ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိုလံပစ်စက်ဘီးသမားအစား စက်ဘီးစီးဘဏ်ဓားပြ ဖြစ်လာသူ
အမေရိကန်နိုင်ငံ ရှီကာဂိုက လေဘာတီဗစ်လ်အရပ်မှာ တွမ်ဂျက်စတစ် နေပါတယ်။ သူ့နာမည်ရော သူနေတဲ့ နေရာကရောကတော့ အိုလံပစ် စက်ဘီးသမားဘဝအိပ်မက်ကို စွန့်ပြီး စက်ဘီးစီးဘဏ်ဓားပြဖြစ်လာတဲ့ သူ့ဘဝနဲ့ ထပ်တူကျမနေပါဘူး။
သူဟာ ငယ်စဉ်ကတည်းက စက်ဘီးစီးဝါသနာပါတဲ့ သူတစ်ယောက်ဖြစ်ပြီး အသက် ၁၃နှစ်အရွယ်မှာ သူ့ဒေသတွင်းက စက်ဘီးစီးရုံက အားကစားသမားတွေနဲ့ စတင်ချိတ်ဆက်မိခဲ့ပါတယ်။
အဲ့ဒီအချိန်ကစပြီး စက်ဘီးလောကထဲကို သူ စ၀င်ခဲ့ပြီး ကောလိပ်ကနေ ဘွဲ့ရပြီးနောက်ပိုင်းမှာ အမေရိကန်အိုလံပစ်ပြေးခုန်ပစ်အားကစားအဖွဲ့နဲ့ အတူလေ့ကျင့်တဲ့ အခြေအနေထိတောင်ရောက် ခဲ့ပါတယ်။
စိတ်ပြောင်းသွားစေတဲ့ ရုပ်ရှင်
ဒါပေမယ့် တကယ့်စက်ဘီးသမားတော့ ဖြစ်မလာခဲ့ပါဘူး။ သူကောလိပ်တက်ခဲ့တဲ့ ခြောက်နှစ် ကျော်ကာလအတွင်းမှာ ရုပ်ရှင်တွေကို တအား စွဲစွဲလမ်းလမ်းကြည့်ခဲ့ပါတယ်။ အထူးသဖြင့် သူတစ်အားကြိုက်တဲ့ရုပ်ရှင်က ၁၉၉၄ခုနှစ်ကရုံတင်ခဲ့တဲ့ ဘန်စတယ်လာရဲ့ Reality Bitesဆိုတဲ့ ရုပ်ရှင်ပါ။
အဲ့ဒီရုပ်ရှင်ထဲက လူ့အဖွဲ့အစည်းကို စိတ်ပျက်လက်ပျက်ဖြစ်ပြီး အလုပ်ကထွက် အဆင်မပြေဖြစ်နေတဲ့ Ethan Hawkeရဲ့ ဇာတ်ကောင် Troy Dyer ကို သူတအား စွဲလမ်းခဲ့ပါတယ်။ "အဲ့ဒီရုပ်ရှင်ကို ထပ်ခါထပ်ခါ ကြည့်မိတယ်။ ကံမကောင်းတာက ရုပ်ရှင်ထဲက မြင်ကွင်းကို တကယ့်အပြင်မှာလိုခံစားခဲ့တာပါ။"
ပြီးတော့ အိုလံပစ်ကစားသမားဘဝက အရမ်းခက်ခဲ ပင်ပန်းတယ်လို့ ရုတ်တရက် သူ ခံစားလာရပြီး အဲ့ဒီကနေ နုတ်ထွက်၊ ရှီကာဂိုက အိမ်ကို ပြန် ခဲ့ပါတယ်။
ဘဝက တွမ် မျှော်လင့်ထားသလို ဖြစ်မလာဘူး။ သူက စိတ်လှုပ်ရှား တဲ့ကိစ္စတွေလုပ်ပြီး အောင်မြင်မှုလိုချင်တဲ့ သူတစ်ယောက်ပါ။
ဒါပေမယ့် ပေါ့ပေါ့ လျော့လျော့နေချင်တဲ့ သူ့ စိတ်ဓာတ်ကြောင့် ပန်းတိုင်ကို ဖြည်းဖြည်းချင်း ရောက်အောင်သွားမယ်ဆိုတဲ့ လမ်းကြောင်းကို ငြင်းပယ်မိခဲ့ပါတယ်။
ဒီလိုနဲ့ တခြား စိတ်လှုပ်ရှားစရာ လမ်းကြောင်းကို လိုက်ခဲ့ပြီး နောက်ထပ်ရုပ်ရှင် တစ်ခုကိုလည်း စွဲလမ်းခဲ့ပြန်ပါတယ်။
ဓားပြတိုက်တဲ့အကြောင်းရိုက်ထားတဲ့ ဂန္ထဝင်ရုပ်ရှင်ကား Heatရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပြီး ငွေရောင်ပိတ်ကားပေါ်က စိတ်ကူးယဉ်ဇာတ်ကွက်တွေကို အဖြစ်မှန်ရာဇ၀တ်မှုအဖြစ် ထူးထူးဆန်းဆန်း ပြောင်းခဲ့ပါတယ်။
ပထဆုံး ဘဏ်ဓားပြတိုက်မှု
၁၉၉၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ပထမဆုံးဘဏ်ဓားပြတိုက်မှုကို သူ လုပ်ခဲ့ပြီး အိုလံပစ်အဆင့်ရှိတဲ့ သူ့ရဲ့ စက်ဘီးစီးစွမ်းရည်နဲ့ သူ့ရဲ့ပြိုင်စက်ဘီးကို အသုံးချခဲ့ပါတယ်။
တစ်နှစ်ကြာတော့ နောက်ဘဏ်တစ်ခု ၊ ပြီးတော့ နောက်ဘဏ်တစ်ခု၊ တစ်ခုပြီးတစ်ခုကို လက်နက်မဲ့ ဓားပြတိုက်ခဲ့ပါတယ်။
အဲ့ဒီဓားပြတိုက်မှုတွေကနေ သူ့နောက်ခြေရာခံလိုက်မှာစိုးလို့ ပိုက်ဆံတွေကို အမှိုက်ပုံးတွေမှာ စွန့်ပစ်တာ ဒါမှမဟုတ် ချောင်ကြိုချောင်ကြားနေရာတွေမှာ အညို ရောင်စက္ကူအိတ်တွေထဲ ထားပစ်ခဲ့ပါတယ်။
အက်ဖ်ဘီအိုင်ရဲ့ စုံစမ်းစစ်ဆေးမှု
ရုပ်ရှင်ထဲကလို အဖြစ်မျိုးကို လက်တွေ့ ဘ၀မှာ နေထိုင်တာက သဲထိတ်ရင်ဖိုတွေနဲ့ အကျိုးဆက်တွေလည်း ဖြစ်လာခဲ့ပါတယ်။
ခြေရာမခံနိုင်ခင်အထိတော့ ဘဏ်တွေအများကြီး တစ်ခုပြီးတစ်ခု တိုက်လို့ရမှာပါ။ ဒါပေမယ့်နောက်ဆုံးတော့ FBI က ခင်ဗျားကို စခြေရာခံ မိသွားမှာပဲလို့ သူက ပြောပါတယ်။
တွမ်ဘယ်သူဆိုတာကို အက်ဖ်ဘီအိုင်က မသိသေးတော့ ဖမ်းမမိတဲ့ ဘဏ် ဓားပြတိုက်မှုတွေရဲ့ သဲလွန်စတွေကို ဆက်စပ်ရင်းကတဆင့် သူ့ကို စခြေရာခံမိခဲ့ပါတယ်။
သူ့အိတ်ကို ဒေါ်လာတွေ ဖြည့်ပေးနေတဲ့အချိန် စိတ်ရှည်လက်ရှည်နဲ့ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာထားထားတတ်တဲ့ သူ့ကို "The Choirboy" ခရစ်ယာန်ဓမ္မတေးသံစုံအဖွဲ့က ကောင်လေးလို့တောင် ဘဏ်ဝန်ထမ်းတွေက နာမည်ပြောင် ပေးထားကြပါတယ်။
စစ်မှန်တဲ့ ရည်မှန်းချက် သေသေချာမရှိတာနဲ့ အတူ တွမ်ရဲ့ ကမ္ဘာကြီးက စတင် ရှုပ်ထွေးလာပြီး သူလုပ်နေတာတွေက သူ့ မိသားစုကို ဒုက္ခရောက်အောင် လုပ်သလိုဖြစ်နေပြီဆိုတဲ့ သတိထားမိခဲ့ပါတယ်။
စိတ်ပျက်မှုနဲ့ မလုံခြုံမှု
ဘဏ်ဓားပြတိုက်တဲ့ကိစ္စက သူစိတ်ပျက်နေတာတွေနဲ့ မလုံခြုံဖြစ်နေတာကနေ ခဏတာတော့ သက်သာမှုရစေပါတယ်။
"ကျွန်တော်တို့အားလုံး နေ့စဉ်ဘ၀ လျှောက်လှမ်းနေကြသလိုပဲ အားတဲ့အချိန် မှာ ဘဏ်ဓားပြတိုက်တယ်ဆိုတဲ့ ထူးခြားတဲ့ လျှို့ဝှက်ချက်တစ်ခု ကျွန်တော့်မှာ ရှိခဲ့ဖူးပါတယ်။
"ဒီတော့ အဲ့ဒါက ကျွန်တော် တကယ် အဓိက အလုပ်လို မလုပ်ခဲ့ဘူးဆိုတဲ့ အချက်ကို တန်ပြန်ဖို့ တွန်းအားတစ်ခုပါ။"
တွမ်က သူလုပ်နေတာတွေရဲ့ ပျက်စီးဆုံးရှုံးမှု၊ ဘဏ်ဝန်ထမ်းတွေရဲ့ ကြောက်လန့်နေ တဲ့ မျက်နှာ၊ ဒါမှမဟုတ် သူလုပ်ခဲ့တဲ့ ပြစ်မှုတွေရဲ့ အကျိုးဆက်တွေကိုတောင် တွေးမိခဲ့တာ မဟုတ်ပါဘူး။
ကိုကင်းဘက်လှည့်ခဲ့
ဘဝ နှစ်မျိုးဖြစ်နေတဲ့သူ့ဘ၀ဟာ ရည်မှန်းချက်မဲ့သလို ဖြစ်နေတယ်ဆိုတာမျိုး တစ်ချိန်တုန်းက သူခံစားခဲ့ဖူးပါတယ်။အဲ့ဒီအချိန်မှာ ပါတီတစ်ခုကိုသွားပြီး ကိုကင်းကို စသုံးစွဲ ဖြစ်လာပါတယ်။
ဘဏ်ဓားပြတိုက်မှုတွေ လုပ်နေသလို တဖက်မှာလည်း ကိုကင်းတွေ အများကြီး သုံးဖြစ်လာခဲ့ပါတယ်။ တွမ်ဟာ ကိုကင်း ထိုးတာ၊ ရှူတာတွေ ကောင်းကောင်းလုပ်တတ်လာပြီး ဓားပြတိုက်လို့ရတဲ့ငွေတွေကို မူးယစ်ဆေးဝါးအတွက် သုံးဖို့ဖြစ်လာပါတယ်။
"ဒီအခြေအနေကို ဘာလို့ရောက်လာတာလဲဆိုတာလည်း မတွေးတော့ပါဘူး။ အခုဆို မူးယစ်ဆေးသုံးဖို့ အတွက် ဘဏ်တွေကို ဓားပြတိုက်နေတဲ့ ကြောက်စရာကောင်းတဲ့သူတစ်ယောက် ဖြစ်နေပါပြီ။ တကယ် တစ်ကိုယ်ကောင်းဆန်ပါတယ်။"
ကံမကောင်းတော့ဘူး
မတ်လ ၂၀၀၂ ခုနှစ်မှာ ၂၆ ခုမြောက် ဘဏ်ဓားပြတိုက်တဲ့အချိန်မှာတော့ တွမ် အရင်တုန်းကလို ကံမကောင်းတော့ပါဘူး။
လမ်းပေါ်မှာ ကားတွေကျပ်နေတဲ့အချိန်မှာ သူ့ကို ရဲတစ်ယောက်က သတိထားမိသွားပြီး သူ့ကိုတား အိတ်ကို စစ်ဆေးဖို့ လုပ်ပါတယ်။
ရဲတွေလိုက်ဖမ်းပြီ
အဲ့ဒီအချိန်မှာ တွမ်က သူ့စက်ဘီးနင်း ကျွမ်းကျင်မှုကို အသုံးချပြီး လှည့်ထွက် ဖို့ကြိုးစားခဲ့ပါတယ်။ ရဲကလည်း စကားပြောစက်နဲ့ နောက်ထပ်အင်အား လှမ်းခေါ်ပြီး သူ့နောက်က လိုက်ဖမ်းပါတယ်။
တွမ်ကလည်း သူ့ကို ဖမ်းဖို့ကြိုးစားတဲ့ လမ်းက အတားအဆီးတွေကို ဖြတ်ကျော် နိုင်ခဲ့ပါတယ်။သူထွက်ပြေးဖို့ကြိုးစားရင်း မတ်စောက်တဲ့ တောင်စောင်းအဆင်းက မြစ်တစ်စင်းကို တွေ့လိုက်ပါတယ်။
အဲ့ဒီအချိန်မှာ စက်ဘီးကို ဆက်မစီးတော့ဘဲ ပစ်ထားခဲ့လိုက်ပြီး နောက်လမ်းကြောင်းတခုကနေ ရေထဲခုန်ချထွက်ပြေးပြီး တောအုပ်ထဲမှာ ပုန်းနေခဲ့ပါတယ်။
အဲ့ဒီမှာ နာရီနဲ့ချီ သူပုန်းနေခဲ့ရပါတယ်။ သူ့ခေါင်းပေါ်ကနေ ရဟတ်ယာဉ်တွေ ပျံနေတဲ့အသံ ၊ရဲကားတွေရဲ့ ဥသြသံတွေနဲ့ ရဲခွေးတွေ အနံ့ခံလိုက်ရှာသံတွေကိုတောင် ကြားနေရပါတယ်။
ပုန်းအောင်းနေတဲ့အချိန်
တွမ် နာရီပေါင်းများစွာ အိပ်ပြီး ပုန်းနေခဲ့ရပါတယ်။ ဒီလိုနဲ့ ထိတ်လန့်မှုနဲ့ ဆူညံသံတွေကြားထဲမှာ သူပြန်သုံးသပ် တွေးတောဖို့ဖြစ်လာခဲ့ပါတယ်။
" ရဲတွေက နောက်ကလိုက်နေတော့ ဒီလိုလုပ်တာ မကောင်းဘူးဆိုတာ စတွေးမိခဲ့တယ်လို့ ထင်တယ်။"
"ဘာလို့လဲ၊ ငါ စိတ်ဝင်စားစရာ ဘဝခရီးလမ်းကိုပဲ သွားနေတယ်လို့ သူတို့မမြင်ကြဘူးလား။ သေချာတယ် သူတို့အဲဒီလို မြင်မှာ မဟုတ်ဘူး"လို့ သူတွေးမိပါတယ်။
ဆေးစသုံးတုန်းကတော့ ဒါမျိုးဖြစ်မှာ မဟုတ်ဘူး။ ရဲတွေလိုက်ဖမ်း၊ ပစ်မယ်ခတ်မယ်ဆိုမှ သတိဝင်လာတာလို့ သူက ပြောပါတယ်။
"ဒါဆို ဒါကို အခုမှ ပထမဆုံးသိတာ... ငါ့အခြေအနေက ဆိုးနေပြီ ။ ငါဘယ်လိုရုန်းထွက်ရမှန်းမသိဘူး။ ငါဘယ်လိုလုပ်ရမှန်း မသိတော့ဘူး"လို့ သူ့ကိုယ်သူ ပြန်ပြောမိတဲ့အကြောင်း သူက ပြန်ပြောပြပါတယ်။
ခြောက်နာရီကြာအောင် ပုန်းနေပြီးမှ အခြေအနေ ငြိမ်သက်သွားပါတယ်။
တွမ်ဟာ ပုန်းခိုတဲ့ နေရာကနေ သတိကြီးကြီးနဲ့ မြစ်ကိုဖြတ်၊ အောက်ကို လျှောဆင်းသွားပြီး နောက်ဆုံးမှာ သူလွတ်မြောက်သွားပါပြီ။
စက်ဘီးနဲ့ခွဲရပြီ
တွမ်မှာ စက်ဘီး မရှိတော့သလို သူ စိတ်ကြိုက်ဖန်တီးထားတဲ့ တောက်ပြောင်နေတဲ့ လိမ္မော်ရောင် ပြိုင်ဘီးကလည်း သူလွတ်မြောက်ဖို့ အသုံးမ၀င်ခဲ့ပါဘူး။
အခုတော့ ရဲတွေက သူ့စက်ဘီးကို ရသွားကြပါပြီ။ ဒါကြောင့် တချိန်ချိန်မှာတော့ သူ့ကို ရဲတွေ မိသွားတော့မယ်လို့ သူသိနေပါပြီ။
လအနည်းငယ်ကြာပြီးနောက် တွမ် သူ့မိဘအိမ်ကနေ ပြန်လာတဲ့ အချိန် ကားမောင်းလာတုန်း ရဲကားတစ်စီးကို သူ့ကား နောက်ကြည့် မှန်က လှမ်းမြင်လိုက်ရပါတယ်။
ဒါပေမယ့် သူ ပခုံးတွန့်ပြီး ဆက်မောင်းသွားလိုက်ပါတယ် ။ နောက်တော့ ရဲတွေ သူ့နောက်က လိုက်လာတယ်ဆိုတာ သူသိလိုက်ပါတယ်။
ရဲတပ်ဖွဲ့က စီးနင်း
ရဲတွေက သူ့ကားကို သေနတ်နဲ့ ချိန်ထားပြီး တွမ်ကို ကားထဲကနေ ထွက်ခိုင်းပါတယ်။
မြေပြင်ပေါ်မှာ သူ မှောက်လျက်နေရတဲ့အချိန် သူ့ကို လက်ထိတ်ခတ်တဲ့သံကြားရပြီး သူ့လက်ကောက်ဝတ်တွေကလည်း တင်းကြပ်လာတာကို လက်တွေ့ခံစားရပါတယ်။
တွမ်ကို ရဲစခန်းခေါ်သွားပြီး စစ်ဆေးမေးမြန်းတာတွေလုပ်ပါတယ်။ သူကလည်း သူလုပ်ခဲ့တာကို အားလုံးကို ဝန်ခံလိုက်ပေမယ့် အဆိုးဆုံး ကိစ္စကတော့ သူ ဘဏ်ဓားပြမှုနဲ့ဖမ်းခံရတယ်လို့ ကောလဟာလထွက်နေတာတွေက အမှန်ပဲလို့ သူ့မိဘတွေကို ဖုန်းဆက်အကြောင်းကြားပြီး ပြောပြရတာပါ။
"သူတို့က လူတွေနဲ့လက်တွေ့ ရင်ဆိုင်ရမယ့်သူတွေဆိုတော့ တကယ့်ကို ရှက်စရာကြီးဗျ။"
အိမ်နီးချင်းတွေ၊ သူငယ်ချင်းတွေနဲ့ သူတို့ကရင်ဆိုင်ရမှာ ပြီးတော့ ခင်ဗျားတို့ သားဆိုးဆိုးရွားရွားတွေလုပ်ခဲ့တာပဲလို့ ပြောရင်လည်း ဘာမှပြောစရာမရှိဘဲ ဟုတ်တယ်လို့ပဲပြောရမှာ။
"အရမ်းရှက်စရာကောင်းတဲ့ကိစ္စပါ။ ဒီနေ့အထိ ကျွန်တော်အရှက်ရနေတုန်းပဲ။"
ထောင်ဒဏ်
တွမ်ဟာ အမေရိကန်နိုင်ငံတလွှားက ဘဏ်၂၆ ဘဏ်ကို ဓားပြတိုက်မှုနဲ့ ထောင် ၁၁နှစ် ကျခံခဲ့ရပါတယ်။
သူထောင်ကျတော့ ဖယ်ဒရယ်အကျဉ်းထောင်ကိုပြောင်းဖို့ သူ ထူးထူးဆန်းဆန်း မျှော်လင့်ခဲ့ပါတယ်။ သူက လေးနှစ်အတွင်း ရာဇဝတ်မှုတွေကနေ ဒေါ်လာ တစ်သိန်းနှစ်သောင်းကျော် စုစုပေါင်း လုယက်ယူခဲ့တာပါ။
"ဒါက အရမ်းကောင်းလိမ့်မယ်။ နောက်ဆုံးတော့ ငါ့လူတွေနဲ့ နေရမယ်။ ကိုယ်နဲ့ အဆင်ပြေတဲ့သူမျိုးတွေနဲ့ တွေ့ရမယ်လို့ ထင်ခဲ့တာ။ အဲဒီကို ရောက်သွားတော့ ထင်ထားသလို မဟုတ်ဘူး။ "
သူဟာ သူထင်ထားသလို ထူးခြားတဲ့လူ မဟုတ်ဘူးဆိုတာလည်း မကြာခင်မှာ သိလိုက်ရပါတယ်။ ဘဏ်ဓားပြ များစွာကလည်း သူတို့ရဲ့ကြိုးပမ်းမှုတွေကို နောက်ဆုံးမှာ လက်လွှတ်ခဲ့ကြရတာပါ။
ဓားစာခံတွေရဲ့ထိခိုက်မှု
ဖမ်းဆီးခံရပြီးနောက် သူလုပ်ခဲ့တာနဲ့ပတ်သက်ပြီး တခြားသူများတွေအပေါ် ထိခိုက်စေတဲ့ သူ့ရဲ့ လုပ်ရပ်တွေကို တွေ့လာရပါတယ်။
ဓားပြတိုက်ခံရမှုကြောင့် ဖြစ်ပျက်ခဲ့တဲ့ အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေကို ဖတ်ရင်း သူသိလာခဲ့တာပါ။ သူရဲ့ ဓားပြတိုက်မှုကြောင့် လူတွေ အလွန်စိတ်ထိခိုက်ခဲ့ရတယ်။ သူတို့အသက်သေမှာ ကြောက်တယ်လို့ ဘဏ်ဝန်ထမ်းတွေက အဲ့ဒီထဲမှာ ပြောထားကြပါတယ်။
"ကျွန်တော် တကယ်ရှက်မိတယ်။ အပြစ်ရှိသလို ခံစားခဲ့ရပေမယ့် သူတို့ဘက်က အမြင်ကို အရင်တုန်းက ဘယ်တော့မှ မစဉ်းစားခဲ့မိဘူး။"
"ခုထိတော့... ခံခဲ့ရတဲ့လူတွေရဲ့ ကြုံခဲ့ရတဲ့ပြောကြားချက်တွေကို အခုထိ ဖတ်နေရတုန်း ပါ။ အဲဒါမျိုး ကျွန်တော် အရင်က တစ်ခါမှ မကြုံခဲ့ရဖူးဘူး။"
သူ့လုပ်ရပ်တွေကြောင့် ဖြစ်ခဲ့ရတာတွေနဲ့ပတ်သက်ပြီး အမြဲတမ်းလိုလို သူ ဆက်တွေးနေမိပါတယ်။
"ပျော်စရာလို့ထင်ပေမယ့် အခြေအနေက တော်တော်ကြီးကို ဆိုးပါတယ်။"
"ဒါဟာ ပျော်စရာကောင်းရမှာ ဖြစ်ပေမဲ့ ဆိုးဆိုးရွားရွား အဆုံးသတ်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ဘဏ်တွေကို ဓားပြမတိုက်သင့်ပါဘူး။ "
၂၀၁၁ခုနှစ် ထောင်က သူလွတ်လာပြီးနောက်ပိုင်း သူ့ချစ်သူ ဘာရီနဲ့ ပြန်ပေါင်းစည်းခဲ့ပါတယ်။
အခုအခါ လူတွေကို စောင့်ရှောက်အကူအညီပေးနေတဲ့ဝန်ထမ်းတစ်ဦး ဖြစ်နေပြီး အကျဉ်းထောင်တွင်းမှာ နေရတဲ့ ဘဝအတွေ့အကြုံကိုလည်း ပြန်ပြီး အသုံးချနေပါတယ်။
"ထောင်ထဲမှာ ကြီးပြင်းလာရတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက အလုပ်ဖြစ်တယ်။ အဆင်ပြေတယ်။ ပြီးတော့ အဲဒါအတွက်လည်း ကျေးဇူးတင်ပါတယ်။"