ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘီဘီစီ ၂၀၂၁ ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀
ကမ္ဘာတစ်ဝန်းက ၂၀၂၁ ခုနှစ်အတွက် အားကျဖွယ်ရာနဲ့ လွှမ်းမိုးမှုရှိခဲ့တဲ့ အမျိုးသမီး ၁၀၀ ကို ဘီဘီစီက ဖော်ပြလိုက်ပါတယ်။
ဒီနှစ် ဖော်ပြတဲ့ အမျိုးသမီးတွေဟာ လူသားတွေရဲ့ အသိုင်းအဝိုင်း၊ ယဥ်ကျေးမှုနဲ့ ကမ္ဘာကြီးကို အပြောင်းအလဲ ဖြစ်စေခဲ့တဲ့နေရာမှာ ပါဝင်ခဲ့သူတွေကို ရွေးချယ်ဖော်ပြထားပါတယ်။
သူတို့ထဲမှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရ အငယ်ဆုံး အမျိုးသမီး မာလာလာ ယူဆက်ဖ်ဇိုင်း ၊ ဆာမိုအာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖီယာမယ် နေယိုမီ မာတာ အာဖာ နဲ့ ကာကွယ်ဆေးစိတ်ချရမှု စီမံကိန်းကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ ဟိုင်ဒီ ဂျေ လာဆန်နဲ့ ချီးကျူးဂုဏ်ပြုခံ စာရေးဆရာမ ချီမမန်ဒါ ငိုဇီ အဒီချီ တို့ပါဝင်ပါတယ်။
ဒီစာရင်းထဲမှာ အာဖဂန်နစ္စတန်နိုင်ငံက အမျိုးသမီးတွေက တစ်ဝက်ပါဝင်ပါတယ်။ သူတို့ကို ဖော်ပြရာမှာတော့ သူတို့ လုံခြုံရေးကြောင့် တချို့ကို နာမည်လွှဲထားပြီး ဓာတ်ပုံ မပါဘဲဖော်ပြတာတွေ ရှိပါတယ်။
အာဖဂန်နစ္စတန် ထဲက မငြိမ်သက်မှုတွေကြောင့် အခုနှစ်ထဲမှာ လူသန်းချီပြီး ဘဝအခြေအနေတွေ ပြောင်းလဲကုန်ပါတယ်။ မိန်းကလေးတွေ အထက်တန်းအဆင့် ပညာသင်တာကို တားမြစ်တာ၊ အမျိုးသမီးရေးရာ ဝန်ကြီးဌာနကို ဖျက်သိမ်းတာ၊ နေရာအတော်များများမှာ အမျိုးသမီးတွေ လုပ်ငန်းခွင် ပြန်လာခွင့် မရှိတော့တာတွေ ဖြစ်လာပါတယ်။
ဒီနှစ်စာရင်းထဲမှာ ဘဝတွေ ပြန်လည်ရှင်သန်နိုင်ဖို့ သူတို့တွေရဲ့ ရဲရင့်မှုနဲ့ လုပ်ဆောင်နိုင်ခဲ့တာတွေ အသိအမှတ်ပြု ဖော်ပြထားပါတယ်။
အမျိုးသမီး ၁၀၀ ကို ဘယ်လို ရွေးချယ်ခဲ့လဲ
ဘီဘီစီကမ္ဘာတလွှား ဘာသာစကား အသံလွှင့်ဌာနတွေက အကြံပြု စုစည်းပေးတဲ့ ထူးချွန်ထင်ရှားတဲ့ အမျိုးသမီးတွေရဲ့ အမည်တွေကို အခြေခံပြီး BBC's 100 Women စာရင်းပြုစုတဲ့ အဖွဲ့က နောက်ဆုံးအဆင့် နာမည်စာရင်းတစ်ခုကို ရေးဆွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်း သတင်းတွေမှာ ဖော်ပြခံရတဲ့ ဒါမှမဟုတ် အရေးပါတဲ့ ကိစ္စရပ်တွေမှာ လွှမ်းမိုးဖော်ပြခံခဲ့ရတဲ့ အမျိုးသမီးတွေ၊ သတင်းအဖြစ် ဖော်ပြမခံရပေမဲ့ လူမှုအသိုင်းအဝိုင်းမှာ တနည်းနည်းနဲ့ ထင်ရှား ဒါမှမဟုတ် လွှမ်းမိုးမှု ဖြစ်စေခဲ့တဲ့ အမျိုးသမီးတွေကို ရှာဖွေ စာရင်း စုဆောင်းခဲ့တာ ဖြစ်ပါတယ်။
ရလာတဲ့ အမျိုးသမီးတွေထဲကမှ အခုနှစ် ထူးချွန်ထင်ရှားသူ အမျိုးသမီးများ ဆိုင်ရာ အကြောင်းအရာနဲ့ ကိုက်ညီသူ အမျိုးသမီးတွေရဲ့ အမည်တွေကို ခွဲထုတ် စာရင်းပြုစုခဲ့တာ ဖြစ်ပါတယ်။ အခုနှစ် ရွေးချယ် ဖော်ပြတဲ့ အမျိုးသမီးတွေဟာ ကမ္ဘာတဝန်း ကပ်ရောဂါဘေး ကျရောက်ခဲ့အပြီး ကမ္ဘာကြီးကို အသစ်ပြန်လည် ဖန်တီးရာမှာ တဖက်တလမ်းက ပါဝင်ဆောင်ရွက်ခဲ့သူတွေဖြစ်ပြီး သူတို့ကြောင့် လူအတော်များများ ကိုယ့်ရဲ့ နေထိုင်ပြုမူပုံတွေကို ပြန်သုံးသပ် သိမြင်လာခဲ့ကြပါတယ်။ ဒါ့အပြင် ဒေသအလိုက် ကိုယ်စားပြုမှု၊ သမာသမတ် ရှိမှုတွေကို တိုင်းထွာ လေ့လာပြီးမှ အပြီးသတ် အမည်စာရင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် ထူးချွန်ထင်ရှားသူ အမျိုးသမီး ၁၀၀ စာရင်းထဲက တစ်ဝက်ကို အာဖဂန်နစ္စတန်နိုင်ငံ တစ်ခုထဲက အမျိုးသမီးတွေကို အထူးရွေးချယ် ဖော်ပြဖို့ BBC 100 Women စာရင်းပြုစုတဲ့အဖွဲ့က မလုပ်စဖူး ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။
အာဖဂန်နစ္စတန်မှာ လတ်တလော အခြေအနေတွေကြောင့် သတင်းခေါင်းစဥ်တွေမှာ ဖော်ပြခံခဲ့ရပါတယ်။ တာလီဘန်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားမှာကို စိုးရိမ်နေတယ် ဆိုပြီး အခွင့်အရေး တောင်းဆိုလှုပ်ရှားတဲ့ အုပ်စုတွေက ထုတ်ဖော် ပြောခဲ့ကြသလို အာဖဂန်လူမျိုး သန်းပေါင်းများစွာလည်း သူတို့ရဲ့ အနာဂတ် ရှေ့ရေး မရေမရာဖြစ်နေကြပါတယ်။
အာဖဂန်နစ္စတန်က လာတဲ့ ဒါမှမဟုတ် အာဖဂန်နစ္စတန်မှာ အလုပ်လုပ်တဲ့ အမျိုးသမီးတွေကို စာရင်းတစ်ဝက်လောက် ထည့်သွင်း ဖော်ပြခြင်းအားဖြင့် အဲဒီမှာ ဒီလို အမျိုးသမီးတွေ ဘယ်လောက် အများကြီး လူမြင်ကွင်းကနေ ပျောက်ချင်းမလှ ပျောက်သွားအောင် အလုပ်ခံနေခဲ့ရသလဲ ဆိုတာကို မီးမောင်းထိုးပြဖို့နဲ့ အာဖဂန်ကနေ ထွက်ပြေးလာရသူတွေ၊ တဖြည်းဖြည်းနဲ့ ထုတ်ဖော်ပြောခွင့် ပိတ်ပင်ခံလာရသူတွေရဲ့ အသံတွေကို မျှဝေနိုင်ဖို့ ရည်ရွယ်ပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့တုန်းက အမျိုးသမီး အခွင့်အရေးတွေနဲ့ ပတ်သက်လို့ တင်းတင်းကျပ်ကျပ် ချမှတ်ဆောင်ရွက်ဖို့ တာလီဘန်တွေက သူတို့ရဲ့ ဘာသာရေးအကြီးအကဲရဲ့ အမိန့်နဲ့ ဝန်ကြီးဌာနတွေကို ညွှန်ကြားထားတဲ့ အမိန့်ဒီကရီ တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်အရ အမျိုးသမီးတွေအတွက် အိမ်ထောင်ပြုမှု၊ ပိုင်ဆိုင်မှုဆိုင်ရာ စည်းမျဥ်းတွေ ရေးဆွဲထားပြီး အမျိုးသမီးတွေကို အတင်းအိမ်ထောင်မပြုခိုင်းသင့်ကြောင်းနဲ့ အမျိုးသမီးတွေကို ပိုင်ဆိုင်မှုတစ်ခုအဖြစ် မသတ်မှတ်သင့်ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ဒီအမိန့်ထဲမှာ မိန်းကလေးငယ်တွေ အထက်တန်းအဆင့် ပညာသင်ယူခွင့်ကိစ္စနဲ့ အမျိုးသမီးတွေ အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ခံထားရတဲ့ ကိစ္စတွေကို ထည့်သွင်း မထားတဲ့အတွက် အဝေဖန် ခံခဲ့ရပါတယ်။
စာရင်းထဲမှာ ပါတဲ့ အာဖဂန်အမျိုးသမီး တချို့ကိုတော့ သူတို့နဲ့ မိသားစုဝင်တွေကို ကာကွယ်ဖို့အတွက် သူတို့ကိုယ်တိုင်ရဲ့ သဘောဆန္ဒနဲ့ ဘီဘီစီရဲ့ ပေါ်လစီ၊ လုံခြုံစိတ်ချရမှု လမ်းညွှန်ချက်တွေအရ သူတို့ ဘယ်သူဘယ်ဝါတွေလဲ ဆိုတာကို လျှို့ဝှက်ထားခဲ့ပြီး အမည်တွေကို လွှဲပြောင်း ဖော်ပြထားပါတယ်။
မှတ်တမ်း
ထုတ်လုပ်မှုနဲ့ တည်းဖြတ်-Valeria Perasso၊ Amelia Butterly၊ Lara Owen၊ Georgina Pearce၊ Kawoon Khamoosh၊ Haniya Ali၊ Mark Shea။
ဘီဘီစီရဲ့ အမျိုးသမီး ၁၀၀ အယ်ဒီတာ-Claire Williams။ ထုတ်လုပ်မှု -Paul Sargeant၊ Philippa Joy၊ Ana Lucía González။ Development- Ayu Widyaningsih Idjaja၊ Alexander Ivanov။ ဒီဇိုင်း-Debie Loizou၊ Zoe Bartholemew။ သရုပ်ဖော်- Jilla Dastmalchi။
ဓာတ်ပုံမူပိုင်ခွင့် - Fadil Berisha၊ Gerwin Polu/Talamua Media၊ Gregg DeGuire/Getty Images၊ Netflix၊ Manny Jefferson၊ University College London (UCL)၊ Zuno Photography၊ Brian Mwando၊ S.H. Raihan၊ CAMGEW, Ferhat Elik၊ Chloé Desnoyers၊ Reuters၊ Boudewijn Bollmann၊ Imran Karim Khattak/RedOn Films၊ Patrick Dowse၊ Kate Warren၊ Sherridon Poyer၊ Fondo Semillas၊ Magnificent Lenses Limited၊ Darcy Hemley၊ Ray Ryan Photography Tuam၊ Carla Policella/Ministry of Women၊ Gender and Diversity (Argentina)၊ Matías Salazar၊ Acumen Pictures၊ Mercia Windwaai၊ Carlos Orsi/Questão de Ciência၊ Yuriy Ogarkov၊ Setiz/@setiz၊ Made Antarawan၊ Peter Hurley၊ Jason Bell၊ University of Sheffield Hallam၊ Caroline Mardok၊ Emad Mankusa, David M. Benett/Getty, East West Institute Flickr Gallery, Rashed Lovaan၊ Abdullah Rafiq၊ RFH၊ Jenny Lewis၊ Ram Parkash Studio၊ Oslo Freedom Forum၊ Kiana Hayeri/Malala Fund၊ Fatima Hasani၊ Nasrin Raofi၊ Mohammad Anwar Danishyar၊ Sophie Sheinwald၊ Payez Jahanbeen၊ James Batten။
အမျိုးသမီး ၁၀၀ ဆိုတာ ဘာလဲ
ဘီဘီစီက ကမ္ဘာတစ်လွှားက အားကျဖွယ်ရာနဲ့ လွှမ်းမိုးမှုရှိတဲ့ အမျိုးသမီး ၁၀၀ ကို နှစ်စဥ်ဖော်ပြလေ့ရှိပါတယ်။ အဲဒီအမျိုးသမီးတွေရဲ့ ဘဝအကြောင်းတွေကို မှတ်တမ်းရုပ်ရှင်၊ ဆောင်းပါး၊ တွေ့ဆုံမေးမြန်းခန်းတွေ ဖန်တီးတင်ဆက် ဖော်ပြပါတယ်။
ဘီဘီစီရဲ့ အမျိုးသမီး ၁၀၀ အစီအစဥ်တွေကို အင်စတာဂရမ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့မှာ #BBC100Women လို့ ရိုက်ထည့်ပြီး ရှာဖွေကြည့်နိုင်ပါတယ်။