ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ ရုရှားစစ်သား အပြစ်ရှိကြောင်း ဝန်ခံလျှောက်လဲ
ယူကရိန်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့မှုနဲ့ ရုံးတင်စစ်ဆေးခံနေရသူ ရုရှားစစ်သား တစ်ယောက်က လက်နက်မဲ့ အရပ်သားတစ်ဦးကို သတ်ခဲ့မှုမှာ အပြစ်ရှိကြောင်း ဝန်ခံ လျှောက်လဲခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် အဲဒီ ရုရှားစစ်သား ဗာဒင်မ် ရှီရှီမာရင်ဟာ ယူကရိန်းကို စကျူးကျော်တိုက်ခိုက်ခဲ့အပြီး ရက်ပိုင်းအတွင်းမှာ အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရနိုင်ဖွယ် ရှိပါတယ်။
ရုရှားစစ်သားတွေ ကျူးလွန်ခဲ့တဲ့ တခြား စစ်ရာဇဝတ်မှုတွေကို စစ်ဆေးတွေ့ရှိခဲ့အပြီး နောက်ထပ် ကြားနာစစ်ဆေးမှုတွေ လုပ်ဖို့ ရှိတယ်လို့ ယူကရိန်း အစိုးရရှေ့နေတွေက ပြောပါတယ်။
ရုရှားအစိုးရကတော့ ရုရှားတပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ် ဆိုတာကို ငြင်းဆိုထားပါတယ်။
ဒီကြားနာစစ်ဆေးမှုဟာ ယူကရိန်းကို ရုရှားတပ်ဖွဲ့တွေ စကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီလကတည်းကစလို့ ဒီလိုအမှုမျိုးကို ပထမဆုံးအကြိမ် ကြားနာစစ်ဆေးတာ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှာ လုပ်တဲ့ ဒီကြားနာစစ်ဆေးမှုအတွင်း တရားခံအဖြစ် စွပ်စွဲခံထားရသူ ရုရှားစစ်သားကို အမှုလုပ်ငန်းစဉ်အကြောင်း စကားပြန်ကနေတဆင့် ဘာသာပြန် ပြောပြပေးခဲ့ပါတယ်။
အဲဒီ ရုရှားစစ်သားဟာ ယူကရိန်းကို ရုရှားတပ်တွေ စကျူးကျော်တိုက်ခိုက်ခဲ့အပြီး ၄ ရက်အကြာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ နိုင်ငံအရှေ့ပိုင်း ဆူမိဒေသက ချူပက်ခစ်ဗ်ကာရွာနားမှာ စက်ဘီးစီးလာတဲ့ အရပ်သားကို ပစ်သတ်ခဲ့တာလို့ စွပ်စွဲခံထားရတာပါ။
စစ်ရာဇဝတ်မှုနဲ့ စွပ်စွဲခံရသူ ရုရှားစစ်သားတစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် ဒီစစ်ဆေးကြားနာမှုဟာ ဒီတရားရုံးခန်းလေးအတွက် အရမ်းကို အရေးပါတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ်လေးလို့ ထင်ရတဲ့ အသက် ၂၁ နှစ်အရွယ် ဗာဒင်မ် ရှီရှီမာရင်ကို လက်ထိတ်ခတ်ထားပြီး အစောင့်အကြပ် အပြည့်နဲ့ တရားခွင်ကို ခေါ်လာခဲ့ပါတယ်။
သူ့ကိုကြည့်ရတာ ကြောက်လန့် တုန်လှုပ်နေပုံ ရပါတယ်။ ခေါင်းခဏခဏ ငုံ့ထားပြီး မှန်ထဲကတဆင့် စကားပြန်ပြောတာကို နားစိုက်ထောင်နေပါတယ်။
သူနဲ့ နှစ်မီတာနဲ့အကွာလောက်မှာ သူပစ်သတ်ခဲ့သူရဲ့ ကျန်ရစ်သူ ဇနီးသည် ကက်တရီနာ ထိုင်နေပါတယ်။
ရုရှားစစ်သား တရားရုံးထဲ ဝင်လာချိန်မှာ ကက်တရီနာ မျက်ရည်တွေ သုတ်လိုက်တာ တွေ့ရပါတယ်။ သူ့ခင်ပွန်းသည် ခေါင်းကို ပစ်သတ်ခံခဲ့ရတဲ့ အချိန်အခိုက်အတန့်အကြောင်း အစိုးရရှေ့နေ လျှောက်လဲ တင်ပြနေချိန်မှာတော့ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားပါတယ်။
ဒီရုရှားစစ်သားကိုယ်တိုင် သူလူသတ်မှု ကျူးလွန်ခဲ့တယ်လို့ ထုတ်ဖော်ဝန်ခံတာကို ကက်တရီနာ ပထမဆုံးအကြိမ် ကြားရတာပါ။
"အပြစ်ရှိတယ်ဆိုတာကို လက်ခံသလား" လို့ တရားသူကြီးက မေးခွန်းထုတ်ခဲ့တဲ့အခါ ရှီရှီမာရင်က "ဟုတ်ကဲ့" လို့ ပြန်ပြောခဲ့ပါတယ်။
"လုံးဝ သေချာသလား" လို့ နောက်တစ်ခေါက် ထပ်မေးတဲ့အခါ "ဟုတ်ကဲ့" လို့ ရှီရှီမာရင်က သူရှိနေတဲ့ သံတိုင်နဲ့ မှန်အခန်းငယ်ထဲကနေ တိုးတိုးလေး ပြန်ဖြေခဲ့ပါတယ်။
ရှီရှီမာရင်ဟာ သူ့ကားတန်း အတိုက်ခိုက်ခံခဲ့ရချိန်မှာ တင့်ကားတပ်ရင်း တပ်ဖွဲ့တစ်ဖွဲ့ကို ကြီးကြပ်ကွပ်ကဲနေသူ ဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
သူနဲ့ တခြားစစ်သား ၄ ယောက် မော်တော်ယာဉ်တစ်စီးကို ခိုးယူ မောင်းနှင်လာခဲ့အပြီး ချူပက်ခစ်ဗ်ကာရွာနားအရောက်မှာ စက်ဘီးနင်းလာတဲ့ အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ရင်ဆိုင်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ အရပ်သားကို ပစ်သတ်ဖို့ ရှီရှီမာရင်က အမိန့်ပေးခဲ့ပြီး မောင်းပြန်သေနတ်သုံးပြီး ပစ်သတ်ခဲ့တာလို့ အစိုးရရှေ့နေတွေရဲ့ လျှောက်တင်ချက်အရ သိရပါတယ်။
ရှီရှီမာရင်ရဲ့ အမှု ကြားနာစစ်ဆေးမှုကို မနက်ဖြန် ကြာသပတေးနေ့ကျရင် ပိုကြီးတဲ့ တရားခွင်မှာ စစ်ဆေးကြားနာမှာ ဖြစ်ပါတယ်။
ဒီပထမဆုံး စစ်ဆေးကြားနာမှုအရ ပြစ်မှုကျူးလွန်ခဲ့သူ မှန်သမျှ၊ ယူကရိန်းမှာ ရာဇဝတ်မှု ကျူးလွန်ခဲ့သူမှန်သမျှ၊ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အမိန့်ပေးညွှန်ကြားခဲ့သူ ဒါမှမဟုတ် ကူညီခဲ့သူ မှန်သမျှ အပြစ်ပေးအရေးယူခံရမှုကနေ ရှောင်လွှဲလို့ မရဘူးဆိုတာကို ထင်ထင်ရှားရှား ပြလိုက်တာ ဖြစ်ပါတယ် လို့ ယူကရိန်းအစိုးရ ရှေ့နေချုပ် အိုင်ရီနာ ဗီနဒစ်တိုဗာ က သူ့ရဲ့ တွစ်တာမှာ ရေးထားပါတယ်။
ယူကရိန်းအစိုးရ ရှေ့နေချုပ် အိုင်ရီနာ ဗီနဒစ်တိုဗာ က ရုရှားစစ်သား ၄၁ ဦးအပေါ် စစ်ရာဇဝတ်မှုနဲ့ တရားစွဲဆိုဖို့ သူ့ရဲ့ အမှုလိုက်တရားရုံးက အသင့်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
ရုရှားအစိုးရကတော့ ဒီအမှုအကြောင်း သူတို့ကို အစီရင်ခံ တင်ပြတာမျိုး မရှိခဲ့ဘူးလို့ အစောပိုင်းတုန်းက ပြောပါတယ်။
ရုရှားစစ်သားတွေကို စစ်ရာဇဝတ်မှုနဲ့ သဟိဂ်မြို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) မှာ တရားစွဲဆိုနိုင်ဖို့ စုံစမ်းစစ်ဆေးသူတွေက အထောက်အထား အချက်အလက်တွေ စုဆောင်းနေတာ ဖြစ်တဲ့အတွက် ရှီရှီမာရင်ရဲ့ ကြားနာစစ်ဆေးမှုကို အသေအချာ အနီးကပ် စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)အဖွဲ့က စုံစမ်းစစ်ဆေးရေးမှူးတွေ၊ မှုခင်းကျွမ်းကျင်သူတွေနဲ့ အားဖြည့်ဝန်ထမ်းတွေ အပါအဝင် လူ ၄၂ ဦးပါ အဖွဲ့တစ်ဖွဲ့ကို ယူကရိန်းနိုင်ငံဆီ စေလွှတ်မှာ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံကလည်း နောင်မှာ တရားစွဲဆို အရေးယူနိုင်ဖို့အတွက် အထောက်အထား အချက်အလက်တွေ စုဆောင်း သိမ်းဆည်းထားဖို့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ယူကရိန်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့မှုနဲ့ ရုံးတင်စစ်ဆေးခံနေရသူ ရုရှားစစ်သား တစ်ယောက်က လက်နက်မဲ့ အရပ်သားတစ်ဦးကို သတ်ခဲ့မှုမှာ အပြစ်ရှိကြောင်း ဝန်ခံ လျှောက်လဲခဲ့ပါတယ်။