အိန္ဒိယ ကိုဗစ်- ကား၊ရထားတွေမှာ လူကန့်သတ်လိုက်လို့ မိုင်ကျော်ရှည်တဲ့ လူတန်းကြီးတွေ ဖြစ်ပေါ်

ဒေလီမြို့က ဘူတာတစ်ခုမှာ စောင့်ဆိုင်းနေကြသူတွေ (ပုံဟောင်း )

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေလီမြို့က ဘူတာတစ်ခုမှာ စောင့်ဆိုင်းနေကြသူတွေ (ပုံဟောင်း )

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်မှု တားမြစ်ရေးအတွက် ကန့်သတ်မှု အသစ်တွေ ပြုလုပ်ခဲ့တာကြောင့် ဘတ်စကားနဲ့ရထား စီးနင်းဖို့ လူထောင်ပေါင်းများစွာဟာ မြို့တော်ဒေလီမှာ အချိန်အကြာကြီး တန်းစီ စောင့်ဆိုင်း နေခဲ့ရပါတယ်။

ကားနဲ့ရထားတွေမှာ လူတစ်ဝက်ပဲ တင်ဖို့ ကန့်သတ်မှုအသစ်ကို မနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

တချို့နေရာတွေမှာ စောင့်ဆိုင်းနေတဲ့ လူတွေဟာ နှစ်ကီလိုမီတာလောက်အထိ ရှိပြီး ဘတ်စကားစီးဖို့ နာရီတွေနဲ့ချီပြီး စောင့်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုအများပြည်သူသုံး ကားရထားတွေမှာ ကန့်သတ်မှုဟာ အိန္ဒိယနိုင်ငံမြို့တော် ဒေလီမှာ ဒီကနေ့ စတင် အသက်ဝင်တာဖြစ်ပြီး အစိုးရက အဝါရောင်အဆင့် သတိပေးချက် သတ်မှတ် ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

အိုမီခရွန်တွေ့ရှိရသူတွေ တိုးလာပြီး အိန္ဒိယမှာ အိုမီခရွန်တွေ့ရသူတွေဟာ မြို့တော် ဒေလီမှာ အများဆုံး တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အားကစားခန်းမတွေ၊ ကျောင်းတွေ၊ ကောလိပ်တွေနဲ့ ရုပ်ရှင်ရုံတွေ ပိတ်ထားပါတယ်။

ဗီဒီယို ပုံစာ, ကိုဗစ်ဒဏ် အဆိုးရွားဆုံး ခံနေရတဲ့ အိန္ဒိယ နယ်မြေ

အခုလို တားမြစ်ကန့်သတ်လိုက်တာကြောင့် ဘတ်စကားမှတ်တိုင်တွေမှာ အရင်ကထက်တောင် လူတွေ ပိုစုရုံးနေကြရတယ်ဆိုပြီး ခရီးသွားတချို့က မကျေမနပ် ပြောဆိုကြပါတယ်။

အိန္ဒိယမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်သူ အသစ် ကိုးထောင်ကျော် တွေ့ရှိခဲ့တယ် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထဲက တချို့ကသာ အိုမီခရွန် ကူးစက်သူတွေ ဖြစ်ပေမဲ့ ကူးစက်ခံထားရပြီး စစ်ဆေးမှု မခံကြရသူတွေ အများအပြား ရှိနေလိမ့်မယ်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။

ဒီအခြေအနေတွေကြောင့် နိုင်ငံရေးဆိုင်ရာ အစည်းအဝေးတွေနဲ့ လူစုလူဝေး စုရုံးမှုတွေကို ကိုဗစ်ထိန်းချုပ်ရေးအတွက် တားမြစ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။

ဒါကြောင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ဒီအခြေအနေတွေကို အစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

ဗီဒီယို ပုံစာ, အိန္ဒိယ ကိုဗစ် ဆေးမရရင် ဘာလုပ်မလဲ