သီရိလင်္ကာနိုင်ငံက ပူးပေါင်းဆန္ဒပြမှုတွေရဲ့ နောက်ကွယ်က သဘောထားကွဲမှုတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, နစ်ခ် မာ့ရှ်
- ရာထူးတာဝန်, ဘီဘီစီသတင်းဌာန၊ ကိုလံဘို
"ကြည့်လိုက်ကြစမ်းပါဗျို့။ ဒီမှာ မွတ်ဆလင်တွေလည်း ရှိတယ်၊ ဟိန္ဒူတွေလည်း ရှိတယ်၊ ခရစ်ယာန် ကက်သလစ်ဘာသာဝင်တွေလည်း ရှိတယ်။ အားလုံးက သွေးချင်းတူတယ်လေ။"
"ဒါကမှ တကယ့် သီရိလင်္ကာ"
လူခ်ရှန် ဝက်တူဟီဝါ က လူထောင်ပေါင်းများစွာ နေ့စဉ် စုဝေး ဆန္ဒပြရာ နေရာဖြစ်တဲ့ ကိုလံဘိုမြို့ရဲ့ ကမ်းခြေစပ် Galle Face Green ပန်းခြံတစ်လျှောက်ကို ညွှန်ပြရင်း ပြောပြနေတာပါ။
သီရိလင်္ကာနိုင်ငံမှာ မကြုံစဖူး အဆိုးဝါးဆုံး စီးပွားရေး အကြပ်အတည်းကြီးကြောင့် ပေါ်ပေါက်လာခဲ့တဲ့ အစိုးရဆန့်ကျင်တဲ့ ဒီလို ပူးပေါင်း လူထုဆန္ဒပြမှုကြီးတွေဟာ နိုင်ငံတဝန်းက လူမှုအသိုင်းအ၀ိုင်း အတော်များများကြား အနာရွတ် စွဲကျန်ထင်ရစ်စေခဲ့တဲ့ ဆယ်စုနှစ်ချီ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုတွေကို အလှည့်အပြောင်းတစ်ခု ဖြစ်လာစေနိုင်မယ်လို့ သူက မျှော်လင့်နေပါတယ်။
သူ့နားက ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးကလည်း ဒါကို သဘောတူပါတယ်။
"လူတွေက ဘာသာရေး၊ လူမျိုးရေး မတူကွဲပြားတာတွေကို ဘေးချိတ်ပြီး ဒီတောင်းဆိုဆန္ဒပြမှုမှာ အတူ ပူးပေါင်း ပါဝင်လာကြတာပါ၊ သီရိလင်္ကာက စည်းလုံးညီညွတ်တဲ့ တစ်ခုတည်းသော နိုင်ငံ ဖြစ်လာခဲ့ပါပြီ" လို့ ပြောပါတယ်။ သူတို့နှစ်ဦးစလုံးဟာ သီရိလင်္ကာနိုင်ငံလူဦးရေ စုစုပေါင်းရဲ့ ၄ ပုံ ၃ ပုံ ဖြစ်တဲ့ လူများစု ဆင်ဟာလီလူမျိုး ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ အရေအတွက် ကြီးမားတဲ့ လူနည်းစုတွေထဲမှာ တမီလူမျိုး ဟိန္ဒူဘာသာဝင်တွေ၊ မွတ်ဆလင်တွေနဲ့ ခရစ်ယာန်တွေ ပါပါတယ်။
"ဂိုတာ ထွက်တော့" ဆိုတဲ့ ရိုးစင်းတဲ့ တောင်းဆိုချက်စကားတစ်ခုနဲ့ နိုင်ငံတဝန်းက ပြည်သူတွေ လမ်းမပေါ် ထွက် ဆန္ဒပြနေကြတာ အခုဆိုရင် သီတင်းပတ်ပေါင်း အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။
ဂိုတာ ဆိုတာက သီရိလင်္ကာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ရှာ ကို ရည်ညွှန်းတာပါ။ သူဟာ ၂၀၁၉ ခုနှစ် အီစတာပွဲတော်နေ့မှာ အစ္စလာမစ်အုပ်စုတစ်စုရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူသေကြေ ဒဏ်ရာရမှုတွေ ဖြစ်ခဲ့အပြီး ဆင်ဟာလီလူမျိုး မျိုးချစ်ဝါဒ ဟောပြောစည်းရုံးမှုတွေနဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလာခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုတော့ သူ့ကို ထောက်ခံအားပေးမှုတွေ တစ်ဟုန်တိုး ကျဆင်းသွားခဲ့ပါပြီ။ သူ့ကို ထောက်ခံမဲပေးခဲ့သူ အတော်များများက စီးပွားရေး ကြပ်တည်းမှု ပြဿနာတွေ ဖြစ်လာခဲ့အပြီး သူ့ကို ရာထူးကနုတ်ထွက်ဖို့ တောင်းဆိုလာခဲ့ကြပါတယ်။ စီးပွားရေး ကိုင်တွယ်မှု ညံ့ဖျင်းတာအပြင် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ရှာဟာ သူ့သမ္မတသက်တမ်းကာလ အချိန်အတော်များများအတွင်း လူမျိုးရေးခွဲခြားသူအဖြစ် စွပ်စွဲခံနေရပါတယ်။ နိုင်ငံမှာ ကာလတာရှည်ဖြစ်ပွားနေတဲ့ လူမျိုးရေး၊ ဘာသာရေးတင်းမာမှုတွေကို ပိုဆိုးလာအောင် သူက သွေးထိုး လှုံ့ဆော်ခဲ့ပြီး နိုင်ငံရေး အကျိုးအမြတ် ထုတ်ခဲ့တယ်လို့ ဝေဖန်သူတွေက ပြောနေကြပါတယ်။ သူ့ရဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ မစ္စတာ ရာဂျာပက်ခ်ရှာ က "ဒီသမ္မတရွေးကောက်ပွဲကို ဆင်ဟာလီလူမျိုးတွေရဲ့ ထောက်ခံမဲတစ်ခုတည်းနဲ့ ကျွန်တော် အနိုင်ရမယ်ဆိုတာ သိထားပါတယ်"လို့ ပြောသွားခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမိုင်းအဆက်ဆက် တမီလ်လူမျိုးတွေကို အဓိက ပစ်မှတ်ထားပြီး ဆင်ဟာလီလူမျိုး ကြီးစိုးရေးဆိုတဲ့ နိုင်ငံရေးဝါဒဟာ သီရိလင်္ကာမှာ အခုမှ ပေါ်ထွန်းလာတာ မဟုတ်ပါဘူး။ တမီလ်ကျားသူပုန်တွေလို့ လူသိများတဲ့ LTTE ခွဲထွက်ရေးသမားတွေနဲ့ ဆယ်စုနှစ် တစ်ခုကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အစိုးရက ရက်ရက်စက်စက် အနိုင်ယူ အဆုံးသတ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက ဂိုတာဘာယာ ရာဂျာပက်ခ်ရှာ ဟာ သီရိလင်္ကာနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက ဆင်ဟာလီလူမျိုး အတော်များများက သူ့ကို သူရဲကောင်းတစ်ဦးအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်အတွင်းကာလ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေအတွက် တာဝန်ခံဖို့ သူ့ကို တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
အဲဒီတုန်းက တမီလ်လူမျိုး အသိုင်းအဝိုင်းကို လက်ကမ်းကြိုဆို တွေ့ဆုံဆွေးနွေးတာမျိုး လုပ်ရမယ့်အစား ဂိုတာဘာယာ ရာဂျာပက်ခ်ရှာ ဟာ အများကြိုက် လူများစုကြီးစိုးရေးဝါဒ အစီအစဉ်ကိုပဲ ဆက်ကျင့်သုံးဆောင်ရွက်ခဲ့တဲ့အတွက် တမီလ်လူမျိုးတွေအနေနဲ့ သူတို့ကိုသူတို့ အနှိမ်ခံ ဒုတိယတန်းစား နိုင်ငံသားတွေအဖြစ် ခံစားမိခဲ့ကြပါတယ်။
ဒါပေမဲ့ အီစတာပွဲတော်နေ့ ဗုံးခွဲတိုက်ခိုက်မှု၊ ရာဂျာပက်ခ်ရှာရဲ့ ရွေးကောက်ပွဲ အနိုင်ရမှုတွေအပြီး နောက်ပိုင်းမှာ မွတ်ဆလင်တွေဟာလည်း ကဲ့ရဲ့ ပြစ်တင်မှုတွေနဲ့ တစ်နေ့တခြား ရင်ဆိုင်လာခဲ့ရပါတယ်။
"မွတ်ဆလင်တွေရဲ့ နေအိမ်၊ လူနေမှုဘဝ၊ သိက္ခာရှိရှိနေထိုင်ဖို့ အခြေခံအခွင့်အရေး စတာတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်တာတွေ အကြီးအကျယ် တိုးလာတာကို တွေ့ရတယ်" လို့ အထင်ကရ မွတ်ဆလင် အခွင့်အရေး လှုပ်ရှားတောင်းဆိုသူ ရှရီးန် ဆရူယာ က ပြောပါတယ်။
လူအုပ်ကြီးနဲ့ တိုက်ခိုက်တာတွေ၊ မွတ်ဆလင်ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေကနေ ပစ္စည်းတွေ မဝယ်ကြဖို့ ဆင်ဟာလီ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတွေက သပိတ်မှောက်ခိုင်းတာတွေအပြင် သီရိလင်္ကာအစိုးရရဲ့ ကိုဗစ် ကပ်ရောဂါဆိုင်ရာ ပေါ်လစီအရ လူသေအလောင်းတွေကို အတင်းအဓမ္မ မီးသင်္ဂြိုဟ်ခိုင်းတာကလည်း အစ္စလာမ်ဘာသာနဲ့ ဆန့်ကျင်နေပြီး အဖွဲ့အစည်းအလိုက် "မွတ်ဆလင်ဆန့်ကျင်ရေး လုပ်ဖို့ ပြောင်ပြောင်တင်းတင်း ချပြခဲ့တာ" ဖြစ်တယ် လို့ သူက ပြောပါတယ်။
ဒါ့ကြောင့်လည်း ဆန္ဒပြမှုတွေကို ထောက်ခံအားပေးသူ အတော်များများအတွက်ကတော့ ကိုလံဘိုမြို့ Galle Face Green ပန်းခြံက ဒီလူမျိုးပေါင်းစုံ ဆန္ဒပြမှုကြီးဟာ သမ္မတ ရာဂျာပက်ခ်ရှာရဲ့ ခွဲခြားဆက်ဆံတဲ့ ပေါ်လစီကို ပြစ်တင်ရှုတ်ချကြောင်း တိုက်ရိုက် ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက ရှုထောင့်တစ်ခုပဲ ရှိသေးတယ်လို့ အကဲခတ်တွေက သတိပေးထားပါတယ်။
ဒါက တကယ့်ကို ထူးခြားတဲ့ အခိုက်အတန့်ကာလ တစ်ခုပါပဲ လို့ ကိုလံဘိုမြို့ အခြေစိုက် မူဝါဒရွေးချယ်ရေးဌာနရဲ့ ထိပ်တန်း သုတေသီ တစ်ဦးဖြစ်သူ ဘာဗာနီ ဖွန်ဆီကာ က ပြောပါတယ်။
"ဒါပေမဲ့ ဒီကနေ တကယ့် တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာမလား ဆိုတာကတော့ ဆက်စောင့်ကြည့်ကြရမှာပါ၊ ဒီအစိုးရဘက်က ရှေ့ဆောင်ထွက်ခဲ့သူ အတော်များများက အခုအခါ အစိုးရကို ဆန့်ကျင်လာနေတာအပေါ် လူနည်းစုတွေအကြား သံသယ ဖြစ်ကြမှာ မလွဲပါဘူး။"

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူမျိုးပေါင်းစုံ ယှဉ်တွဲနေထိုင်နေတဲ့ ကိုလံဘိုမြို့တော်က ဆန္ဒပြမှုတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပွဲတော်ကြီး ဆင်နွှဲနေတဲ့ ပုံမျိုး ဖြစ်နေပေမဲ့ တမီလ်လူမျိုး အများစုနေထိုင်နေတဲ့ နိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာတော့ အခြေအနေတွေက တခြားစီ ဖြစ်နေတာ တွေ့ရပါတယ်။
အဲဒီဒေသတွေမှာ သမိုင်းအစဉ်အဆက် အစိုးရ ဆန့်ကျင်စိတ်တွေ နက်နက်ရှိုင်းရှိုင်း ရှိနေပေမဲ့လည်း ဆန္ဒပြမှုတွေက ခုချိန်ထိ အရမ်းကို နည်းပါးလှပါတယ်။
ကိုလံဘိုမြို့ က ဆန္ဒပြသူတွေအပေါ် ထိန်းထိန်းသိမ်းသိမ်း လုပ်သလိုမျိုး လုံခြုံရေးအဖွဲ့တွေက သူတို့အပေါ် လုပ်မှာမဟုတ်ဘူးလို့ တမီလ်လှုပ်ရှားသူတွေက စိုးရိမ်နေကြတာပါ။
သီရိလင်္ကာနိုင်ငံမြောက်ပိုင်း ဂျက်ဖ်နာမြို့မှာ အခြေစိုက်တဲ့ တမီလ် အရပ်သားအခွင့်အရေး လှုပ်ရှားတောင်းဆိုသူ အနုရှနီ အလာဂါရာဂျာ က "ဒီမှာက ဆန္ဒပြဖို့ စီစဉ်ဆောင်ရွက်တာမှန်သမျှ အစိုးရဲ့ အကြမ်းနည်းနဲ့ နှိမ်နင်းပစ်တာကို အမြဲ ကြုံရလေ့ရှိတယ်" လို့ပြောပါတယ်။
"ဆန္ဒပြသူတွေကို ကိုင်တွယ်နှိမ်နင်းပုံက အမြဲတမ်း ၂ မျိုးရှိပါတယ်။ ဆန္ဒပြသူတွေက ဘယ်သူတွေလဲ၊ ဘယ်နေရာကလဲ ဆိုတာပေါ် မူတည်ပါတယ်။"
လောလောဆယ်တော့ ဆန္ဒပြမှုနဲ့ ဆက်နွှယ်ပြီး လူသေဆုံးမှု ဖြစ်ခဲ့တဲ့ တစ်ခုတည်းသောဖြစ်ရပ်က သီရိလင်္ကာအလယ်ပိုင်း ကျေးလက်ဒေသက ရမ်ဘွတ်ခါနာ ဆိုတဲ့ ရွာငယ်လေးမှာပဲ ဖြစ်ခဲ့ပါသေးတယ်။
အဲဒီမှာ ရဲက ဆန္ဒပြလူအုပ်ထဲ ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် ဆင်ဟာလီလူမျိုး ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီလို ဝမ်းနည်းစရာ ဖြစ်ရပ်မျိုးကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လူနည်းစုတွေအပေါ် လူများစု အသိုင်းအဝိုင်းက စာနာနားလည်လာကြပုံ ရတယ်လို့ အလာဂါရာဂျာ က ပြောပါတယ်။
ဒါပေမဲ့လည်း သူတို့ တမီလ်လူမျိုးတွေ နှစ်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြလာတာကို လူတွေက လစ်လျူရှုထားကြပြီး အခု ဆင်ဟာလီ လူများစုတွေပါတဲ့ ဆန္ဒပြမှုတွေကျမှ နိုင်ငံတကာ သတင်းမီဒီယာတွေက အာရုံစိုက်လာကြတာကိုတော့ သူ့အနေနဲ့ စိတ်မကောင်း ဖြစ်မိတယ်လို့ ဆိုပါတယ်။
ပြည်တွင်းစစ်ကြီး ပြီးကတည်းက တမီလ်လူမျိုး အတော်များများ ခုချိန်ထိ ပျောက်ဆုံးနေတာ၊ အစရှာမရတာမျိုးတွေ ရှိနေပါတယ်။ ဒါပေမဲ့ သီရိလင်္ကာအစိုးရ အဆက်ဆက်က သူတို့အပေါ် စစ်ရာဇဝတ်မှု စွဲချက်နဲ့ စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို ပိတ်ပင်တားဆီးဖို့ ကြိုးစားခဲ့ကြပါတယ်။
တမီလ်ကျားသူပုန်တွေရဲ့ အထိမ်းအမှတ် နှစ်ပတ်လည်ပွဲတွေ ကျင်းပတာမျိုးကို အမြဲ ပိတ်ပင်လေ့ရှိပြီး တစ်ခါတလေ အင်အားသုံး ဖြိုခွင်းတာတွေ ရှိတတ်ပါတယ်။ မနှစ်တုန်းက ဂျက်ဖ်နာ မြို့တော်ဝန် အပါအဝင် ဒေသခံ နိုင်ငံရေးသမားတွေ ထိန်းသိမ်းခံခဲ့ရပါတယ်။ ဒါ့အပြင် နိုင်ငံမြောက်ပိုင်းမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားဆဲ ဖြစ်တဲ့ ရဲတွေရဲ့ ရက်စက်တဲ့ နှိပ်ကွပ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း မကြာခဏ ထွက်ပေါ်နေပါတယ်။
"တကယ်လို့ တရားမျှတမှုနဲ့ တာဝန်ခံမှုအကြောင်း ကျွန်တော်တို့ဘက်က စပြောလာရင် ဒီဆန္ဒပြမှုတွေမှာ ကျွန်တော်တို့ လုံခြုံမှု ရှိနိုင်ပါ့မလား" လို့ အလာဂါရာဂျာက ပြောပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်းက ဟိန္ဒူဘုရားကျောင်း စေတီတစ်ခု ဖျက်ဆီးခံခဲ့ရပြီး အဲဒီမှာ ဗုဒ္ဓဘာသာ အမှတ်တံဆိပ်နဲ့ အလံတွေ အစားထိုး စိုက်ထူထားခဲ့တဲ့ ဖြစ်ရပ်အကြောင်း သူက ဥပမာပေး ပြောပြပါတယ်။
အဲဒီနေရာမှာ ဘုရားဝတ်ပြုမြဲ ဆက်ပြုနေကြတဲ့ ဟိန္ဒူဘုရားဖူးတွေကို သီရိလင်္ကာ ထောက်လှမ်းရေးအဖွဲ့တွေက စောင့်ကြည့်နေကြရုံသာမက ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတွေကလည်း လူမျိုးရေး စော်ကားပြောဆိုတာတွေ လုပ်ကြတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။
"ကိုလံဘိုမြို့မှာ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတွေ ဆန္ဒပြတာက အပြောင်းအလဲ တစ်ခုအဖြစ် မြင်ကြမှာပါ၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ကပဲ နိုင်ငံမြောက်ပိုင်းမှာ ဟိန္ဒူဘုရားကျောင်းတစ်ခုထဲ ဝတ်ပြုသူတွေ မဝင်နိုင်အောင် တားဆီးခဲ့သူတွေကလည်း ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတွေပါပဲ"လို့ အလာဂါရာဂျာက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
Galle Face Green ပန်းခြံက ဆန္ဒပြပွဲကို ပြန်ကြည့်မယ် ဆိုရင် သမ္မတရုံးရဲ့ အပြင်ဘက်မှာ ဘုန်းကြီးတွေ စီတန်း ချီတက် ဆန္ဒပြနေတာကို တွေ့ရမှာပါ။ သူတို့နောက်မှာတော့ ဘာသာအချင်းချင်းကြား စည်းလုံးညီညွတ်မှုကို ပြတဲ့အနေနဲ့ ခရစ်ယာန် ကက်သလစ် မယ်သီလရင်တွေ စီတန်း လိုက်ပါလာကြပါတယ်။
ဦးဆောင်သူမပါတဲ့ ဆန္ဒပြမှုတွေမှာ ညှိနှိုင်းဆောင်ရွက်ပေးနေသူတွေထဲက တစ်ဦးဖြစ်တဲ့ အမယ်လီနီ ဒီ ဆေရာ က ဒီလို အခိုက်အတန့် အချိန်ကာလမျိုးကို တွေ့ရတာ ဝမ်းသာကြည်နူးစရာ ကောင်းလှပါတယ်၊ နောက်ထပ် လုပ်ဆောင်စရာတွေ အများကြီး ရှိပါတယ်၊ အထူးသဖြင့် သူ့ရဲ့ ဆင်ဟာလီ လူမျိုးအသိုင်းအဝိုင်းတွင်းမှာပါ လို့ ပြောသွားပါတယ်။
"ဆင်ဟာလီနဲ့ တမီလ် လူမျိုးတွေ နှစ်သစ်ကို အတူတွဲပြီး ဆင်နွှဲနိုင်ခွင့်ရတာက အရမ်းကို ဝမ်းသာစရာပါ၊ ဒီမြက်ခင်းမှာပဲ မွတ်ဆလင်ဆန္ဒပြသူတွေနဲ့ သူတို့ရဲ့ ဥပုသ်ဖြေတဲ့ အစ်ဖ်တာ အိဒ် ပွဲတော်ကြီးကို အတူဆင်နွှဲခဲ့ကြပါတယ်"
"တကယ်လို့များ စစ်မှန်တဲ့ အဓိပ္ပာယ်ရှိတဲ့ တာရှည်တည်တံ့တဲ့ စည်းလုံးညီညွတ်မှုကို ဆောင်ကြဉ်းပေးလိုက်နိုင်ပြီ ဆိုရင်တော့ အောင်မြင်သွားပါပြီ။ ကျွန်မတို့ အားလုံး မျှော်လင့် စောင့်စားနေတဲ့ ရာဂျာပက်ခ်ရှာ ပြုတ်ကျအပြီး ကာလရောက်ရင် တမီလ်နဲ့ မွတ်ဆလင်တွေအနေနဲ့ သူတို့ တစ်သက်လုံး ခံစားလာခဲ့ရတဲ့ အနှိမ်ခံ ဒုတိယတန်းစားနိုင်ငံသား အဖြစ်မျိုး ပြန်မရောက်တော့ဘူးလို့ ကျွန်မမျှော်လင့်မိပါတယ်။"
ပင်လယ်ကမ်းခြေမှာ ဆန္ဒပြနေတဲ့ လူခ်ရှန် ဝက်တူဟီဝါ ကလည်း အခုချိန်မှာ လူအများစုဟာ အခြေခံလိုအပ်ချက်တွေ တူကြပြီး သူတို့မိသားစုတွေအတွက် အစားအသောက်၊ လောင်စာဆီနဲ့ ဆေးဝါးတွေ အလုံအလောက် ရဖို့ကို အဓိက အာရုံစိုက်နေကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ သူ့နိုင်ငံရဲ့ သမိုင်းမှာ ကဏ္ဍသစ်တစ်ရပ် ဖွင့်နိုင်မယ်လို့ သူမျှော်လင့်ပါတယ်လို့ လက်နှိပ်စက်စာရေးတစ်ဦးဖြစ်တဲ့ လူခ်ရှန် ဝက်တူဟီဝါ က ပြောပါတယ်။








