ဟောင်ကောင်ရွေးကောက်ပွဲ ဘေကျင်း လိုလားသူတွေ အနိုင်ရ

ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ မဲပေးသူ ဦးရေ အနိမ့်ဆုံးအထိ ကျဆင်းသွားခဲ့တဲ့ ဥပဒေပြုကောင်စီရွေးကောက်ပွဲတွေမှာ ဘေကျင်းလိုလားတဲ့ အမတ်လောင်းတွေက အနိုင်ရခဲ့ကြပါတယ်။

ဒါဟာ တရုတ်အစိုးရက ဟောင်ကောင်ရဲ့ ရွေးကောက်ပွဲ ပုံစံကို အငြင်းပွားဖွယ်ရာ အပြောင်းအလဲတွေ လုပ်ခဲ့ပြီးနောက် ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

အာဏာပိုင်တွေဘက်က အခြေအနေတွေ တည်ငြိမ်အောင် လိုအပ်လို့ အပြောင်းအလဲတွေ လုပ်ခဲ့တာလို့ အကြောင်းပြပေမယ့် ဝေဖန်သူတွေဘက်ကတော့ ဒီမိုကရေစီ စနစ်ကို အားနည်းသွားစေတယ်လို့ ထောက်ပြ ကြပါတယ်။

တနင်္လာနေ့မှာပဲ ဘေကျင်းက ဟောင်ကောင် ရဲ့ သွင်ပြင်လက္ခဏာနဲ့ ဒီမိုကရေစီ ဆိုတဲ့ စက္ကူဖြူစာတမ်း ကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ စက္ကူဖြူစာတမ်းကို ဟောင်ကောင် ရွေးကောက်ပွဲ ရလဒ်တွေ မကြေညာခင် နာရီပိုင်းအလိုမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဘေကျင်းက အပြောင်းအလဲသစ်တွေ ဖော်ဆောင်ပေးပြီးနောက်မှာ ဟောင်ကောင်ဟာ တည်ငြိမ်လာပြီ ဖြစ်တယ်လို့ တရုတ်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ ဘာတွေ ဖြစ်ခဲ့သလဲ

ဟောင်ကောင်ရဲ့ LegCo လို့ ခေါ်ကြတဲ့ အငယ်စား ပါလီမန်ဟာ ဒေသတွင်းမှာ ဥပဒေပြုရေးနဲ့ ပြင်ဆင်ရေးတွေ လုပ်ပေးနေတဲ့ အင်အားကောင်းတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

ဟောင်ကောင်ဒေသတွင်း သတင်းဌာန တခုဖြစ်တဲ့ HK01 ရဲ့ လေ့လာသုံးသပ်ချက်အရ ပါလီမန်ထဲမှာ ရှိနေတဲ့ အမတ်နေရာ ၉၀ အနက် ၈၂ နေရာမှာ ဘေကျင်းလိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေ အနိုင်ရခဲ့ကြပါတယ်။ ကျန်အမတ်နေရာတွေကိုတော့ ဘေကျင်းလိုလားတဲ့ အထဲ မပါတဲ့ ကိုယ်စားလှယ်လောင်း တယောက်နဲ့ နိင်ငံရေးသမိုင်းနောက်ခံ မသိရသူတွေက အနိုင်ရခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရအာဏာပိုင်တွေ ဘက်က မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင် ၄.၅ သန်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လာရောက် မဲပေးကြဖို့ တိုက်တွန်းနေခဲ့ကြပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ နေ့မှာ အများသုံး သယ်ပို့စနစ်တွေကိုလည်း အခမဲ့ သတ်မှတ်ပေးထားခဲ့သလို မဲလာပေးကြဖို့လည်း ဖုန်းမက်ဆေ့ချ်တွေ အများအပြားပို့ ပြီးတိုက်တွန်းခဲ့ကြပါတယ်။

ဒါပေမဲ့လည်း တကယ်တမ်း မဲလာပေးသူက ၃၀.၂ ရာခိုင်နှုန်းပဲ ရှိခဲ့ပြီး တော်တော်များများက စိတ်ဝင်စားမှု မရှိခဲ့ကြပါဘူး။ အသက် ၂၀ ကျော် စာရင်းကိုင် အမျိုးသမီး တယောက်က သူမဲပေးလည်း ဘာမှ မထူးဘူး၊ နောက်ဆုံးကျရင် ဘေကျင်းလိုလားသူတွေပဲ နိုင်မှာပဲလို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

မဲဆန္ဒရှင် တွေကို ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့နဲ့ ဗလာမဲတွေ ပေးဖို့ တိုက်တွန်းခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ တချို့လည်း အဖမ်းခံခဲ့ရပါတယ်။ ဗလာမဲ ပေးတာဟာ တရားဥပဒေနဲ့ ညီပေမယ့် ဒီလို ဗလာမဲ ပေးဖို့ နဲ့ မဲမပေးဖို့ စည်းရုံး လှုံ့ဆော်တာတွေကတော့ ဥပဒေနဲ့ မညီပါဘူး။

ရွေးကောက်ပွဲ စနစ်ကို ဘာတွေ ပြောင်းလဲထားသလဲ

ပြီးခဲ့တဲ့ မတ်လ အတွင်းက LegCo ကို အပြောင်းအလဲလုပ်ဖို့ အတွက် ဘေကျင်းက ဟောင်ကောင်ကို မျိုးချစ်တွေပဲ အုပ်ချုပ်စေဖို့ ဆုံးဖြတ်ချက် တခုကို ချမှတ်ခဲ့ပါတယ်။

အဲဒါကြောင့် အမတ်လောင်းတွေကို စိစစ်ရေး ကော်မတီတွေက စိစစ်တာတွေလုပ်ခဲ့သလို ဟောင်ကောင်ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ ဥပဒေပြုအမတ် အချိုးအစားလည်း နည်းသွားစေခဲ့ပါတယ်။ နောက်ပြီး ဘေကျင်းလိုလားသူတွေ ကြီးစိုးတဲ့ ရွေးကောက်ပွဲ ကော်မတီ အဖွဲ့ကို နေရာတွေ ပေးခဲ့ပါတယ်။

အမတ်နေရာ ၉၀ ထဲမှာ ၂၀ သာလျှင် ပြည်သူလူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်နိုင်တာ ဖြစ်ပါတယ်။ ကျန်တဲ့ အထဲက ထက်ဝက်ကို ဘေကျင်းလိုလားတဲ့ ရွေးကောက်ပွဲ ကော်မတီက ရွေးချယ်ပြီး ကျန်တာကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးက အစဥ်အလာအရ ဘေကျင်းယိမ်းတဲ့ အဖွဲ့အစည်းတွေက ရွေးချယ်ကြတာ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက ဒီမိုကရေစီရေး ဆန္ဒပြတောင်းဆိုမှုတွေ အကြီးအကျယ် ကြုံခဲ့ရပြီးနောက် တရုတ်က ဟောင်ကောင်အပေါ် ဆက်ပြီး ထိန်းချုပ်သွားဖို့ နဲ့ အလွှာတိုင်းမှာ တရုတ်အပေါ် သစ္စာခံမှုတွေ ရှိလာစေဖို့ ကြိုးစားတာဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။

အခုရွေးကောက်ပွဲဟာ တရုတ်က ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြသူတွေကို ပိုမို လွယ်ကူစွာ ဖိနှိပ်အပြစ်ပေးနိုင်မယ့် အမျိုးသား လုံခြုံရေး ဥပဒေသစ်ကို ပြဋ္ဌာန်းပြီးနောက်ပိုင်း ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ဟောင်ကောင် အခြေစိုက် ဘီဘီစီ တရုတ်ဘာသာ ဌာနက မာတင် ယစ်ကတော့ ဘေကျင်းလိုလားတဲ့ အကြီးဆုံးပါတီကြီး ဖြစ်တဲ့ DAB အောင်ပွဲခံခဲ့တာကလွဲရင် အဲဒီညဟာ သတင်းထုတ်ပြန်ရေး စင်တာဘက်မှာ ဘာမှ သိပ်ထူးခြားမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ သူတို့ DAB က အမတ်နေရာ ပိုအနိုင်ရလေ ပိုအသံကျယ်လေပဲလို့ ဆိုပါတယ်။

အခုရွေးကောက်ပွဲမှာ တရုတ်မလိုလားတဲ့ ဘက်က အမတ်နေရာ အကုန်ရှုံးမယ်လို့ အများက မှန်းဆခဲ့ကြပေမယ့် တနေရာတော့ အနိုင်ရခဲ့ပါသေးတယ်။ အနိုင်ရခဲ့တဲ့ အမတ်သစ် Dik Chi-yuen ဟာ အမှတ် နေရာ ၉၀ ရှိတဲ့ ဥပဒေပြု ကောင်စီထဲမှာ တဦးတည်းသော အတိုက်အခံ ဖြစ်လာတော့မှာပါ။

ဒါပေမဲ့ သူကိုယ်တိုင်ဟာလည်း တခြား အမတ်လောင်းတွေနည်းတူပဲ ဘေကျင်းကို သစ္စာခံ လို့ဆိုကြတဲ့ စိစစ်ရေး ကော်မတီရဲ့ အတည်ပြုချက်ရပြီးမှ ဝင်ပြိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘေကျင်းရဲ့ စက္ကူဖြူစာတမ်းလည်း ထွက်လာပြန်ပါတယ်။ အဲဒီထဲမှာတော့ ပြောနေကျအတိုင်း ဗြိတိန်ဟာ ဟောင်ကောင်ကို ဘာဒီမိုကရေစီမှ မပေးခဲ့ဘူး ဆိုတဲ့ ဓာတ်ပြားဟောင်းကြီးပဲ လေလုံးထွားထွားနဲ့ ထပ်ဖွင့်ပြထားပါတယ်။ နောက်ပြီး ၁၉၉၇ ခုနှစ် ဟောင်ကောင်ကို ပြန်မလွှဲခင် နှစ်အနည်းငယ် အလိုမှ စတင်ခဲ့တဲ့ LegCo ဆိုတာဟာလည်း ဗြိတိန်ရဲ့ ကိုလိုနီ စနစ်ကို ဆက်ပြီး အသက်သွင်းထားဖို့ လုပ်ခဲ့တဲ့ အကြံသာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

တရုတ် ကွန်မြူနစ် ပါတီကမှဟာ ဟောင်ကောင်ရဲ့ ဒီမိုကရေစီ စနစ်အတွက် ပုံစံထုတ်၊ ဖန်တီး၊ ထိန်းသိမ်းပြီး အဆင့်မြှင့်ပေးခဲ့တာပါလို့ ဖော်ပြထားပါတယ်။

ဘေကျင်းဟာ အာဏာတည်မြဲရေးအတွက် အကျယ်တဝင့် စာတမ်းရှည်ကြီးတွေ ရေးသားထုတ်ပြန်ရင်း ဒီမိုကရေစီကိုလည်း စိတ်ကြိုက် သတ်မှတ် အနက်ဖွင့်ပြလာနေပြီ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

စက္ကူဖြူစာတမ်းထဲ ဘာတွေ ဖော်ပြထားသလဲ

ဒီစက္ကူဖြူ စာတမ်းဟာ ဘေကျင်းက ဟောင်ကောင်ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လို့ ထုတ်ပြန်တဲ့ ဒုတိယမြောက် စာတမ်း ဖြစ်ပါတယ်။

အဲဒီထဲမှာ တရုတ်ဟာ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရ ဒေသမှာ တနိုင်ငံ၊ စနစ် နှစ်ခု ဆိုတဲ့ မူကို စတင်ဖော်ဆောင်ခဲ့ပြီး နောက်ပိုင်းကတည်းက ဟောင်ကောင်မှာ ဒီမိုကရေစီ စနစ် ဖွံ့ဖြိုးစေဖို့ စဥ်ဆက်မပြတ် ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီမူအရ ဟောင်ကောင်မှာ တခြား တရုတ်ပြည်မထဲက ဘယ်မှာမှ မရှိတဲ့ ဒီမိုကရေစီဆန်တဲ့ လွတ်လပ်မှုတွေ ရှိရမယ်လို့ အာမခံထားတာ ဖြစ်ပါတယ်။ အဲဒီအချက်ကို ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ် ဗြိတိန်က ဟောင်ကောင်ကို တရုတ်လက်ကို ပြန်မလွှဲပေးခင်က လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ထဲမှာ ထည့်သွင်းထားပါတယ်။

ဒါကြောင့်လည်း တရုတ်က ဟောင်ကောင်နဲ့ ပတ်သက်လို့ ဥပဒေပိုင်း အပြောင်းအလဲတွေ လုပ်လာတဲ့ အပေါ်မှာ ယူကေအပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေက ဘေကျင်းဟာ သဘောတူ စာချုပ်က မူတွေကို မလိုက်နာဘဲ ကတိပျက်တယ်လို့ စွပ်စွဲကြပါတယ်။

စက္ကူဖြူထဲမှာ တရုတ် ဆန့်ကျင်သူတွေက ဟောင်ကောင်မှာ လူထု ဆူပူအုံကြွမှု ဖြစ်အောင် လုပ်နေကြတယ်လို့ ပြန်စွပ်စွဲထားသလို၊ မူမမှန်တဲ့ အကြောင်းပြချက်တွေကို အခြေခံတဲ့ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြပွဲတွေကိုလည်း ပြုလုပ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုထားပါတယ်။

ဆက်လက်ပြီး ဘေကျင်းရဲ့ ရွေးကောက်ပွဲပုံစံ ပြောင်းလဲမှုတွေနဲ့ အမျိုးသား လုံခြုံရေး ဥပဒေ ပြဋ္ဌာန်းမှုတွေဟာ လူထုအုံကြွမှု ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းဖို့နဲ့ ဟောင်ကောင်မှာ အခြေအနေ တည်ငြိမ်လာစေဖို့အတွက် လမ်းပွင့်သွားစေတယ်လို့ ဆိုထားပါတယ်။

အခုစက္ကူဖြူ စာတမ်းမတိုင်ခင် ပြီးခဲ့တဲ့ ၂၀၁၄ ဇွန်လအတွင်းမှာလည်း စက္ကူဖြူ စာတမ်းတစောင်ကို ထုတ်ပြန်ခဲ့ဖူးပါတယ်။ အဲဒီနောက် ၃ လ အကြာမှာ ဟောင်ကောင်ကို လုံးဝ ရပ်တန့်သွားစေတဲ့ အထိ ကြီးကျယ်တဲ့ ဆန္ဒပြပွဲကြီးတွေ ဖြစ်ခဲ့ပါတယ်။