ယူကရိန်းစစ်ပွဲ- ဂက်စ်တင်ပို့မှုတွေ ရပ်ဆိုင်းလိုက်တာဟာ ခြိမ်းခြောက်အနိုင်ကျင့်မှု ဖြစ်တယ်လို့ ရုရှားကို ဥရောပနိုင်ငံတွေစွပ်စွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, မက်တ် မာဖီ
- ရာထူးတာဝန်, ဘီဘီစီသတင်းဌာန
ရရှားအစိုးရဟာ လောင်စာဓာတ်ငွေ့ တင်ပို့မှုကို အကြောင်းပြပြီး ခြိမ်းခြောက် အနိုင်ကျင့်နေတယ်လို့ ပိုလန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံတွေက စွပ်စွဲပြောဆိုလိုက်ပါတယ်။ အဲဒီနိုင်ငံတွေကို ဓာတ်ငွေ့ တင်ပို့ရောင်းချမှု ဖြတ်တောက်လိုက်ပြီလို့ Gazprom ရုရှားစွမ်းအင်ကုမ္ပဏီကြီးက ပြောခဲ့အပြီးမှာ အခုလို စွပ်စွဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ရုရှားဟာ အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေအချင်းချင်းကြား စိတ်ဝမ်းကွဲအောင် လုပ်ဖို့ ကြိုးစားနေတယ်လို့ ပိုလန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မာချင် ပရဇ်ဒက်ချ် က ဘီဘီစီကို ပြောပါတယ်။
အီးယူ ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒဲလိုင်ယန် ကလည်း ဒီလုပ်ရပ်ဟာ စွမ်းအင်ထုတ်လုပ် တင်ပို့တဲ့ နိုင်ငံတစ်ခု အဖြစ် ရုရှားအစိုးရအပေါ် စိတ်ချစရာမကောင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။
ပိုလန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံတွေက ရုရှား ဓာတ်ငွေ့ကို ရုရှားနိုင်ငံသုံး ရူဘဲလ်ငွေနဲ့ ပေးဝယ်ဖို့ ငြင်းဆန်ခဲ့ကြအပြီးမှာ အခုလို ဓာတ်ငွေ့ တင်ပို့ရောင်းချမှု ရပ်ဆိုင်းလိုက်တာပါ။
ပြီးခဲ့တဲ့လတုန်းက ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က စွမ်းအင်တင်ပို့မှုအားလုံးကို ရူဘဲလ်ငွေနဲ့သာ ပေးချေရမယ်ဆိုတဲ့ အမိန့်ဒီကရီတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
အနောက်အုပ်စုနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ရုရှားသုံး ငွေကြေးတန်ဖိုး ကျဆင်းသွားတာကို ပြန်ထောက်ကူဖို့ ဒီဇိုင်းဆွဲ ထုတ်ပြန်ခဲ့တဲ့ ဒီအမိန့်ဒီကရီကို ဥရောပသမဂ္ဂဝင်နိုင်ငံတွေက အကြီးအကျယ် တင်းခံ ကန့်ကွက်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
Gazprom ရုရှားစွမ်းအင်ကုမ္ပဏီကြီးရဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သမ္မတပူတင်ရဲ့ အမိန့်ဒီကရီကို လိုက်နာတဲ့အနေနဲ့ ပိုလန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံတွေကို ဓာတ်ငွေ့ တင်ပို့ရောင်းချမှုအားလုံး ရပ်ဆိုင်းလိုက်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ရုရှားရဲ့ ဂက်စ်တင်ပို့မှု ကြားခံနိုင်ငံတွေအနေနဲ့ တခြား ဥရောပနိုင်ငံတွေအတွက် ခွင့်ပြုချက်မရှိဘဲ ဓာတ်ငွေ့ ထုတ်ပေးမယ်ဆိုရင် အဲဒီထုတ်ပေးတဲ့ ပမာဏနဲ့အညီ ဓာတ်ငွေ့ တင်ပို့မှု လျှော့ချခံရမယ်လို့လည်း အဲဒီထုတ်ပြန်ချက်ထဲမှာ သတိပေးထားပါတယ်။
ပိုလန်နိုင်ငံကို Gazprom ကုမ္ပဏီက ဂက်စ်တင်ပို့မှုတွေ ရပ်ဆိုင်းလိုက်ကြောင်းကို ပိုလန်အစိုးရရဲ့ PGNiG ဂက်စ်ကုမ္ပဏီက အတည်ပြုပြောကြားခဲ့ပြီး အဲဒီအတွက် လျော်ကြေး တောင်းခံနိုင်ခွင့် သူတို့မှာ ရှိကြောင်းနဲ့ ကန်ထရိုက်စာချုပ်အရရော၊ ဥပဒေကြောင်းအရပါ အစွမ်းကုန် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။
PGNiG ကုမ္ပဏီ ဟာ အခုနှစ် ပထမ ၃ လတာကာလအတွက် သူ့ရဲ့ ဓာတ်ငွေ့ တင်သွင်းမှု ၅၃ ရာခိုင်နှုန်းကို Gazprom ကုမ္ပဏီထံက ဝယ်ယူခဲ့ပါတယ်။ ဒါပေမဲ့ တခြား အရင်းအမြစ်နေရာတွေကနေလည်း ဂက်စ်တွေ သူတို့ ရနိုင်တယ်လို့ ပိုလန်အစိုးရက ပြောထားပါတယ်။ ဒီလို ဂက်စ်တင်ပို့မှု ရပ်ဆိုင်းလိုက်တာဟာ ကန်ထရိုက်သဘောတူစာချုပ်ကို ချိုးဖောက်လိုက်တာ ဖြစ်ပြီး ဂက်စ်တင်ပို့မှုတွေ ပြန်စဖို့ ကုမ္ပဏီအနေနဲ့ ရှေ့တိုးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘူလ်ဂေးရီးယား ဝန်ကြီးချုပ် ကီရီလ် ပက်ကော့ဗ် ကလည်း ရုရှားဂက်စ်တွေကို ဆားဘီးယားနဲ့ ဟန်ဂေရီ နိုင်ငံတွေဆီ သူ့နိုင်ငံကနေတဆင့် ကြားဖြတ်တင်ပို့နေမှု အပါအဝင် Gazprom ကုမ္ပဏီနဲ့ သဘောတူထားတဲ့ ကန်ထရိုက်စာချုပ်တွေအားလုံးကို ပြန်သုံးသပ်သွားမယ်လို့ ပြောကြားခဲ့ပြီး တဖက်သတ် အနိုင်ကျင့် ခြိမ်းခြောက်တာမျိုးဟာ လက်ခံနိုင်ဖွယ် မရှိဘူး ဆိုတာကို အလေးအနက် ပြောသွားခဲ့ပါတယ်။
ဘူလ်ဂေးရီးယား စွမ်းအင်ဝန်ကြီး အလက်ဇန်းဒါး နီကိုလော့ဗ်က ရုရှားအစိုးရဟာ လက်ရှိဖြစ်နေတဲ့ စစ်ပွဲမှာ နိုင်ငံရေး၊ စီးပွားရေးလက်နက်အဖြစ် ဓာတ်ငွေ့ကို အသုံးချနေတယ်လို့ ပြောပါတယ်။
ဘူလ်ဂေးရီးယား နိုင်ငံရဲ့ ဓာတ်ငွေ့ တင်သွင်းမှု ၉၀ ရာခိုင်နှုန်းကျော်ကို Gazprom ရုရှားကုမ္ပဏီထံကနေ အားကိုးနေရတာ ဖြစ်ပါတယ်။ ဘူလ်ဂေးရီးယား အစိုးရအနေနဲ့ တခြား အရင်းအမြစ်တွေကနေ ဂက်စ်တင်သွင်းနိုင်မယ့်နည်းလမ်း ရနိုင်ဖို့ အခုညတွင်းချင်းပဲ ရှာဖွေ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဒါပေမဲ့ နိုင်ငံတွင်းမှာ ဂက်စ်ဓာတ်ငွေ့ သုံးစွဲမှု ကန့်သတ်တာမျိုးကိုတော့ လောလောဆယ် ချမှတ်ဖို့ မလိုသေးကြောင်း ပြောပါတယ်။
ဂက်စ်တင်ပို့မှုတွေ ရပ်ဆိုင်းဖို့ အခုလို ဆုံးဖြတ်ခဲ့တဲ့အတွက် ရုရှားနိုင်ငံအပေါ် အကြီးအကျယ် ထိခိုက်မှု ဖြစ်လာလိမ့်မယ်လို့ ယူကေ ဒုတိယဝန်ကြီးချုပ် ဒေါမနစ် ရာ့ဘ်က Sky သတင်းဌာနကို ပြောပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် ရုရှားနိုင်ငံကို ပိုအထီးကျန် ဆန်သွားစေမှာ ဖြစ်ပြီး စီးပွားရေး အပယ်ခံနိုင်ငံတစ်ခုအဖြစ် ရောက်သွားနိုင်တယ်လို့ သူက ပြောပါတယ်။
ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာရဲ့ ထုတ်ပြန်ချက်ထဲမှာ Gazprom ကုမ္ပဏီရဲ့ လုပ်ရပ်ဟာ မမျှတတဲ့၊ လက်ခံနိုင်ဖွယ် မရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဖော်ပြထားပြီး ဒီဆုံးဖြတ်ချက်ဟာ ရုရှားနိုင်ငံကို ဂက်စ်တင်ပို့တဲ့ နိုင်ငံတစ်ခုအနေနဲ့ စိတ်ချယုံကြည်လို့ မရဘူးဆိုတာကို ထပ်ဖော်ပြနေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥရောပသမဂ္ဂအနေနဲ့ ဒီလိုဖြစ်လာမှာကို ကြိုတင်ပြင်ဆင်ထားကြောင်းနဲ့ တခြားနည်းလမ်း နေရာတွေကနေ ဂက်စ်တင်သွင်းနိုင်ရေးနဲ့ အီးယူနိုင်ငံတွေအတွင်း ဓာတ်ငွေ့ အတတ်နိုင်ဆုံး စုဆောင်းထားရှိနိုင်ရေးကို ဥရောပနိုင်ငံခေါင်းဆောင်တွေက ကြိုးပမ်းနေကြောင်းကိုလည်း သူက ပြောသွားပါတယ်။
Gazprom ကုမ္ပဏီက ဂက်စ်တင်ပို့မှု မရပ်ဆိုင်းခင်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးရဲ့ သမ္မတရုံး အကြီးအကဲ အန်ဒရီယာ ယာမက်ခ်က ရုရှားအစိုးရဟာ ဂက်စ်တင်ပို့မှုကို အသုံးချပြီး ဥရောပနိုင်ငံတွေအပေါ် စခြိမ်းခြောက်အနိုင်ကျင့်လာနေပြီလို့ စွပ်စွဲပြောကြားခဲ့ပါတယ်။
ရုရှားအစိုးရဟာ စွမ်းအင်အရင်းအမြစ်တွေကို လက်နက်တစ်ခုအနေနဲ့ အသုံးချဖို့ ကြိုးစားနေတယ်လို့ သူက ဆိုပြီး စွမ်းအင် အရင်းအမြစ်တွေ အပေါ် တားမြစ်ပိတ်ပင်ချက်တစ်ခု ချမှတ်ပေးဖို့ အီးယူနိုင်ငံတွေကို ပန်ကြားခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားပါလီမန် ဒူးမား အောက်လွှတ်တော် ဥက္ကဋ္ဌ ဗီယာချက်စ်လက်ဗ် ကတော့ Gazprom ကုမ္ပဏီရဲ့ လုပ်ရပ်ကို ချီးကျူး ပြောဆိုခဲ့ပြီး သူတို့အပေါ် ရန်လိုတဲ့ တခြားနိုင်ငံတွေကိုလည်း အလားတူ လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ပိုလန်အစိုးရက "ဒီလိုအခြေအနေမျိုးအတွက် ပြင်ဆင်ထားဖို့ ဆုံးဖြတ်ချက်တချို့ကို နှစ်ပေါင်းအတော်ကြာ ကတည်းက ချမှတ်ထားခဲ့တယ်" လို့ ပြောပါတယ်။ PGNiG ပိုလန်အစိုးရ စွမ်းအင်ကုမ္ပဏီကလည်း သူတို့ရဲ့ မြေအောက် ဂက်စ်သိုလှောင်မှုဟာ ၈၀ ရာခိုင်နှုန်း နီးပါး အပြည့်ရှိနေပြီး နွေရာသီ ရောက်လာနေပြီ ဖြစ်တာနဲ့အမျှ ဂက်စ် သုံးလိုမှုအားကလည်း နည်းလာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ဥရောပနိုင်ငံတွေဟာ သူတို့ရဲ့ ဂက်စ် လိုအပ်မှု ၃ ပုံ ၁ ပုံကျော်ကို ရုရှားနိုင်ငံထံကနေ အားကိုးနေရပြီး ရုရှားနိုင်ငံက ဓာတ်ငွေ့ပိုက်လိုင်းတွေကို Gazprom ကုမ္ပဏီတစ်ခုတည်းက လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ရုရှား လောင်စာဓာတ်ငွေ့ကို ရုရှားသုံး ရူဘဲလ်ငွေနဲ့ ပေးချေဖို့ သမ္မတပူတင်ရဲ့ တောင်းဆိုချက်ကို လိုက်လျောမှာမဟုတ်ဘူးလို့ အီးယူ ဥရောပသမဂ္ဂက အခိုင်အမာ ပြောထားပေမဲ့ ဆလိုဗက်ကီးယားနဲ့ ဟန်ဂေရီ အပါအဝင် ဥရောပနိုင်ငံအတော်များများက Gazprom ကုမ္ပဏီနဲ့ တဖက်တလမ်းနည်းနဲ့ ညှိနှိုင်းသဘောတူချက် ယူခဲ့ကြပါတယ်။
အဲဒီနိုင်ငံတွေက Gazprom ကုမ္ပဏီရဲ့ လက်အောက်ခံ ဘဏ်တစ်ခုဖြစ်တဲ့ Gazprombank ရဲ့ အကောင့်တစ်ခုထဲ အီးယူငွေနဲ့ ပေးချေကြပြီး အဲဒီနောက်မှာ Gazprom ကုမ္ပဏီက ရူဘဲလ်ငွေနဲ့ ပြန်လွှဲတာမျိုး လုပ်မှာ ဖြစ်ပါတယ်။








