ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လော့ခ်ဒေါင်းကန့်သတ်မှုအကြောင်း ရိုက်ပြထားတဲ့ ဗီဒီယိုတစ်ခု ပိတ်ပင်ဖို့ တရုတ်ကြိုးပမ်း
သီတင်းငါးပတ်ကြာ ရှိလာနေပြီဖြစ်တဲ့ ရှန်ဟိုင်းမြို့ရဲ့ လော့ခ်ဒေါင်းချ ကန့်သတ်မှုရဲ့ မြို့နေလူထုအပေါ် သက်ရောက်မှုအကြောင်း မီးမောင်းထိုးပြထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို တားဆီးဖို့ အတွက် အင်တာနက်နဲ့ဆိုင်တဲ့ တရုတ်အာဏာပိုင်တွေ ကြိုးပမ်းနေကြပါတယ်။
အဲဒီ ဗီဒီယိုဖိုင်ထဲမှာ သူတို့နေထိုင်ရတဲ့ အခြေအနေ၊ အစားအစာ ပြတ်လပ်မှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းမှုတွေအကြောင်း စောဒကတက်ထားတဲ့ အရပ်သားတွေရဲ့ အသံတွေ ပါ ပါတယ်။
တရုတ်အင်တာနက် စာမျက်နှာတွေပေါ်မှာ လူအများရဲ့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့တဲ့ ဒီဗီဒီယိုကို တရုတ်အာဏာပိုင်တွေဘက်က ဖြုတ်ချဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့အတွက် အာဏာပိုင်တွေဘက်က ကြိုးစားနေချိန်မှာ ရှန်ဟိုင်းမြို့မှာ နေထိုင်တဲ့ လူဦးရေ ၂၅ သန်းကို သူတို့ရဲ့ အိမ်တွေထဲမှာပဲ တံခါးပိတ် နေခိုင်းထားတာ သီတင်းပတ်တွေနဲ့ချီ ရှိနေပါပြီ။
၆ မိနစ်စာ ရှည်တဲ့ အဲဒီ ဗီဒီယိုဟာ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းမှုကို စောဒက တက်ထားပြီး အစားအသောက် ထောက်ပံ့မှု မလုံလောက်တဲ့ ကိစ္စကို ဝေဖန်ထားတဲ့ ဒေသခံတွေရဲ့ အသံဖိုင်တွေကို စုစည်းထားတာ ဖြစ်ပါတယ်။
“ဘာမှမစားရတာ ရက်တွေနဲ့ချီ ရှိနေပြီ” လို့ လူတစ်ယောက် အသနားခံ ပြောဆိုနေတာကိုလည်း ဒီဗီဒီယိုထဲမှာ ကြားနိုင်ပါတယ်။
“ဗိုင်းရပ်စ် သတ်လို့ သေမှာမဟုတ်ဘူး၊ ငတ်ပြတ်ပြီး သေမှာ” ဆိုပြီးတော့လည်း နောက်ထပ် အမျိုးသားတစ်ယောက်ကလည်း ပြောပါတယ်။
“ဧပြီ အသံ”လို့ အမည်ပေးထားတဲ့ အဲဒီဗီဒီယိုကို တရုတ်နိုင်ငံမှာ အသုံးများတဲ့ ဝေဘိုနဲ့ ဝီချက်တို့လို လူမှုကွန်ရက်တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် မျှဝေနေကြပါတယ်။
ဒါပေမဲ့ စနေနေ့မှာတော့ အင်တာနက်ကို ကြီးကြပ်တဲ့ အာဏာပိုင်တွေက အဲဒီဗီဒီယိုဖိုင်ကို ဖြုတ်ချဖို့ စတင် ကြိုးစားခဲ့ပါတယ်။
အဲဒီလူမှုကွန်ရက်တွေပေါ်မှာ အသစ်ပြန်လည် မျှဝေပြီး တင်နေကြတဲ့ အာဏာဖီဆန်သူ သုံးစွဲသူတွေနဲ့လည်း အာဏာပိုင်တွေ ရင်ဆိုင်နေရပါတယ်။
အင်မတန် စည်းကမ်းတင်းကြပ်တဲ့ လော့ခ်ဒေါင်းချ ကန့်သတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှန်ဟိုင်းမြို့နေ လူထုကို အိမ်ထဲမှာပဲ နေကြဖို့ ပထမဆုံး အမိန့်ချကန့်သတ်ခဲ့တာ အခုဆိုရင် သီတင်းငါးပတ် ရှိလာပါပြီ။
ဒီစည်းမျဥ်းတွေဟာ အခုနောက်ဆုံး ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေမှုကို တားဆီးနိုင်ဖို့အတွက် အာဏာပိုင်တွေဘက်က ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။
ဒီတစ်ခေါက်ကူးစက်မှုဟာ ရှန်ဟိုင်းမြို့မှာ လက်ရှိအချိန်ထိ အဆိုးဆုံး ကူးစက်ပျံ့နှံ့မှုလှိုင်း ဖြစ်ပါတယ်။
အစိုးရရဲ့ မူဝါဒတွေကို လူထုကြား ပြစ်တင်ဝေဖန်တာ တရုတ်နိုင်ငံမှာ အတော်လေး ရှားပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာတော့ ရှန်ဟိုင်းမြို့ခံ တချို့ဟာ သူတို့ကို ပိတ်လှောင်ထားတဲ့ အခြေအနေ ညံ့ဖျင်းမှုတွေအကြောင်း လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ စောဒကတက်ကာ တင်ခဲ့ကြပါတယ်။
လော့ခ်ဒေါင်းချထားတဲ့ ရှန်ဟိုင်းမြို့ ဒေသတချို့မှာ အစားအစာ ထောက်ပံ့မှုရဖို့ ရုန်းကန်နေရပြီး ကြက်ဥ၊ အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေရဖို့ အစိုးရရဲ့ ပေးဝေတဲ့နေရာတွေမှာ စောင့်ဆိုင်းနေကြရပါတယ်။
အပြင်ဘက်ကနေ ဗိုင်းရပ်စ် ကူးစက်လာသူတွေကို တားဆီးနိုင်ဖို့ အိမ်အဝင်တံခါးတွေမှာ လျှပ်စစ် သတိပေးခေါင်းလောင်းတွေ တပ်ဆင်တာ အပါအဝင် အိမ်တွေမှာ ပိုးသတ်ဖို့အတွက် ဒေသခံတွေကို အတင်းအကျပ် တခြားတနေရာကို ပြောင်းရွေ့ခိုင်းတာ စတဲ့ စည်းကမ်းချက်တွေကိုလည်း မကြာသေးမီတုန်းက လုပ်ဆောင်ခဲ့ကြပါတယ်။
ပိုးကူးစက်တဲ့ လူနာ အားလုံးအပါအဝင် သူတို့နဲ့ အနီးကပ် ထိတွေ့သူတွေအားလုံးကို အစိုးရက ကြီးကြပ်တဲ့ ကွာရန်တင်း သီးခြားခွဲနေတဲ့ နေရာတွေမှာ ပြောင်းရွေ့ရမယ်လို့ ရှန်ဟိုင်းမြို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။
လူထုကြား ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုင်ဖိုင်တခုမှာ အမျိုးသမီးတစ်ယောက်က သူ့ကို ဆေးစစ်ခဲ့တဲ့ ယာယီဆေးရုံမှာ မျက်နှာကြက်တောင် အပြီးသတ် မတပ်ရသေးတဲ့အကြောင်း စောဒကတက်နေသံ ကြားရပါတယ်။
“ကျွန်မတို့ ရောက်သွားတော့ လူတိုင်းဟာ စောင်တစ်ထည်ရဖို့ ကုတင်တစ်လုံးရဖို့ လုနေကြတယ်” လို့လည်း သူက ပြောပါတယ်။
တချို့ ဒေသခံတွေကတော့ ကျန်းမာရေး ဝန်ထမ်းတွေကို ကျေးဇူးတင်တဲ့အကြောင်း အော်ပြောခဲ့ကြပါတယ်။
ဒီဗီဒီယိုဖိုင်ကို ပိတ်ပင်ဖို့ ကြိုးပမ်းမှုဟာ တရုတ် လူမှုကွန်ရက်တွေပေါ်မှာ သဘောထားအမြင် ကွဲပြားမှုတွေ ပေါ်ပေါက်ခဲ့သလို မျက်မှောက်ရေးရာအကြောင်း သုံးသပ်သူတွေကြားမှာလည်း ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ရက်တခုဖြစ်တဲ့ ဝေဘိုမှာတော့ သုံးစွဲသူတစ်ယောက် က “ဒီဗီဒီယိုဟာ အရှိကိုအရှိအတိုင်း ပြသနေတဲ့ အချက်အလက်တွေကို ဖော်ပြထားတာ ဖြစ်တယ်။ အမျက်ဒေါသထွက်အောင် ဆွပေးတာ မဟုတ်ဖူး”လို့ တုံ့ပြန်ခဲ့ပါတယ်။
“ဒီထဲမှာ ပါတဲ့ အချက်အလက်တွေဟာ အသစ်တခုမှ မပါဘူး။ ဒါပေမဲ့ ဒါကိုတောင် ပိတ်ပင်တယ်ဆိုတာ တွေ့ရတော့ စိတ်ပျက်မိတယ်” လို့ ဝေဖန်ရေးဆရာတစ်ယောက်က ရေးသားထားပါတယ်။
ဒီဗီဒီယိုကို ဖယ်ရှားဖို့ စိစစ်ဖြတ်တောက်မှုတွေ စတင်ခဲ့တဲ့ စနေနေ့မှာ ရှန်ဟိုင်းမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၂ ယောက် ရှိခဲ့ပြီး ပိုးကူးစက်သူပေါင်း ၂၃,၀၀၀ ကျော်ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါကြီး စတင်ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတွင်းမှာ အလုံးစုံ ဗိုင်းရပ်စ် ကင်းစင်ဖို့ ရည်ရွယ်တဲ့အနေနဲ့ ကိုဗစ်ကူးစက်မှု လုံးဝမရှိစေရ zero-Covid နည်းဗျူဟာကို တရုတ်အစိုးရက လက်ကိုင်ကျင့်သုံးခဲ့ပါတယ်။
ကပ်ရောဂါကြီးအစမှာ ရောဂါကူးစက်မှုအဆင့်ကို သိသိသာသာ လျော့ကျအောင် တရုတ်အာဏာပိုင်တွေဘက်က ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လော့ခ်ဒေါင်းချ ကန့်သတ်မှုတွေဟာ ကိုဗစ်မျိုးကွဲသစ်တွေရဲ့ ပိုမိုကူးစက်နှုန်း မြန်ဆန်မှုကို တားဆီးနိုင်ဖို့ အခက်ကြုံခဲ့ရပါတယ်။