ရုရှား- မေလ ၉ ရက် အောင်ပွဲနေ့ ဆိုတာဘာလဲ။ ရုရှားအတွက် ဘာကြောင့် အရေးကြီးတာလဲ။

    • ရေးသားသူ, အိုလ်ဂါ အိုင်ဗ်ရှီနာ
    • ရာထူးတာဝန်, ဘီဘီစီ ရုရှားဌာန

နှစ်စဉ် မေလ ၉ ရက်နေ့တိုင်း ရုရှားမှာ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း အထိမ်းအမှတ် အခမ်အနားတွေကို ကျင်းပကြပါတယ်။ အားလပ်ရက်လည်း သတ်မှတ်ထားလို့ တချို့ မိသားစုတွေအတွက် အဲဒီနေ့ဟာ တော်တော် အရေးပါသလို နိုင်ငံအတွက်လည်း အကြီးအကျယ် ဝါဒဖြန့်ဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။

အထူးသဖြင့် ဒီနှစ် အောင်ပွဲနေ့ဟာ ရုရှားစစ်တပ်အတွက် အင်မတန် အရေးကြီးတဲ့ နေ့ဖြစ်ပါတယ်။ ရုရှားသမ္မတ ပူတင်က ယူကရိန်း စစ်မှာ သူတို့ရဲ့ အောင်မြင်မှုတွေကို ကြေညာဖို့ အဲဒီနေ့ကို အသုံးချကောင်း ချလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီနေ့ဟာ ရုရှားအတွက် ဘယ်လို အရေးကြီးပါသလဲ။

ဒုတိယကမ္ဘာစစ်ဟာ ဖြစ်ဖူးသမျှ စစ်ပွဲကြီးတွေထဲမှာ အကြီးမားဆုံး စစ်ပွဲကြီး ဖြစ်ပါတယ်။ ၁၉၃၉ စက်တင်ဘာလမှာ ပိုလန်ကို ဂျာမနီက ဝင်ရောက် သိမ်းပိုက်ရာကနေ စခဲ့တာ ဖြစ်ပြီး ၁၉၄၅ ခုနှစ်မှ အဆုံးသတ်ခဲ့ပါတယ်။

လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသလို ကမ္ဘာတလွှားမှာ အဲဒီစစ်ကြောင့် နေအိမ်ရပ်ရွာတွေကို စွန့်ခွာ ထွက်ပြေးခဲ့ရသူ လူ သန်းပေါင်းများစွာလည်း ရှိခဲ့ပါတယ်။

အဲဒီစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုဟာ မဟာမိတ်တွေ ဘက်က နာဇီ ဂျာမနီကို အနိုင်ရတဲ့ အထိ ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း တိုက်ပွဲ တော်တော်များများဟာ သူတို့ မြေပေါ်မှာ ဖြစ်ခဲ့တာကြောင့် ပျက်စီး ဆုံးရှုံးမှုလည်း အများဆုံး ကြုံခဲ့ရတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။

၁၉၄၅ ခုနှစ် မေလမှာ နာဇီဂျာမနီက ချွင်းချက်မရှိ လက်နက်ချခဲ့တာကြောင့် ဥရောပတိုက်ပေါ်မှာ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ပါတယ်။ ဥရောပမှာ ပြီးဆုံးခဲ့ပြီလို့ ဆိုနိုင်ပေမယ့် အာရှစစ်မျက်နှာမှာတော့ ဂျပန်နဲ့ ဆက်လက် တိုက်ခိုက်နေခဲ့ကြပြီး သြဂုတ်လရောက်မှ ဂျပန်လက်နက်ချလို့ စစ်ကြီးပြီးဆုံးခဲ့ပါတယ်။

ဂျာမန်တွေဘက်က တရားဝင်လက်နက်ချတဲ့ အကြောင်း ဘာလင်မြို့အနီးမှာ လက်မှတ်ထိုးခဲ့တာဟာ မေလ ၈ ရက်နေ့ ဖြစ်ပါတယ်။ ဂျာမန်တွေဘက်က ပစ်ခတ်တိုက်ခိုက်မှုတွေ အကုန်လုံး ရပ်ဆိုင်းချိန်ဟာ အဲဒီနေ့ ည ၂၃ နာရီ ၁ မိနစ် ဖြစ်တာကြောင့် မော်စကိုမှာ သန်းခေါင်ကျော်ကာ မေလ ၉ ရက်ထဲကို ရောက်နေပြီ ဖြစ်ပါတယ်။

အဲဒါကြောင့် Victory Day သို့မဟုတ် VE (Victory in Europe) Day လို့ ခေါ်ကြတဲ့ ဥရောပ အောင်ပွဲနေ့ကို ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုတို့မှာ မေလ ၈ ရက်နေ့ကို သတ်မှတ်ကြပြီး ရုရှား၊ ဆာဘီးယားနဲ့ ဘယ်လာရုစ်တို့မှာတော့ မေလ ၉ ရက်နေ့ကို သတ်မှတ်ကြပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုထဲက မိသားစုအများစုဟာ သူတို့ရဲ့ ချစ်သူခင်သူတွေ ဆုံးရှုံးခဲ့ကြရပါတယ်။ အဲဒီ ဆုံးရှုံးမှုတွေကို ဒီအောင်ပွဲနေ့မှာ အဆုံးသတ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာ ဒီအောင်ပွဲနေ့ဟာ သူ့ရဲ့ နဂိုမူလ အနှစ်သာရထက် အစိုးရရဲ့ ဝါဒဖြန့် အသုံးချဖို့ နေ့တနေ့ အဖြစ် အသွင်ပြောင်းလာခဲ့ပါတယ်။

စစ်ကြီးပြီးဆုံးပြီး ဆယ်စုနှစ် ၂ ခုနီးပါး ကြာတဲ့ အထိ မေလ ၉ ရက်နေ့ဟာ ဆိုဗီယက်ပြည်ထောင်စုမှာ အမျိုးသား အားလပ်ရက် အဖြစ်သတ်မှတ် မခံခဲ့ရပါဘူး။ မြို့ကြီးပြကြီးတွေမှာပဲ မီးရှူးမီးပန်းတွေ ပစ်ဖောက်ကာ ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပတာမျိုးတွေလောက်သာ လုပ်ခဲ့ကြပါတယ်။

၁၉၆၃ ခုနှစ်ရောက်မှ အဲဒီအချိန်က ဆိုဗီယက် ခေါင်းဆောင် လီယိုနစ် ဘရက်ဇညက်ဗ်က နိုင်ငံအတွင်း အတွေးအခေါ်ပိုင်း ယိမ်းယိုင်လာတာကို ကျားကန်ဖို့နဲ့ မျိုးချစ်စိတ် ရင့်သန်ဖို့ အတွက်ဆိုပြီး နာဇီဂျာမနီအပေါ် အောင်မြင်ခဲ့တဲ့ အောင်ပွဲနေ့ကို အသုံးချဖို့ မူချပြီး စလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကစလို့ နှစ်စဉ် မေလ ၉ ရက်နေ့ရောက်ရင် ရင်ပြင်နီမှာ စစ်တပ်ကြီးနဲ့ ချီတက်ပြသလို နိုင်ငံတနံတလျား အမျိုးသားရေး ပွဲတွေ ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။

၂၁ ရာစုရဲ့ အစောပိုင်း ကာလတွေအရောက်မှာတော့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က အောင်ပွဲနေ့ကို ဒီထက်ပိုပြီး အဓိပ္ပာယ် ရှိအောင် လုပ်လာပြန်ပါတယ်။ ရုရှားလူမျိုးမှန်ရင် ဒီအောင်ပွဲနေ့နဲ့ ကင်းလို့ မရတော့တဲ့ အထိ လုပ်လာတာ ဖြစ်ပါတယ်။

အခမ်းအနားကျင်းပပုံတွေကိုလည်း ပိုပြီး ကြီးကျယ်ခမ်းနားအောင် လုပ်ဆောင် လာခဲ့ပါတယ်။ ဒါပေမယ့်လည်း တဖက်မှာတော့ ဒီအခမ်းအနားတွေမှာ ပါဝင် ဆင်နွှဲနိုင်ကြတဲ့ စစ်အတွင်း ဝင်တိုက်ခဲ့ကြတဲ့ စစ်ပြန်ကြီးတွေနဲ့ ကိုယ်တိုင် ဖြတ်သန်းခဲ့ရသူတွေ တနှစ်ပြီး တနှစ် နည်းပါးလာခဲ့ပါတယ်။

နောက်ပြီး ၂၀၂၀ ရုရှား ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာလည်း နာဇီဝါဒကို ချေမှုန်းခဲ့ရာမှာ ရုရှားရဲ့ အခန်းကဏ္ဍကို ပိုပြီး အသားပေးကာ ပြင်ဆင်ဖော်ပြခဲ့ပါတယ်။

အဲဒီ ပြင်ဆင်မှုတွေမှာ ရှေးဆန်တဲ့ စံနှုန်းတွေနဲ့ အမျိုးသားရေး ဝါဒကို အလေးပေး ထားပြီး ဒီအောင်ပွဲနဲ့ပတ်သက်လို့ တရားဝင် ထုတ်ပြန်ထားတဲ့ သမိုင်း အဖြစ်အပျက် တွေကို ရုရှားနိုင်ငံသားတွေအနေနဲ့ မေးခွန်း ထုတ်ခွင့်မရှိအောင်ပါ ပိတ်ပင်ထား ပါတယ်။

မော်စကိုမြို့မှာ ရှိတဲ့ Higher School of Economics က ဒုတိယကမ္ဘာစစ် ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သမိုင်းနဲ့ လူမှုရေး သိပ္ပံပညာ စင်တာရဲ့ ညွှန်ကြားရေးမှူး အိုလက် ဘွတ်နစ်စကီက ၂၀၀၀ ပြည့်နှစ်တွေ နောက်ပိုင်းမှာ အောင်ပွဲနေ့နဲ့ ပတ်သက်လို့ အရင် ဆိုဗီယက်ခေတ်ကထက်ပိုပြီး အမွှမ်းတင် အသုံးချခဲ့ကြတယ်၊ အနိုင်ရလိုစိတ်တွေဟာ မီဒီယာတွေမှာရော လူအများရဲ့ စိတ်ကူးထဲမှာပါ ဆက်လက်ရှင်သန်နေတာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အဲဒါကြောင့်လည်း စစ်သမိုင်းနဲ့ပတ်သက်လို့ လေ့လာမှုတွေမှာ ပိုမို အာရုံစိုက်လာကြတာမျိုး ကောင်းမွန်တဲ့ အကျိုးဆက်တွေ ရခဲ့တယ်။ မှတ်တမ်းမှတ်ရာ သန်းပေါင်းများစွာကို အများပြည်သူ လေ့လာနိုင်အောင် ထုတ်ပြန်ပေးသလို ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ပါ သိမ်းဆည်းတာတွေ လုပ်ခဲ့တယ်၊ စစ်စိတ်စစ်မာန်တွေ တက်ကြွလာတာကို တွေ့ရတယ်လို့ ပြောပါတယ်။ ဆက်လက်ပြီး ရုရှားစစ်တပ်ဟာ ၁၉၄၅ ခုနှစ်တုန်းကလိုပဲ ဥရောပတိုက်ရဲ့ တခြမ်းလောက်ကို သိမ်းနိုင်ခဲ့တာမျိုးကို ညွှန်းထားတယ်လို့ ဆိုနိုင်တဲ့ ဒီလို ထပ်လုပ်နိုင်သေးတယ်ဆိုတဲ့ ဆောင်ပုဒ်မျိုးတွေလည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းက အောင်ပွဲနေ့ အခမ်းအနားတွေမှာ စပြီး မြင်လာရတယ်လို့ ဆိုပါတယ်။

လူထုအကြားမှာ မျိုးချစ်စိတ် အခြေခံနဲ့ အောင်ပွဲနေ့ကို ကျင်းပကြတယ်ဆိုပေမဲ့ တကယ်တမ်းမှာ အချက်အလက်တချို့ကို ဖျောက်ထားတာမျိုးတွေ ရှိပါတယ်။ မဟာ မျိုးချစ် စစ်ပွဲကြီးလို့ ရုရှားမှာ သိကြတဲ့ ဒုတိယကမ္ဘာစစ် ကြီးနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ အချက်တွေဖြစ်တဲ့ ဂျာမန် ကျူးကျော်စစ်ကို တွန်းလှန်ရင်း ဆိုဗီယက် ပြည်ထောင်စုမှာ လူတွေ အကြီးအကျယ် သေကြေပျက်စီးခဲ့ရတဲ့ အချက်အလက် တွေကို သိပ်အလေးပေး ဖော်ပြတာမျိုး မရှိဘူးလို့ သမိုင်းပညာရှင် တွေက ထောက်ပြကြ ပါတယ်။

၂၀၂၀ အတွင်းက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ရုရှားလူမျိုး အများစုဟာ သူတို့ရဲ့ ဆွေမျိုးတွေ ဒုတိယကမ္ဘာစစ်ကို ဘယ်လို ရင်ဆိုင် ဖြတ်ကျော်ခဲ့ရသလဲ ဆိုတာကို သိပ်မသိကြတာကို တွေ့ရပါတယ်။

၁၈ နှစ်ကနေ ၂၄ နှစ်အတွင်း အသက်အရွယ်တွေရဲ့ ၃ ပုံမှာ ၁ ပုံအောက်ပဲ မဟာမျိုးချစ် စစ်ပွဲကြီး ဘယ်လို စဖြစ်ခဲ့သလဲ ဆိုတာကို သိကြပါတယ်။

၂၀၁၄ ကစပြီး ယူကရိန်း အရှေ့ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်လာရာမှာ နိုင်ငံပိုင် မီဒီယာက မျိုးချစ်စိတ်နဲ့ နာဇီတွေကို တိုက်ခိုက်ခဲ့တဲ့ အကြောင်းတွေကို ပိုမိုအသားပေး ဖော်ပြလာကြပါတယ်။

ရုရှား အာဏာပိုင်တွေက ယူကရိန်းမှာ လက်ယာစွန်းတွေ အာဏာရထားတယ်ဆိုပြီး မဟုတ်မမှန် ပြောထားသလို ဖက်ဆစ် ဝါဒ ချေမှုန်းရေးမှာ ရုရှားရဲ့ သမိုင်းမှာ အရေးပါပုံကို ပိုအသားပေး ပြောလာကြပါတယ်။

အောက်ခြေအဆင့်မှာ လူထုအကြား ကျင်းပတဲ့ စစ်အတွင်း ကျဆုံး ခဲ့ရသူတွေအတွက် အောက်မေ့ပွဲ အခမ်းအနားတွေကအစ နိုင်ငံတော်က လွှဲပြောင်း တာဝန်ယူကျင်းပတာမျိုးတွေ ရှိလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ အတွင်းက ဆိုက်ဘေးရီးယားက တွမ်စ်ခ် မြို့မှာ သတင်းထောက်တွေက စစ်အတွင်း ကျဆုံးခဲ့ရသူတွေအတွက် ထာဝရ ရှင်သန်နေသော တပ်ရင်း ဆိုတဲ့ အမည်နဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။

သူတို့က အောင်ပွဲနေ့ ချီတက်ပွဲတွေမှာ အဲဒီ ကျဆုံးခဲ့သူတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ပြီး ချီတက် ဂုဏ်ပြုကြဖို့ စီစဉ်ခဲ့တာပါ။ အဲဒီ စိတ်ကူးတွေဟာ အချိန်တိုအတွင်းမှာပဲ ရုရှားက တခြား ဒေသတွေဆီ ရောက်သွားပြီး တနိုင်ငံလုံးမှာပါ လုပ်လာကြ ပါတော့တယ်။

၂၀၁၅ အတွင်းကလည်း အဲဒီနာမည်နဲ့ပဲ နိုင်ငံတော်အဆင့် အဖွဲ့အစည်းတခု ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ကနဦး လှုပ်ရှားမှုကို စတင်ခဲ့ကြသူတွေ အထဲက တယောက်တလေမှ အဲဒီအထဲမှာ ပါမလာ ခဲ့ပါဘူး။

ထာဝရရှင်သန်နေသော တပ်ရင်း ဆိုတဲ့ နာမည်နဲ့လည်း အစိုးရ ဝန်ထမ်းတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ နိုင်ငံပိုင် မီဒီယာတွေပါ ပါဝင်စေတဲ့ လှုပ်ရှားမှုတွေ လုပ်လာခဲ့ပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် ရုရှားမှာ အောင်ပွဲနေ့ အခမ်းအနားတွေကို နိုင်ငံတော်အဆင့်က စီစဉ်ကျင်းပတာကို အာဏာပိုင်တွေက လိုလားကြောင်းကို သိသာလာစေပါတယ်။

၂၀၂၀ အတွင်းက ကျင်းပခဲ့တဲ့ ၇၅ နှစ်မြောက် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ကိုတော့ ကိုဗစ် - ၁၉ ကြောင့် မေလ ကနေ ဇွန်လအတွင်းကို ပြောင်းလဲ ကျင်းပခဲ့ရပါတယ်။ ဒါပေမယ့် ရုရှားသမိုင်းမှာ အကြီးကျယ်ဆုံး ဖြစ်အောင် စီစဉ်ကျင်းပပြခဲ့ပါတယ်။

တပ်ဖွဲ့ဝင် ၂၀၀၀၀ ကျော်၊ လေယာဉ်နဲ့ သံချပ်ကာယာဉ်ပေါင်း ရာပေါင်းများစွာ ပါဝင်တဲ့ ဧရာမ စစ်ချီပွဲကြီးကို ဖန်တီးပြခဲ့ကြပါတယ်။ ရုရှားရဲ့ အင်အားကြီးမားပုံကို ကမ္ဘာကြီးက အံ့ချီးသွားစေဖို့ ရည်ရွယ်ပြီး သူတို့ရဲ့ နောက်ဆုံးပေါ် စစ်လက်နက် ပစ္စည်းတွေကို ထုတ်ပြခဲ့ကြပါတယ်။

အဲဒီပွဲကြီး ကျင်းပအပြီး ၂ နှစ် အတွင်းမှာပဲ ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲလာခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ ပြခဲ့တဲ့ စစ်လက်နက် ပစ္စည်းတွေကို အသုံးချနေပါတယ်။ ရုရှားရဲ့ ရည်မှန်းချက်တွေက ယူကရိန်းကို စစ်လက်နက် ဖြုတ်သိမ်းပစ်ဖို့နဲ့ ယူကရိန်းက နာဇီတွေကို ရှင်းလင်းဖို့ ဆိုပြီး သမ္မတ ပူတင်က ပြောပါတယ်။

ကိယဗ်ကို သိမ်းပိုက်ဖို့နဲ့ ယူကရိန်း အစိုးရကို ဖြုတ်ချပစ်ဖို့ လိုမျိုး သူတို့ စစ်ရေး ရည်မှန်းချက်တွေက ထင်ထားသလို ချက်ခြင်း မဖြစ်လာခဲ့ပါဘူး။ ရုရှား တပ်မှူးတွေဟာ မေလ ၉ ရက်နေ့ အမီ ဒီရည်မှန်းချက်တွေကို အကောင်အထည် ဖော်ဖို့ ရည်မှန်းထားကြတယ်လို့ ယူဆကြပါတယ်။

တကယ်လို့သာ အဲဒီနေ့ မတိုင်ခင်မှာ ရုရှားဟာ ယူကရိန်းထဲမှာ သိသိသာသာ ပြနိုင်လောက်တဲ့ နယ်မြေသိမ်းပိုက်မှုမျိုးတွေ လုပ်နိုင်ခဲ့မယ်ဆိုရင် မော်စကိုကလည်း အောင်ပွဲနေ့ ချီတက်ပွဲတွေမှာ ဒါကို အသုံးချပြီး ဝါဒဖြန့်လာဦးမှာ ဖြစ်ပါတယ်။

အောင်ပွဲနေ့ ချီတက်ပွဲတွေကို အသုံးချပြီး ရုရှားအာဏာပိုင်တွေက သူတို့ အဆိုအရ ယူကရိန်းထဲက အထူးစစ်ဆင်ရေးဟာ ကျူးကျော်စစ်ထက် အဲဒီထဲက နာဇီဝါဒကို အမြစ်ဖြတ်ဖို့ လုပ်ခဲ့တာပါ ဆိုတာကို ထပ်ပြီး ချပြလာနိုင်ပါတယ်။

ယူကရိန်းမှာ နေ့စဉ် တွေ့ကြုံနေရတဲ့ အဖြစ်အပျက်တွေကတော့ ဒီအပြောတွေနဲ့ တခြားစီဖြစ်လို့နေပါတယ်။