အိုမီခရွန် ကိုဗစ်ကပ်ရောဂါပိုး ကူးစက်မှု ကြမ္မာရဟတ်ထဲ မဝင်မိအောင် အိန္ဒိယ ကြိုးပမ်းနေ

အိန္ဒိယ၊ အိုမီခရွန်၊ ကိုဗစ်
ဓာတ်ပုံ ပုံစာ, အိုမီခရွန် ဗီဇပြောင်း ကိုဗစ်ပိုးသစ် အကြောင်း ပိုသိနိုင်ဖို့ NIV လို ဌာနမျိုးတွေမှာ ဓာတ်ခွဲ စမ်းသပ်မှုတွေ တက်သုတ်ရိုက် လုပ်နေကြရ
    • ရေးသားသူ, ယိုဂီတာ လီမာ‌ယေ
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန၊ ပူးနာမြို့

အိန္ဒိယနိုင်ငံအနောက်ပိုင်း ပူးနာမြို့က (NIV) ရောဂါဗေဒ ဆိုင်ရာ ဌာနကြီးမှာ အကြီးအကျယ် အလုပ်ရှုပ်နေကြပါတယ်။ ဒီဌာနဟာ အိန္ဒိယနိုင်ငံက ရောဂါပိုး မျိုးဗီဇ ဓာတ်ခွဲ စစ်ဆေးတဲ့ ဌာနတွေထဲမှာ သက်တမ်းအကြာဆုံး ဌာန ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ အိုမီခရွန် ဗီဇပြောင်း ကိုဗစ်ပိုးသစ် ကူးစက်ပျံ့နှံ့မလာအောင် ထိန်းချုပ်ဖို့ ကြိုးပမ်းနေရာမှာ အိုမီခရွန် ကိုဗစ်ပိုး ကူးစက်ခံရဘွယ် ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ (NIV) လို ဓာတ်ခွဲခန်းမျိုးတွေမှာ တစ်နေကုန် စစ်ဆေး စမ်းသပ်နေကြတာပါ။

နေ့စဥ်ဆိုသလို လည်ချောင်းနဲ့ နှာခေါင်း တို့ဖတ် ၁၀၀ လောက်ပါတဲ့ အလုံပိတ် ဘူးငယ်လေးတွေ အဲဒီဌာနဆီ ရောက်လာပါတယ်။ တောင်အာဖရိကမှာ ပထမဆုံး စတွေ့ခဲ့ပြီး အခုအခါ ကမ္ဘာတဝန်းကို ပျံ့နှံ့လာနေပြီဖြစ်တဲ့ အိုမီခရွန် ပိုးသစ် မပေါ်ခင်တုန်း အချိန်ကထက် အခုရောက်လာတဲ့ တို့ဖတ်အရေအတွက်က ၅ ဆလောက် ပိုများလာခဲ့တာပါ။

လေမဝင်အောင် အလုံပိတ်ထားတဲ့ အခန်းတစ်ခုမှာ PPE ဝတ်စုံတွေ ဝတ်ထားတဲ့ သုတေသီတွေက အဲဒီဘူးတွေကို ဖွင့်ပြီး ဗိုင်းရပ်စ်ပိုးတွေကို သီးခြားစီ ခွဲထုတ်တဲ့ လုပ်ငန်းစဥ်ကို စလုပ်ကြပါတယ်။ ဘယ်သူဘယ်ဝါဆီက လာတဲ့ တို့ဖတ်တွေလဲ ဆိုတာကို မသိရအောင် သုတေသီတွေက တို့ဖတ်နမူနာတွေကို နံပတ်အလိုက်ပဲ သတ်မှတ် စစ်ဆေးကြပါတယ်။

"အမြန်ဆုံး ဓာတ်ခွဲ စမ်းသပ်ဖို့ ဆိုတဲ့ ကြီးမားတဲ့ ဖိအားတွေနဲ့ အခုချိန်မှာ ကျွန်မတို့ ရင်ဆိုင်နေရပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ကတော့ မှန်ကန်တိကျအောင် စစ်ဆေးရမှာပါ၊ ဒါက အမြန်လုပ်ရတဲ့ လုပ်ငန်းစဥ်မျိုး မဟုတ်ပါဘူး" လို့ ဒေါက်တာ ဗာရှာ ပေါ့ဒါ က ပြောပြပါတယ်။ သူ့ရဲ့ ဖုန်းက မရပ်မနား မြည်နေပါတယ်။

ဒီတို့ဖတ် နမူနာတွေကို မျိုးဗီဇ စစ်ဆေးတဲ့ စက်တစ်ခုထဲ ထည့်ပြီး စစ်နိုင်ဖို့ နာရီပေါင်းများစွာ အချိန်ယူရပါတယ်။ ဒီစက်ကို ကပ်ရောဂါဘေး စတင်တဲ့ ပြီးခဲ့တဲ့နှစ် မတ်လက ဝယ်ခဲ့တာပါ။ အဲဒီစက်က ထုတ်လိုက်တဲ့ အချက်အလက်တွေကို ဆော့ဖ်ဝဲ ပရိုဂရမ် တစ်ခုထဲမှာ ထည့်ပြီး ဝူဟန်မြို့မှာ ပထမဆုံး တွေ့ခဲ့တဲ့ မူလ ကိုဗစ် ၁၉ ပိုးနဲ့ ဘာတွေ ကွာသလဲ ဆိုတာကို နှိုင်းယှဥ် စစ်ဆေးပါတယ်။ ရလာတဲ့ အဖြေကို ကြည့်ပြီး ဘယ်ဗီဇပြောင်း ကိုဗစ်ပိုးမျိုးလဲဆိုတာကို သုတေသီတွေက ခွဲခြား သိနိုင်ပါလိမ့်မယ်။

ကိုဗစ် တတိယလှိုင်း သတိပေးချက်

အခုနှစ်အစပိုင်း ကိုဗစ် ဒုတိယလှိုင်း ကာလတုန်းက အိန္ဒိယမှာ စတွေ့ခဲ့တဲ့ ဒယ်လ်တာ ဗီဇပြောင်း ပိုးအကြောင်း ကမ္ဘာကို စောစောစီးစီး အသိမပေးခဲ့တဲ့အတွက် အိန္ဒိယ အစိုးရ အဝေဖန်ခံခဲ့ရပါတယ်။ ဒယ်လ်တာပိုးက ကမ္ဘာတဝန်းကို အလျင်အမြန် ကူးစက်ပျံ့နှံ့သွားခဲ့တာပါ။ အဲဒီက စလို့ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ခဲ့ပါလဲ။

"အဲဒီကနေ သင်ခန်းစာတွေ အများကြီး ရခဲ့ပါတယ်၊ ဗိုင်းရပ်စ်ပိုး တစ်မျိုးကို ကူးစက်ပျံ့နှံ့ခွင့် ပိုပေးလေလေ၊ ဗီဇပြောင်း ပိုးသစ်တစ်ခု ထပ်ပေါ်လာဖို့ လမ်းပိုများလေလေ ဆိုတာကို သိလာရပါတယ်။ အခုအခါ အများကြီး ပိုတက်တက်ကြွကြွ မြန်မြန်ဆန်ဆန် လုပ်လာမယ်၊ အများကြီး ပိုပြင်ဆင်ထားမယ်လို့ ကျွန်မ ထင်ပါတယ်"လို့ NIV ဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ ပရီယာ အေဘရာဟမ် က ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လူဦးရေ ပမာဏကြောင့် အကန့်အသတ်တွေတော့ ရှိတယ်လို့ သူက ပြောပါတယ်။

Dr Priya Abraham
BBC
I think we will be much more proactive now, much more prepared.
Dr Priya Abraham
Director, NIV

"ယူကေတို့၊ အမေရိကန်တို့လို အများကြီး ပိုခေတ်မီတဲ့ နိုင်ငံကြီးတွေလောက်တော့ ကျွန်မတို့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အတော်များများတော့ တားဆီးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ တစ်ခု သိရမှာက ဒီလို ဆောင်ရွက်မှုတွေနဲ့အတူ လူတိုင်းလူတိုင်း သတိနဲ့ နေထိုင်ပြုမူသင့်တယ် ဆိုတာကိုလည်း သတင်းစကား ပါးဖို့ လိုပါတယ်"

"ကိုဗစ်တတိယလှိုင်း ဖြစ်လာမလာ ဆိုတာက ဒီပိုးကို ဘယ်လောက် ဖိတ်ခေါ်သလဲ ဆိုတာပေါ် မူတည်မယ်လို့ ထင်ပါတယ်။ တကယ်လို့ ကာကွယ်ဆေး ထိုးဖို့ နှောင့်နှေးနေကြမယ်၊ အလုံပိတ်တဲ့ နေရာတွေမှာ လူတွေ အများကြီး စုဝေးတာမျိုး လုပ်မယ် ဆိုရင်တော့ သေချာပါတယ်။ တတိယလှိုင်း ဖြစ်လာမှာပါပဲ"လို့ သူက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ အရွယ်ရောက်သူ လူဦးရေရဲ့ တစ်ဝက်ကျော်လောက်ဟာ ကိုဗစ်ကာကွယ်ဆေး အပြည့် ထိုးထားပြီးကြပါပြီ။ ကျန်တဲ့ လူဦးရေ သန်း ရာပေါင်းများစွာက ကိုဗစ် အန္တရာယ် ရှိနေဆဲပါ။ တကယ်လို့ အိုမီခရွန် ပိုးသစ်ကြောင့် ကိုဗစ်တတိယလှိုင်း ဖြစ်လာမယ် ဆိုရင်တော့ ဆေးကုသဆောင်တွေ မြန်မြန်ဆန်ဆန် ပြည့်သွားမယ့် အခြေအနေ ရှိနေဆဲပဲလို့ ဆရာဝန်တွေက သတိပေးနေပါတယ်။

ဒုတိယလှိုင်းတုန်းက ဆေးရုံ ဆေးခန်းတွေမှာ တော်ရုံတန်ရုံလောက် မနိုင်ဝန်ပိခဲ့တာ မဟုတ်ပါဘူး။ လုပ်နိုင်စွမ်းထက် အဆပေါင်းများစွာ ဝန်ပိခဲ့တာပါ။ အခုဆို တတိယလှိုင်း အသေးစားလေးလောက်ကတော့ ဖြစ်ကိုဖြစ်လာမယ်လို့ တထစ်ချ ထင်ထားပါတယ်။ ဒီတော့ ဒီလို တတိယလှိုင်း အသေးစား ဖြစ်လာရင်တောင် ကျွန်တော်တို့ရဲ့ ကျန်းမာရေး ဝန်ဆောင်မှု စနစ်က ခံနိုင်ရည်အား ရှိမှာ မဟုတ်ပါဘူး လို့ မွန်ဘိုင်းမြို့က ဆရာဝန်တစ်ဦး ဖြစ်တဲ့ ဒေါက်တာ ဆွက်နေး ပရိခ် က ပြောပါတယ်။

"ဒီတော့ ကိုဗစ်တတိယလှိုင်း ဖြစ်လာမလားလို့ မေးနေတာမျိုးထက်စာရင် ဖြစ်လာတဲ့အခါ အဆင်သင့် ပြင်ထားဖို့ကို ပိုအာရုံစိုက် သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်"

အိန္ဒိယ၊ အိုမီခရွန်၊ ကိုဗစ်
ဓာတ်ပုံ ပုံစာ, တကယ်လို့ ကိုဗစ်တတိယလှိုင်း ဖြစ်လာခဲ့ရင် ‌ဒေလီမြို့က Holy Family ဆေးရုံလို ဆေးရုံမျိုးတွေမှာ လူနာတွေနဲ့ မနိုင်မနင်း ဖြစ်ကုန်လိမ့်မယ်လို့ ဆရာဝန်တွေ သတိပေးနေ

ဒေလီမြို့က Holy Family ဆေးရုံမှာဆိုရင် တစ်လကျော်လောက်ကို ကိုဗစ်ရောဂါကူးစက်တဲ့ လူနာတစ်‌ယောက်မှ မရှိခဲ့ဘဲ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ ကိုဗစ်ရောဂါကူးစက်သူ လူနာအရေအတွက် မဆိုစလောက် တိုးလာခဲ့တာ တွေ့ရပါတယ်။

"ကိုဗစ် ဒုတိယလှိုင်းတုန်းက ဖြစ်ခဲ့သလိုမျိုး ဖြစ်လာနေတဲ့အတွက် စိုးရိမ် ကြောက်လန့်စိတ်တွေ တဖြည်းဖြည်း တိုးလာနေတဲ့ ပုံရှိနေပါတယ်"

"အဲဒီထဲမှာ တချို့က ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးပေမဲ့ ရောဂါ ပြန်ကူးစက်ခံရတာမျိုးတွေ ရှိနေတော့ နောက်ထပ် အများကြီး ပိုသတိထားရမယ့် အချိန် ရောက်နေပါပြီ"

ကိုဗစ် ဒုတိယလှိုင်း အဆိုးဆုံးကာလ ဧပြီလတုန်းက အဲဒီဆေးရုံကို ဘီဘီစီက သွားရောက် သတင်းယူခဲ့ပါတယ်။ အဲဒီတုန်းက ဆေးရုံမှာ လုံးဝ မနိုင်မနင်း ဖြစ်ခဲ့တာပါ။ လူနာတွေကို ထရော်လီတွေပေါ်၊ လက်တွန်းလှည်းတွေပေါ် တင်ပြီး ရသမျှ နေရာမှာ တတ်နိုင်သလောက် ကုပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါတောင်မှ တချို့လူတွေကို လက်မခံနိုင်ဘဲ ပြန်လွှတ်ခဲ့ရပါတယ်။

အဲဒီတုန်းက ဒေလီမြို့မှာ အောက်ဆီဂျင် ပြတ်လပ်မှုလည်း အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ ဒေါက်တာ ရေး ဆိုရင် အထူးကြပ်မတ် ကုသဆောင်က သူ့ရဲ့ လူနာတွေကို ကုပေးနေရင်း အောက်ဆီဂျင် နောက်ထပ် ရဖို့ ဖုန်းတွေ အလောသုံးဆယ် လျှောက်ဆက်ခဲ့ရပါတယ်။

ဒေလီမြို့နဲ့ တခြား‌ဒေသက ဆေးရုံတချို့မှာ အောက်ဆီဂျင်ပြတ်လို့ လူတွေ သေခဲ့ရပါတယ်။ အိန္ဒိယ အစိုးရအနေနဲ့ သူတို့ရဲ့ အရင်းအမြစ်တွေကနေ အောက်ဆီဂျင် ထုတ်နိုင်အောင် ပိုကောင်းကောင်း စီစဥ်ပေးဖို့နဲ့ ကို လိုအပ်တဲ့နေရာတွေကို အောက်ဆီဂျင် ပို့ပေးနိုင်ဖို့ ဆောင်ရွက်သင့်တယ်လို့ ဒေါက်တာရေးက ပြောပါတယ်။

"ဆေးရုံကုတင်ရဖို့ ဆေးရုံတစ်ရုံကနေ တစ်ရုံ လိုက်ရှာရတာမျိုး မဖြစ်သင့်ပါဘူး။ ဒါက လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ ပိုကောင်းမွန်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဖို့ လိုပါတယ်။ အဲဒီတုန်းက ပြင်ဆင်ဖို့ အချိန်ရခဲ့တယ်၊ လုပ်လို့ ရနိုင်ခဲ့ရမယ်လို့ ကျွန်တော် ထင်ပါတယ်"

"လူတွေရဲ့ အသက်ကို ကယ်ဖို့ သင်တန်းဆင်းထားတာပါ၊ အရင်းအမြစ် မလုံလောက်လို့ အသက်မကယ်နိုင်ဘူး ဆိုရင်တော့ ဒီတာဝန်ကို ဖြည့်ဆည်းဖို့ ပျက်ကွက်မိတယ်လို့ ခံစားမိပါတယ်။ ဆေးကုပေးနေတဲ့ ဆရာဝန် တစ်ဦးအနေနဲ့ အဲဒီအချိန်ဟာ ကျွန်တော့်ဘဝမှာ အဆိုးဆုံး အချိန်ပါပဲ"

အိန္ဒိယ၊ အိုမီခရွန်၊ ကိုဗစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ‌ဒေလီမြို့မှာ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူတွေကို ကာကွယ်ဆေး လိုက်ထိုးပေးနေ

အိန္ဒိယအစိုးရက သူတို့အနေနဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်နေပြီလို့ ပြောပါတယ်။ ဒါပေမဲ့ မွန်ဘိုင်းမြို့က ဒေါက်တာ ပရိခ် ကတော့ နောက်ထပ် အများကြီး လုပ်ဖို့ လိုနေသေးတယ်လို့ ဆိုပါတယ်။

"တတ်နိုင်သမျှ နောက်ထပ် လူတွေ ကာကွယ်ဆေး အပြည့်ထိုးပေးဖို့ လိုတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါ့အပြင် သက်ကြီးရွယ်အိုတွေနဲ့ ခံနိုင်ရည်နည်းတဲ့သူတွေ၊ အထူးသဖြင့် ကိုယ်ခံအားနည်းတဲ့ သူတွေ၊ တခါ ကျန်းမာရေး ဝန်ထမ်းတွေ၊ လူနာတွေနဲ့ အနီးကပ် ထိတွေ့နေရသူတွေကို တတိယအကြိမ် ထပ်ဆောင်း ကာကွယ်ဆေး ထိုးပေးတာမျိုး စလုပ်သင့်နေပါပြီ"လို့ သူက ပြောပါတယ်။

"ကိုဗစ် ဒုတိယလှိုင်းတုန်းက ကပ်ရောဂါဘေး ကြမ္မာရဟတ်မှာ အိန္ဒိယ ရှုံးခဲ့ရပါတယ်။ အခုဒီတစ်ခေါက်မှာတော့ အဲဒီတုန်းကနဲ့ မတူအောင် လုပ်ကြမယ်။ ပြင်ဆင်မှုဆောင်ရွက်မှုတွေကို လိုတာထက် ပိုအောင် လုပ်ထားကြပါစို့"

ကူနယ်လ် ဆေဂယ်လ်ရဲ့ သတင်း ဖြည့်စွက် ပေးပို့ချက်