ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နာမည်ကြီး ဆိုင်ဘာရာဇ၀တ်ဂိုဏ်း REvil ကို ရုရှား ဖမ်းဆီးဖြိုခွဲပြီ
အွန်လိုင်းမှာ ကွန်ပျူတာစနစ်တွေကို ဝင်ရောက်ထိန်းချုပ်ပြီး ပြန်ပေးဆွဲငွေတောင်းတဲ့ ရာဇဝတ်ဂိုဏ်းတခုဖြစ်တဲ့ REvil အဖွဲ့ကို ဖြိုခွင်းနိုင်ခဲ့ပြီး အဲဒီအဖွဲ့ဝင် အများအပြားကိုလည်း အမှုဖွင့် အရေးယူခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။
အင်တာနက်ပေါ်မှာ အခုလို ကွန်ပျူတာစနစ်တခုခုကို အဝေးကနေ လှမ်းဖောက်ထွင်း ထိန်းချုပ်ပြီး ပြန်ပေးငွေ တိုက်ခိုက်မှုတွေ စဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာ အဲဒီဂိုဏ်းအဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ပေးမယ်ဆိုပြီး အမေရိကန်အစိုးရက ဆုငွေထုတ် ကြေညာခဲ့ဖူးပါတယ်။
အခုအချိန်မှာတော့ အဲဒီဂိုဏ်း ပျက်စီးပြိုကွဲသွားပြီဖြစ်တယ်လို့ ရုရှား ပြည်ထောင်စုလုံခြုံရေးဌာန FSB က ပြောပါတယ်။
ဒါပေမယ့် အဲဒီဂိုဏ်းသားတွေကို အမေရိကန်နိုင်ငံမှာ ပြစ်ဒဏ်ခံယူစေဖို့အတွက် ရုရှားဘက်က ပို့ပေးဖို့ မယ့် အလားအလာတော့ ရှိပုံမရပါဘူး။
အမေရိကန်ဘက်က အဲဒီဂိုဏ်းနဲ့ ပတ်သက်တဲ့ သတင်းပေးလာအပြီးမှာ အခုလို ဖမ်းဆီး အရေးယူမှုတွေ လုပ်ခဲ့တာ ဖြစ်တယ်လို့ FSB က ပြောဆိုထားပါတယ်။
REvil ဂိုဏ်းဟာ "သူတပါးထိခိုက်စေတဲ့ ရည်ရွယ်ချက်နဲ့ ဆော့ဖ်ဝဲတခု ရေးသားခဲ့ပြီး အဲဒီဆော့ဖ်ဝဲကတဆင့် ရုရှားပြင်ပ နိုင်ငံခြားသားတွေရဲ့ ဘဏ်စာရင်းထဲက ငွေတွေကို စနစ်တကျ ခိုးယူခဲ့ကြတယ်လို့" ရုရှားနိုင်ငံပိုင် သတင်းဌာန Tass က ဆိုပါတယ်။
ဒီဂိုဏ်းကို ဖမ်းဆီးရင်း ရုရှားရူဘယ်ငွေ ၄၂၆ သန်း (စတာလင် ပေါင်ငွေ ၄သန်း) ကျော် သိမ်းဆည်းရမိခဲ့ပြီး အဲဒီအထဲမှာ စတာလင် ပေါင်ငွေ ၄၄၀,ဝ၀ဝ တန်ဖိုးရှိမယ့် အွန်လိုင်းခရစ်ပတိုငွေကြေးတွေလည်း အပါအဝင် ဖြစ်တယ်လို့ FSB က ပြောပါတယ်။
အခုလို သိမ်းဆည်းခဲ့တဲ့အထဲမှာ ဒီဂိုဏ်းက ခိုးယူထားတဲ့ ငွေတွေနဲ့ ဝယ်ယူထားတဲ့ "တန်ဖိုးကြီး ကားအကောင်းစား" အစီး ၂၀ ကျော်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
"စနစ်တကျ ဂိုဏ်းဖွဲ့ လုပ်ဆောင်ခဲ့တဲ့ ဒီရာဇဝတ် အဖွဲ့အစည်း ဆက်လက်ရပ်တည်နိုင်ခြင်း မရှိတော့တဲ့အပြင် ရာဇဝတ်မှု ကျူးလွန်ဖို့ ရည်ရွယ်ချက်နဲ့ စုဆောင်းထားတဲ့ သတင်းအချက်အလက်နဲ့ ဆက်စပ်ကိရိယာတွေကိုလည်း ဖျက်ဆီးလိုက်ပြီ" လို့ FSB က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဘီဘီစီဆိုင်ဘာ သတင်းထောက် တိုင်းဒီးဂျိုးရဲ့ သုံးသပ်ချက်
REvil အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလောက်ကတည်းက အားနည်းသွားပြီ ဖြစ်ပေမဲ့ အားအကောင်းဆုံး အွန်လိုင်းဖောက်ထွင်း ငွေတောင်းယူဂိုဏ်းတွေထဲက တခုအပါအဝင်တော့ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
အခုလို ဆိုင်ဘာရာဇဝတ်သမားတွေ ဖမ်းဆီးမှုဟာ အမေရိကန်နဲ့ ရုရှားတို့အကြား ဆိုင်ဘာရာဇဝတ်မှု ဆိုင်ရာနဲ့ ဆိုင်ဘာဆက်သွယ်ရေး အပိုင်းတွေမှာ သမိုင်းတွင်သွားတဲ့ အခိုက်အတန့်တခုလို့ ဆိုနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ ရုရှားအစိုးရဟာ သူ့ ပြည်တွင်းမှာ အခြေစိုက်တဲ့ အခုလို အွန်လိုင်းဖောက်ထွင်း ပြန်ပေးဆွဲ ဟက်ကာတွေကို အနောက်နိုင်ငံတွေက ပြစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် မဖမ်းပဲ လွှတ်ပေးထားတယ်လို့ စွပ်စွဲခံထားရပြီး ဒီလို စွပ်စွဲချက်တွေကို ရုရှားဘက်က ငြင်းဆိုနေခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂဆိုင်ရာ ထိပ်သီးအစည်းအဝေးတခုမှာ အခုလို အွန်လိုင်းဖောက်ထွင်း ပြန်ပေးငွေတောင်းမှုတွေကို ဘယ်လို တိုက်ဖျက်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ စတင် ဆွေးနွေးကြဖို့ သဘောတူခဲ့ကြပါတယ်။
ဒါပေမဲ့ အခုလို တကယ်တမ်း အောင်မြင်နိုင်မှု ရှိမရှိ အလားအလာကိုတော့ အကောင်းအမြင်ဆုံး ကျွမ်းကျင်သူတွေကတောင်မှ မျှော်လင့်ချက် မထားခဲ့ကြပါဘူး။
ဒီလို နောက်ခံရှိခဲ့တဲ့ အနေအထားမှာ REvil ဂိုဏ်းကို ရုရှားမြေမှာ ရုရှားအာဏာပိုင်တွေက အခုလို ဖမ်းဆီးတာက မျှော်လင့်မထားကြတဲ့ အဖြစ်အပျက်လို့ ဆိုနိုင်ပါတယ်။
အခုလို အမေရိကန်ရဲ့ သတင်းပေးမှုနဲ့ ရုရှားဘက်က ဖမ်းဆီးလိုက်နိုင်မှုဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ပထမဆုံးလို့ ဆိုနိုင်ပြီး နှစ်ဖက် ဆက်ဆံရေး ပြေလည်လာစေမယ့် လမ်းစတခုလို့လည်း မျှော်လင့်စရာ အနေအထား ရှိနေတာကို တွေ့ရပါတယ်။