ဖိလစ်ပိုင် ရွေးကောက်ပွဲ- အာဏာရှင်မားကိုစ့်ရဲ့သား အပြတ်အသတ်အနိုင်ဖို့ အလားအလာ ရှိနေ

ဖိလစ်ပိုင်အာဏာရှင်ဟောင်းမားကို့စ်ရဲ့ သား ဖာဒီနန် ဘုံဘုံမားကို့စ် ဂျုနီယာဟာ အခုကျင်းပနေတဲ့ ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရဖို့ အခြေအနေရှိနေပြီဆိုတာ လတ်တလော ပဏာမ ရလဒ်တွေအရ သိရပါတယ်။

အသက် ၆၄နှစ်ရှိပြီဖြစ်တဲ့ အထက်လွှတ်တော်အမတ် ဘုံဘုံက အခုအချိန်အထိ မဲ ၅၆% နဲ့ ဦးဆောင်နေပြီး ပြိုင်ဘက် လီနီရောဘတ်ဒိုကမဲ ၂၈ %သာရရှိထားပါတယ်။ နာမည်ကျော် လူထုတော်လှန်ရေးကြောင့် သမ္မတရာထူးကနေ သူ့အဖေ ဖြုတ်ချခံရပြီးနောက်ပိုင်း ၃၆ နှစ်အကြာမှာ ဘုံဘုံမားကို့စ် အာဏာရဖို့ ဖြစ်လာတာပါ။

သူ့ရဲ့ မဲဆွယ်စည်းရုံးရေးမှာ သတင်းမှားတွေသုံးပြီး နိုင်အောင် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း သူက ငြင်းဆိုထားပါတယ်။

မဲပေးတဲ့သူ အရေအတွက်ကလည်း အရင်ရွေးကောက်ပွဲထက် ပိုများတယ်လို့ သိရပြီး တရားမျှ တမှုရှိဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။ မဲရုံတစ်ရုံအနီးမှာ လူသုံးဦး ပစ်ခတ်မှု တစ်ခုဖြစ် ခဲ့ပေမယ့် တနိုင်ငံလုံးအနေနဲ့ အခြေအနေအေးအေးဆေးဆေးရှိခဲ့တယ်လို့ တာ၀န်ရှိတဲ့ သူတွေက ပြောပါတယ်။

ဒါပေမယ့် မဲရုံတွေမှာ ပျက်နေတဲ့ စက်တွေနဲ့ မဲ၀ယ်တယ်လို့ စွပ်စွဲဖော်ပြထားတဲ့ ဗီဒီယိုတွေနဲ့ ပတ်သက်ပြီး တော့မေးခွန်းထုတ်စရာတွေ ရှိနေသေးတယ်လို့ မနီလာမြို့က ဘီဘီစီသတင်းထောက် ဟောင်းဝပ် ဂျွန်ဆင်က ပြောပါတယ်။

ရွေးကောက်ပွဲအကြို သဘောထားစစ်တမ်းတွေအရဆိုရင်လည်း မစ္စတာမားကို့စ်ဂျူနီယာက သူနဲ့ အနီးကပ်ဆုံး ပြိုင်ဘက် မစ္စရိုဘရီဒိုထက် ရာခိုင်နှုန်းများစွာ အသာရထားပါတယ်။

ဒီရလဒ်က သူ့ဖခင်ရဲ့ အုပ်ချုပ်မှုဟာ အကျင့်ပျက်ခြစားမှုတွေနဲ့ ဆင်းရဲမွဲတေမှုတို့ကို ဖယ်ရှားပေးခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ "ရွှေခေတ်"လို့ ဘုံဘုံမားကို့စ်က တစိုက်မတ်မတ် ပုံဖော် ဖော်ပြခဲ့တဲ့ ရလဒ်ဖြစ်တယ်လို့ ဝေဖန်သူတွေကတော့ ပြောနေပါတယ်။

သူ့ ဖခင် ဖာဒီနန်မားကို့စ်ဟာ ၁၉၆၅ ခုနှစ်မှာ သမ္မတဖြစ်လာပြီး ၁၉၇၂ ခုနှစ်မှာ စစ်အုပ်ချုပ်ရေး ချမှတ်ခဲ့ကာ ထောင်ချီတဲ့ သဘောထားကွဲလွဲသူတွေနဲ့ ဝေဖန်ရေးသမားတွေကို ထောင်ချတာတွ၊ ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်တဲ့ အစိုးရကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ မားကို့စ်နဲ့သူ့ ဇနီးသည် အီမယ်လ်ဒါတို့ဟာ ဖိလစ်ပိုင်နိုင်ငံပိုင် ဘဏ္ဍာငွေ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခိုးယူခဲ့ပြီး အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်လို့ ကျော်ကြားတဲ့ ဥပမာပြစရာတွေ ဖြစ်ခဲ့ပါတယ်။

ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကျင့်ပျက်ခြစားမှုနဲ့ စီးပွားရေးပြိုလဲလုနီးနီး စစ်အုပ်ချုပ်ရေး ကာလတွေက အချက်အလက်တွေကို ချန်လှပ်ထားပြီး ရာဇ၀တ်မှုကင်းစင်တဲ့ ရွှေခေတ်ကြီးအဖြစ် မားကို့စ်ခေတ်ဟောင်းကို ပြန်လည်တံဆိပ်ကပ်ဖို့ လူမှုကွန်ရက်လှုံ့ဆော်စည်းရုံးမှု တစ်ခုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီလှုံ့ဆော်မှုကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုခန့်က စတင်ခဲ့ပြီး၊ ရာနှင့်ချီတဲ့ လိမ်လည်တည်းဖြတ်ထားတဲ့ ဗီဒီယိုတွေကို ယူကျုမှာတင်ပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ ပြန်ဖော်ပြတာတွေ လုပ်ခဲ့တာ ရှိပါတယ်။

မားကို့စ်ကို စော်ကားတာက တရားမျှတမှု မရှိကြောင်း၊ မားကို့စ် လောဘကြီးတယ်လို့ ဖော်ပြတဲ့ သတင်း ဇာတ်လမ်းတွေက မမှန်ကြောင်း အစရှိသဖြင့် လှုံ့ဆော်ဖော်ပြခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံသား သန်းပေါင်းများစွာကို ဆွဲဆောင်စည်းရုံး ခဲ့ပါတယ်။

ပြီးတော့ မားကို့စ်မိသားစုက ပင်လယ်ရပ်ခြားမှာ သိမ်းထားတဲ့ငွေစာရင်းတွေ ဒါမှမဟုတ် လျှို့ဝှက်ထားတဲ့ ရွှေတုံးတွေကို သိမ်းထားတာတွေရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတွေ ဖိလစ်ပိုင်နိုင်ငံတွင်းက ဆင်းရဲတဲ့ဒေသတွေမှာ ရှိပေမယ့် ဒါတွေဟာ တစ်ချိန်မှာ သူတို့ မိသားစု အာဏာပြန်ရရင် ဖိလစ်ပိုင်ပြည်သူတွေကို အကျိုးပြုဖို့ သိမ်းထားတယ်ဆိုတဲ့ ဒဏ္ဍာရီတွေလည်း ရှိနေပါတယ်။

၁၉၈၆ ခုနှစ်နောက်ပိုင်း အုပ်ချုပ်ရေးယန္တရားက ဆင်းရဲနွမ်းပါး တဲ့ ဖိလစ်ပိုင် လူမျိုးတွေရဲ့ ဘဝတွေကို သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် လူထုစိတ်ပျက်ခဲ့ရာတွေကနေလည်း မားကို့စ်ကို ထောက်ခံတဲ့ မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်မှုအတွက် အမြတ်ထွက်ခဲ့ပါသေးတယ်။

ဘုံဘုံမားကို့စ်က သူ့ရှေ့က သမ္မတရိုဒရီဂို ဒူတာတေးလို အပြောင်းအလဲအတွက်လုပ်ဆောင်ပေးမယ့် ကိုယ်စားလှယ်လောင်း တစ်ယောက်အဖြစ် အောင်မြင်စွာ သရုပ်ဖော်နိုင်ခဲ့ပြီး နိုင်ငံရေးအရ အပြောင်းအလဲလိုချင်တဲ့ ဖိလစ်ပိုင်လူထုကို ပျော်ရွှင်မှုနှင့် စည်းလုံးညီညွတ်မှုဆောင်ကျဉ်းပေးမယ်လို့ လည်း သူက ကတိပြုခဲ့ပါတယ်။

မစ္စတာမားကို့စ်ဟာ နိုင်ငံရေးလောကမှာတော့ လူသစ်တစ်ယောက်မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာအတွင်း ရွေးကောက်ခံရာထူးအသီးသီးကို တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၆ ဒုသမ္နတ ရွေးကောက်ပွဲမှာ မစ္စရိုဘရီဒိုကို ရှုံးနိမ့်ခဲ့ပါတယ်။

အခုရွေးကောက်ပွဲ သူ့ရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ သူနိုင်ရင်ဘာလုပ်ပေးမယ်ဆိုတဲ့အစီအစဉ် ဒါမှမဟုတ် မူဝါဒတွေ ကို အသေးစိတ်မဖော်ပြထားဘဲ လွတ်လပ်တဲ့ မေးခွန်းထုတ်မှုတွေ ရင်ဆိုင်ရနိုင်တဲ့ အခြေအတင်စကားရည်လုပွဲမျိုးတွေကိုလည်း ရှောင်ရှားခဲ့တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

သူက ပေါ့ပ်ဂီတ၊ ဟာသနှင့် အကတွေ ပါဝင်ထည့်သွင်းထားတဲ့ လူထုစုဝေးပွဲတွေကို ကျင်းပခဲ့ပြီး တက်ရောက်သူတွေကိုလည်း လက်ပတ်နဲ့ တီရှပ်တွေ အလကား ၀ေပေးပါတယ်။

သန့်ရှင်းပြီး ထိရောက်တဲ့ အစိုးရတစ်ရပ်ဖွဲ့စည်းပေးမယ်ဆိုတဲ့ ကတိနဲ့ သမ္မတ အရွေးခံခဲ့တဲ့ မစ္စရော် ဘရီဒိုကတော့ သူမ၏ "ပန်းရောင်တော်လှန်ရေး" ချီတက်ပွဲတွေလုပ်ပြီး လူတွေကို ဆွဲဆောင်ခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ အပြိုင်အဆိုင် မဲဆွယ်ပွဲတွေကြောင့် အခုရွေးကောက်ပွဲဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ လူစောင့်ကြည့်မှု အများဆုံး ရွေးကောက်ပွဲတွေက တစ်ခုဖြစ်လာခဲ့ပါတယ်။

ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံးက မဲပေးဖို့ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင် ထက်ဝက်နီးပါးရှိတဲ့ အသက် ၃၀အောက်တွေကို ဆွဲဆောင်စည်းရုံးခဲ့ကြပါတယ်။

မစ္စတာမားကို့စ်ဂျူနီယာဟာ ကပ်ရောဂါဘေးကနေ မျှော်လင့်ထားတာထက် ပိုမိုကောင်းလာတဲ့ စီးပွားရေး ရှိနေတဲ့ နိုင်ငံကို အမွေဆက်ခံလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ငွေကြေးဖောင်းပွမှု မြင့်မားနေတာကနေ ရက်စက်ကြမ်းကြုတ်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တွေလုပ်ဆောင်ခဲ့တဲ့ သမ္မတ ရိုဒရီဂို ဒူတာတေး ခေတ်လွန်အခြေအနေ စိန်ခေါ်မှုတွေကလည်း သူ့ကို စောင့်ကြိုနေပါတယ်။

အလွန်ရေပန်းစားပြီး လူကြိုက်များတဲ့ပုံစံ ရှိတဲ့ မစ္စတာဒူတာတေးက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲကို ကြီးကြပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက လူထောင်နဲ့ချီကို တရားရုံးတင်စစ်ဆေးခြင်းမပြုဘဲ သတ်ဖြတ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။

ဒူတာတေးရဲ့သမီး ဆာရာ ဒူတာတေးကလည်း မားကို့စ်ဂျူနီယာနဲ့အတူ ဒုတိယသမ္မတနေရာအတွက် အရွေးခံခဲ့ရပြီး မဲအပြတ်အသတ်နဲ့ ဦးဆောင်နေတယ်ဆိုတာ နောက်ဆုံးရထားတဲ့ ရလဒ်တွေအရ သိရပါတယ်။

ဒီရွေးကောက်ပွဲက သမ္မတရွေးကောက်ပွဲ တစ်ခုတည်းမဟုတ်ဘဲ အထက်လွှတ်တော်အမတ်တွေ၊ အောက်လွှတ်တော်နဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေလည်း ပါဝင်ပါတယ်။

ရွေးကောက်ပွဲ တရားဝင် ရလဒ်တွေ ထွက်လာဖို့ကတော့ ရက်တွေ ကြာမြင့်ဦးမှာပါ။