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘာဒီးယားက လာအလုပ်လုပ်တဲ့ အလုပ်သမားတွေကို သူတို့ရဲ့ ယာဉ်တွေ၊ ရထားတွေကို စီးခွင့် မပေး ပါဘူး။

ကိုဗစ်ကပ် ကာလအတွင်းမှာပဲ ယိန်းနဲ့ သူ့ယောက်ျား တို့ရဲ့ ပတ်စ်ပို့က ဗီဇာသက်တမ်း ကုန်သွားပါပြီ။ အလုပ်သမားဝန်ကြီးဌာနက ဗီဇာသက်တမ်းကုန်တဲ့ အလုပ်သမားတွေ ထိုင်းမှာ တရားဝင် ဆက်အလုပ်လုပ်ခွင့်ရှိတယ်ဆိုပြီး ခွင့်ပြုထားပါတယ်။ ဒါပေမယ့် ယိန်းက စိုးရိမ်ပါတယ်။

သူတို့သွားလို့ရတဲ့နည်းနဲ့ ခရီးသွားရမယ်ဆိုရင် ဘန်ကောက်ကနေ ချင်းရိုင်ကို လူကြီးတယောက် အတွက် ခရီးစားရိတ်က ဘတ် ၈,၀၀၀ ကုန်ကျမှာဖြစ်ပြီး ကလေး တယောက်အတွက် ဘတ် ၅,၀၀၀ ကျပါတယ်။ ဒီခရီးစားရိတ်က ထိုင်းနိုင်ငံအတွင်း ခရီးစားရိတ် ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ခနဲ့ မြန်မာပြည်တွင်းမှာ သူတို့အိမ်အထိ သွားရမယ့် ခရီးအတွက် လိုအပ်တဲ့ စားရိတ် မပါသေးပါဘူး။

"ကျွန်မ ရှင်သန်ဖို့ရုန်းကန်ရမယ်။ တကယ်လို့ အိမ်ကိုပဲ ပြန်ရတော့မယ်ဆိုပြီး ဆုံးဖြတ်ရရင်တောင် ပြန်ဖို့စားရိတ်က မတတ်နိုင်ပါဘူး" လို့ ယိန်းက ပြောပါတယ်။

သူ့မိတ်ဆွေ အများအပြားလည်း အလားတူ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံခြားသားအလုပ်သမားရေးရာဌာနက ထုတ်ပြန်တဲ့ စာရင်းအရ ၂၀၂၂ ခုနှစ် ဖေဖော် ဝါရီလမှာ နိုင်ငံခြားသား အလုပ်သမားပေါင်း ၂ သန်း ၃ သိန်း လောက် ရှိတယ်လို့ သိရ ပါတယ်။

အဲဒီထဲက တဝက်လောက်က အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့နိုင်ငံတွေက အလုပ်သမား တွေပါ။

"သူ့ကလေးတွေရဲ့ အနာဂတ်ကို ဝယ်ပေးဖို့" က သူ့အိပ်မက်တွေလို့ ယိန်းက ဘီဘီစီကို ပြောပါတယ်။

ဘယ်လိုအနာဂတ်မျိုးကို မျှော်လင့်ထားသလဲလို့ မေးတဲ့အခါမှာတော့ သူက လက်ရှိ ပစ္စုပ္ပန်မှာပဲ နေချင်တော့တယ်၊ အနာဂတ်ကိုတွေးရင် ဘာမှ မှန်းမမြင် နိုင်တော့ တွေးတောင် မတွေးတော့ဘူးလို့ ဆိုပါတယ်။

သူက " ကျွန်မမှာ ပြောစရာ မကျန်တော့ပါဘူး၊ ကျွန်မမှာ ကလေးတွေ ရှိတယ်။ သူတို့အတွက် ကျွန်မ အသက်ရှင်နေတာပါ။ သူတို့ အတွက် ဘာပဲဖြစ်ဖြစ် လုပ်သွားပါ့မယ်" လို့ ပြောရင်း စကားကို အဆုံးသတ်သွားပါတယ်။ '