ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုင်ငံစည်းလုံးရေးအလေးထားမယ်လို့ ရွေးကောက်ပွဲအနိုင်ရ ပြင်သစ်သမ္မတမက်ကရွန်း ပြော
ပြင်သစ်သမ္မတရွေးကောက်ပွဲမှာတော့ အီမန်နျူရယ် မက်ကရွန်းက ပြိုင်ဘက်လက်ယာစွန်း အမျိုးသမီးသမ္မတလောင်း မရီးလီပဲန်းကို အနိုင်ရသွားပြီဖြစ်ပါတယ်။
လက်ရှိတာဝန်ထမ်းဆောင်ဆဲသမ္မတတစ်ဦးလည်းဖြစ်တဲ့ မစ္စတာ မက်ကရွန်းဟာ အများထင်ကြေးပေးထားတဲ့မဲရာခိုင်နှုန်းထက်ပိုပြီး မဲ ၅၈.၅၅ ရာခိုင်နှုန်းနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ မစ္စ မရီးလီပဲန်းကတော့ မဲ ၄၁.၄၅ ရာခိုင်နှုန်းပဲရရှိခဲ့တာပါ။
မြို့တော်ပါရီက အိုင်ဖယ်မျှော်စင်ရှေ့မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲအနိုင်ရမိန့်ခွန်းမှာတော့ မစ္စတာမက်ကရွန်းက သူဟာ ပြင်သစ်နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ သမ္မတဖြစ်စေရမယ်လို့ သူ့ကို ထောက်ခံသူတွေကို ပြောထားပါတယ်။
"လက်ယာစွန်းရပ်တည်သူကို မဲပေးခဲ့တဲ့အထိ ကျွန်တော်တို့ပြည်သူတွေမှာဖြစ်နေတဲ့ စိတ်ပျက်ရမှုတွေနဲ့ ဒေါသတွေကို အဖြေရှာရမှာဖြစ်ပါတယ်။ အဲဒါဟာ ကျွန်တော့်ရဲ့တာဝန်ဖြစ်သလို ကျွန်တော့်အနီးက လူတွေရဲ့တာဝန်လည်းဖြစ်တယ်လို့ သမ္မတ မက်ကရွန်းက သူ့ရဲ့ အောင်ပွဲရ မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။
သူ့ ပြိုင်ဘက် မစ္စလီပဲန်းကတော့ မဲရှုံးပေမဲ့ သူရရှိတဲ့မဲအရေအတွက်ပမာဏဟာ အောင်မြင်မှုရတဲ့ပမာဏလို့ ဆိုပါတယ်။
ပြင်သစ်မှာ လက်ယာစွန်းသမ္မတလောင်းတစ်ဦး အနိုင်ရသွားရင် ဥရောပသမဂ္ဂ (အီးယူ) ဆန့်ကျင်ရေးမူဝါဒတွေကို ချပြလာမှာကို စိုးရိမ်တဲ့ ဥရောပက နိုင်ငံ့ခေါင်းဆောင်တွေကလည်း မစ္စတာ မက်ကရွန်း ရွေးကောက်ပွဲအနိုင်ရမှုကို ဂုဏ်ပြုထားကြပါတယ်။
''ပြင်သစ်နဲ့ဥရောပတို့ အတူတကွရှေ့ဆက်ကြမယ်''ဆိုပြီး ဥရောပကော်မရှင်အကြီးအကဲက ပြောပါတယ်။
ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းစကီးကတော့ ပြင်သစ်မဲဆန္ဒရှင်တွေအနေနဲ့ သမ္မတ မက်ကရွန်းနဲ့ ကျောချင်းကပ်ဖို့ တောင်းဆိုခဲ့သလို မစ္စတာမက်ကရွန်းဟာ သူ့ရဲ့မိတ်ဆွေအစစ်ဖြစ်ပြီး ခိုင်မာစည်းလုံးတဲ့ဥရောပဖြစ်လာစေဖို့ မျှော်လင့်တဲ့အကြောင်း ဓုဏ်ပြုစကားပြောထားပါတယ်။
မဲအနိုင်ရရှိတဲ့မစ္စတာ မက်ကရွန်းကို ဗြိတိန်ဝန်ကြီး ဘောရစ်ဂျွန်ဆင်ကလည်း ဂုဏ်ပြုပါတယ်။
သမ္မတနေရာအတွက် ဆန်ကာတင်သမ္မတလောင်းတွေ ယှဥ်ပြိုင်ကြတဲ့ အခုတစ်ကြိမ် မဲပေးပွဲမှာတော့ မဲဆန္ဒရှင် ၇၂ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြလို့ ဒါဟာ ၁၉၆၉ ခုနှစ်ကတည်းက ဆိုရင် မဲဆန္ဒရှင်အရေအတွက် အနည်းဆုံးပါဝင်မဲပေးမှုလည်း ဖြစ်လာပါတယ်။
မနေ့က ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲဟာ ပြင်သစ်နိုင်ငံမှာ အားလပ်ရပ်လိုဖြစ်နေပေမဲ့ မဲဆန္ဒရှင်ပါဝင်မဲထည့်နှုန်း ကျဆင်းတာကိုကြည့်ရင် ဘယ်သမ္မတလောင်းကမှ သူတို့ကို ကိုယ်စားပြုမှုမရှိဘူးလို့ပြောထားတဲ့ ပြင်သစ်မဲဆန္ဒရှင်တွေရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးတာကို ထင်ဟပ်နေပါတယ်။