ယူကရိန်းစစ် - စစ်သုံ့ပန်းဆိုတာ ဘာလဲ၊ စစ်သုံ့ပန်းတွေကို ဘယ်လိုပြုမူသင့်လဲ

မာရီယုပိုးလ်မြို့ထဲမှာ အဝိုင်းခံထားရတဲ့အချိန် ခုခံပြီးကျန်ရစ်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အန္တရာယ်ကြားအခြေအနေက ယူကရိန်းစစ်ပွဲအတွင်း မှတ်မှတ် သားသား အဖြစ်ရဆုံး ဇာတ်လမ်းတွေထဲက တခုပါ။

နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေထဲမှာ အက်ဇ်ဇော့ဗ်စတဲလ် သံမဏိစက်ရုံဝင်းကြီးထဲ ပိတ်မိနေခဲ့ပြီး ဖမ်းဆီးခံရလိုက်ရတဲ့ စစ်သား ပေါင်း ၁,၀၀၀ ကျော်ကို သူပုန်တွေထိန်းချုပ်ရာ နယ်မြေတွေဆီကို ခေါ်ယူထားပေးလိုက်တယ်လို့ ရုရှား အာဏာပိုင်တွေက ပြောတာလည်း ပါဝင်ပါတယ်။ အဲဒီ သူပုန်တွေက ရုရှားဘက်ကနေ ကူညီထောက်ခံပေးထားတဲ့ သူပုန်တွေပါ။

စစ်သုံ့ပန်း (Prisoners of War - POWs) တွေအပေါ် နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ အညီ ပြုမူဆောင်ရွက်ပေးမယ် ဆိုတဲ့ ရုရှားရဲ့ကြေညာချက်က လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ ဖမ်းဆီးမိတဲ့ သို့မဟုတ် လက်နက်ချတဲ့ ရန်သူ တိုက်ခိုက်ရေး သမားတွေ အပေါ်ဘယ်လို ပြုမူဆောင်ရွက်ပေးရမယ်ဆိုတာနဲ့ ပတ်သက်လို့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေဟာ ဘယ်လောက်တောင် များပြား ရှုပ်ထွေး နေသလဲ ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

ဒီစစ်ပွဲစတင်ချိန်ကတည်းက စစ်သုံ့ပန်းတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ဆောင်မှုတွေ ရှိတယ်လို့ ရုရှားနဲ့ယူကရိန်းတို့က တဖက်နဲ့တဘက် အပြန်အလှန် စွပ်စွဲနေကြတာပါ။ နှစ်ဘက်စလုံးက ဒီလို လုပ်ဆောင်မှုတွေ ကျူးလွန်နေကြတာနဲ့ ပတ်သက်ပြီး "အရေးကြီးတဲ့ သတင်းအချက်အလက်"တွေကို ရထားတယ်လို့ ယူကရိန်းက လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်လေ့လာတဲ့ ကုလသမဂ္ဂဆိုင်ရာ အကြီးအကဲ မက်တီလ်ဒါ ဘော့ဂ်နာက သိပ်မကြာသေးတဲ့ ကာလကပဲ ပြောထားပါတယ်။

စစ်သုံ့ပန်းတွေအပေါ် ဘယ်လို ပြုမူရမယ် ဆိုတဲ့ တရားဝင်စည်းမျဉ်းတွေ ရှိသလား

ရှိပါတယ်။ စစ်သုံ့ပန်းတွေနဲ့ ပတ်သက်လို့ အထူးသီးသန့် ဖော်ပြထားပြီး ၁၉၂၉ ခုနှစ်မှာ ချုပ်ဆိုကြတဲ့ တတိယမြောက် ဂျနီဗာ သဘောတူညီချက် ချမှတ်နိုင်ချိန်ကတည်းက စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စာချုပ်တွေအရ အကာအကွယ် ပေးထားပြီးသား ပါ။

စစ်သုံ့ပန်းတွေကို လူသားဆန်စွာ ပြုမူဆောင်ရွက်ရမယ်၊ သူတို့နဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို မျှဝေရမယ်၊ သူတို့ကို ထားရာ အကျဉ်းစခန်းတွေဆီကို ကြားနေနိုင်ငံက အစိုးရအရာရှိတွေအနေနဲ့ သွားရောက်နိုင်ခွင့်ရှိတယ် စတာတွေ အပါအဝင် အခြေခံမူတွေကို အဲဒီ ဂျနီဗာ သဘောတူညီချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ ဒီစည်းမျဉ်းတွေကို ချိုးဖောက်ကြတယ်လို့ နိုင်ငံပေါင်းများစွာက စွပ်စွဲကြတဲ့နောက်ပိုင်း ၁၉၄၉ ခုနှစ်မှာ ဒီ သဘောတူစာချုပ်ကို ထပ်မံ တိုးမြှင့်ခဲ့ကြပါတယ်။ ဥပမာအားဖြင့် စစ်သုံ့ပန်းတွေရဲ့ "ပုဂ္ဂိုလ်ရေးဆိုင်ရာ ဂုဏ်သိက္ခာကို အကာ အကွယ်ပေးဖို့" လိုအပ်တယ်လို့ ဆိုတဲ့ အချက်အပါအဝင် တခြားအချက်တွေကို ထပ်ဖြည့်ခဲ့ကြတာပါ။

ရုရှားနဲ့ ယူကရိန်းအပါအဝင် နိုင်ငံပေါင်း ၁၉၆ နိုင်ငံက ဒီ ဂျနီဗာ ကွန်ဗင်းရှင်း ကို သဘောတူလက်မှတ်ထိုးခဲ့ကြတယ်လို့ ကုလသမဂ္ဂက အတည်ပြုထားပါတယ်။

စစ်သုံ့ပန်းတွေ ရတဲ့ အကာအကွယ်တွေက ဘာတွေလဲ

ချမှတ်ထားတဲ့ စည်းမျဉ်းတွေထဲမှာ စစ်သုံ့ပန်းအနေနဲ့ နေစရာ၊ စားစရာနဲ့ ကျန်းမာရေးကုသမှု တွေရရမယ် ဆိုတာမျိုးကနေ မနှိပ်စက် ရဘူးဆိုပြီး တားမြစ်ထားတာ၊ အကျဉ်းသားရဲ့ လုပ်အားကို အခွင့်အရေးယူ အမြတ်ထုတ် အသုံးမချရဘူးလို့ တားမြစ်ထားတာတွေအဆုံး အကာအကွယ်ပေးထားတာတွေ အကျယ်အပြန့် ပါဝင်ပါတယ်။

စစ်သုံ့ပန်းကို ထိန်းသိမ်းတယ်ဆိုတာဟာ စစ်ပွဲအတွင်း သူ နောက်ထပ် ပါဝင်လို့ မရအောင် တားဆီး ထားတာသာ ဖြစ်ပြီး အပြစ်ပေးတဲ့ ပုံစံမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းထားလို့ မရဘူးလို့ ဂျနီဗာ သဘောတူညီချက်ထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်၊ စစ်သုံ့ပန်းတွေကို "ခြိမ်းခြောက်တာ၊ စော်ကားတာ၊ အများသူငါက စပ်စုကြတာ" တွေ မလုပ်နိုင်အောင်လည်း တားဆီးပေးထားပါတယ်။

ဒါ့ကြောင့် စစ်သုံ့ပန်းတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေကို ထုတ်လွှင့်ပြသတာ၊ တချို့ စစ်သုံ့ပန်းတွေကို သတင်းစာရှင်းလင်းပွဲမှာ ပါဝင်စေတာ စတာတွေ အတွက် ရုရှားအာဏာပိုင်တွေရော၊ ယူကရိန်းအာဏာပိုင်တွေပါ အဝေဖန်ခံနေရပါတယ်။

စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့သူကို တရားရုံးတင်နိုင်တယ်လို့ သက်ဆိုင်ရာ နိုင်ငံတွေမှာ သူတို့ ဥပဒေအရ ခွင့်ပြု ထားသည့် တိုင်အောင် ဂျနီဗာစာချုပ်အရ ပဋိပက္ခမှာ ပါဝင်ရုံနဲ့ စစ်သုံ့ပန်းတွေကို တရားစွဲဆိုလို့ မရဘူးလို့ ဆိုထားပါတယ်။

စစ်ပြုတာတွေပြီးသွားတာနဲ့ "ဆိုင်းငံ့ထားခြင်းမရှိစေရဘဲ" စစ်သုံ့ပန်းတွေကို မူရင်းနိုင်ငံဆီ ပြန်လွှဲပြောင်းပေးရမယ်လို့ စာချုပ်ထဲမှာ ရေးသား ပြဌာန်းထားပါတယ်။

ဘယ်သူတွေက ခံစားပိုင်ခွင့်ရှိလဲ

ဂျနီဗာ ကွန်ဗင်းရှင်းအရ အကာအကွယ်ပေးမှုတွေက စစ်တပ်က တပ်ဖွဲ့ဝင်တွေ အတွက်သာ မဟုတ်ပါဘူး။ အရပ်သား လက်နက်ကိုင် တွေ၊ အရပ်သားတယောက်အနေနဲ့ တိုက်ခိုက်ရေး တာဝန်မဟုတ်ဘဲ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေသူတွေပါ ဒီအကာအကွယ်တွေ ပေးရမယ့် အထဲမှာ အကျုံးဝင်ပါတယ်။

ဒါပေမယ့် ကြေးစားလက်နက်ကိုင်တွေ၊ (တချို့သော အခြေအနေအောက်မှာ) သူလျှို လုပ်သူတွေ အတွက် အကျုံးမဝင်ပါဘူး။

ဒါပေမယ့် သူလျှိုတွေ ကိစ္စမှာ လူတွေကို သူလျှိုအဖြစ်ထိန်းသိမ်းထားတဲ့အခါ သူတို့ကို "လူသားဆန်စွာ ပြုမူဆောင်ရွက်ရမယ်"၊ တရား မျှတတဲ့ ခုံရုံးမှာ စစ်ဆေးရမယ် ဆိုတာတွေကို ဂျနီဗာ စာချုပ်မှာ ထည့်သွင်းပြဌာန်းထားပါတယ်။

အကျဉ်းသား လဲလှယ်တယ်ဆိုတာက ဘာလဲ

အကျဉ်းသားလဲလှယ်မှုဆိုတာကတော့ အဖမ်းခံထားရတဲ့ အကျဉ်းသားတွေကို ဟိုဘက် ဒီဘက် လဲလှယ် လွှဲပြောင်းပေးကြတာပါ။ စစ်ပွဲ ကာလတွေအတွင်းလဲလှယ်ခဲ့ကြသလို၊ စစ်အေးခေတ်ကာလအတွင်း ဥပမာ အမေရိကန်နဲ့ရုရှား အကြား အကြိမ်များစွာ အကျဉ်းသား လဲလှယ်ခဲ့ကြပါတယ်။ အစ္စရေး ပါလက်စတိုင်း ပဋိပက္ခအတွင်းမှာလည်း ဒီလို အကျဉ်းသား လဲလှယ်တာတွေ ဖြစ်ခဲ့ပါတယ်။

ဂျနီဗာ သဘောတူညီချက်အရ ဒီလို အကျဉ်းသားလဲလှယ်ဖို့ လမ်းညွှန်ထားပေမယ့် တကယ်တမ်းမှာ အကျဉ်းသား လဲလှယ်တာက ဟိုး ရှေးခေတ် ကတည်းကပါ။ ၁၈ ရာစုအတွင်းမှာပင် အကျဉ်းသား လဲလှယ်တာ ရှိနေခဲ့ပါပြီ။

မော်စကိုနဲ့ ကိယက်ဗ်အကြား စစ်သုံ့ပန်း လဲလှယ်ခဲ့တာ အကြိမ်အတော်များများရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ခဲ့ရပေမယ့် ဒီလိုမျိုး လဲလှယ်တာတွေကို တားမြစ်တဲ့ ဥပဒေတခု ရုရှားမှာ ပြဌာန်းဖို့ သူတို့ လွှတ်တော်မှာ ဆွေးနွေးနေကြပါပြီ။

နိုင်ငံတွေက ဒီစည်းမျဉ်းတွေကို အမြဲတစေ လိုက်နာခဲ့ကြပါသလား

အမြဲတစေ လိုက်နာခဲ့ကြတာမျိုးတော့ မရှိပါဘူး။ အပေါ်မှာ ဖော်ပြခဲ့သလို ဒုတိယ ကမ္ဘာစစ်အတွင်း စစ်သုံ့ပန်းတွေအပေါ် ရက်စက် ကြမ်းကြုတ်တာတွေ လုပ်ခဲ့ကြလို့ အဲဒီစစ်နောက်ပိုင်း ဂျနီဗာ ကွန်ဗင်းရှင်းကို ထပ်တိုးမြှင့်ခဲ့ရတာပါ။

ဒုတိယကမ္ဘာစစ်အတွင်းမှာ မဟာမိတ် တပ်ဖွဲ့ဝင်တွေအပေါ် ဂျပန်စစ်တပ်က ရက်စက်ကြမ်းကြုတ်ခဲ့လို့ စစ်သုံ့ပန်း သောင်းနဲ့ချီ အစာ ရေစာ ငတ်ပြတ်လို့ ဖြစ်စေ၊ ရောဂါစွဲကပ်လို့ ဖြစ်စေ သေကြေခဲ့ရပါတယ်။

၁၉၆၅ ကနေ ၁၉၇၅ အထိဖြစ်ခဲ့တဲ့ ဗီယက်နမ် စစ်ပွဲမှာလည်း အမေရိကန်ရော၊ ဗီယက်နမ်ပါ စစ်သုံ့ပန်းတွေအပေါ် ရာဇဝတ် ကျူးလွန်မှုတွေနဲ့ စွပ်စွဲခံခဲ့ရပါတယ်။ ထင်ရှားတဲ့ ခံရသူတယောက်က အမေရိကန် အထက်လွှတ်တော် အမတ်ဟောင်း တယောက်လည်း ဖြစ်၊ သမ္မတလောင်း အဖြစ် အရွေးခံဖူးသူလည်း ဖြစ်တဲ့ ဂျွန် မက်ကိန်းပါ၊ သူဟာ ဗီယက်နမ်တပ်တွေက ဖမ်းဆီးထားစဉ်အတွင်း နှိပ်စက် ခံရတာတွေကြောင့် ဘဝတသက်တာ မသန်စွမ်းသူ တယောက် ဖြစ်ခဲ့ရပါတယ်။

စက်တင်ဘာ ၉ ရက် (9/11) တိုက်ခိုက်မှုတွေအပြီး ဂွာတာနာမို အကျဉ်းစခန်းမှာ အကြမ်းဖက်သမား မသင်္ကာသူတွေကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ပုံစံက ဂျနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ခဲ့တာဖြစ်ကြောင်း အမေရိကန် အစိုးရ အပေါ် စွပ်စွဲခဲ့ကြပါတယ်။

ရုရှားတို့ ကျူးကျော်စစ် စတင်ချိန်ကတည်းက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ်ဆိုတဲ့ စွပ်စွဲမှုအပေါ် စုံစမ်းစစ်ဆေးဖို့အတွက် ယူကရိန်းနိုင်ငံဆီကို စုံစမ်းစစ်ဆေးရေးမှူးတွေ၊ မှုခင်းဆေးပညာ ကျွမ်းကျင်သူတွေ၊ အထောက်အကူပြု ဝန်ထမ်းတွေ စုစုပေါင်း အဖွဲ့ဝင် ၄၂ ယောက်ပါဝင်တဲ့ အဖွဲ့တဖွဲ့ စေလွှတ်ထားတယ်လို့ နိုင်ငံတကာ ရာဇဝတ်မှုများ တရားရုံး (International Criminal Court - ICC) က မေလ ၁၇ ရက်နေ့က ကြေညာခဲ့ပါတယ်။