အိန္ဒိယ-ဇနီးအတွက် ချစ်သက်လက်ဆောင် တာ့ဂျ်မဟာ ပုံစံတူအိမ်ဆောက်ပေး

အသက် ၅၂ နှစ် အိန္ဒိယ စီးပွားရေးသမားတစ်ဦးက သူ့မိန်းမအတွက် ၂၇ နှစ် အိမ်ထောင်သက် အထိမ်းအမှတ်အဖြစ် တာ့ချ်မဟာ အဆောက်အဦးပုံစံ အိမ်တစ်လုံးကို တည်ဆောက်ပေးထားပါတယ်။

အဲ့ဒီအိမ်က အိန္ဒိယနိုင်ငံ အလယ်ပိုင်းက မာဒရာပရာဒက်ချ် ပြည်နယ် ဘာဟန်ပူမြို့မှာရှိပြီး ချစ်သက် အထိမ်းအမှတ်အဖြစ် အာနန် ပရာကက်စ် ချိုဆေးက ဆောက်လုပ်ခဲ့တာပါ။

"ကျွန်တော့် အမျိုးသမီးအတွက် လက်ဆောင်တင်မက မြို့အတွက်ရော မြို့ကလူတွေအတွက်လည်း ပါပါတယ်"လို့ မစ္စတာ ချိုဆေးက ဘီဘီစီကို ပြောပါတယ်။

အိမ်ဆောက်တဲ့ကုန်ကျစားရိတ်က အိန္ဒိယရူပီး သန်း ၂၀ အမေရိကန်ဒေါ်လာ နှစ်သိန်းခြောက်သောင်းရှိတယ် လို့ သူကပြောပါတယ်။

တာ့ဂျ်မဟာ အဆောက်အဦးကို ၁၇ရာစုက ဆောက်ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံ အာဂရာမြို့မှာတည်ရှိပါတယ်။ မဂိုဘုရင် ရှား ဂျာဟန်က သူတို့ရဲ့ ၁၄ယောက်မြောက်ကလေးကို မွေးဖွားရင်း သေဆုံးခဲ့တဲ့ သူ့ မိဖုရား မွန်တာ့စ် အတွက် အမှတ်တရအနေနဲ့ ဆောက်ပေးထားတာပါ။

စကျင်ကျောက်တွေနဲ့ ဆောက်လုပ်ထားပြီး မှန်ကူကွက်တွေနဲ့ မွမ်းမံထားတဲ့ တာ့ဂျ်မဟာ အဆောက်အဦးဟာ ကမ္ဘာ့လှည့် ခရီးသည်တွေ အလာများတဲ့ အိန္ဒိယက ကမ္ဘာကျော် အထင်ကရ အဆောက်အဦး တစ်ခုပါ။

ကိုဗစ်ကပ်ရောဂါမဖြစ်ခင်ကဆိုရင် တာ့ဂျ်မဟာကို နေ့စဥ် လူခုနစ်သောင်းလောက် လာလည်ကြပြီး လာလည်တဲ့သူတွေထဲမှာ နာမည်ကြီးတွေနဲ့ ရာထူးကြီးသူတွေလည်း ပါပါတယ်။

မစ္စတာ ချိုဆေးရဲ့ တာ့ဂျ်မဟာပုံစံတူ အဆောက်အဦးကို ဧက၅၀ အကျယ်အဝန်းထဲမှာ ဆောက်လုပ်ထားတာဖြစ်ပြီး ဆေးရုံတစ်ရုံလည်း ပါဝင်တဲ့ နေရာကို လူတွေ စိတ်ဝင်တစားလာကြည့် ကြပါတယ်။

အဲ့ဒီထဲရောက်ရင် မျက်ခင်းပေါ် လမ်းလျှောက် ဓာတ်ပုံတွေရိုက်လို့ရသလို "လူတွေက သူတို့ရဲ့ မင်္ဂလာဆောင်ပွဲကြို ဓာတ်ပုံရိုက်တာတွေလည်း လာလုပ်နေကြပြီလို့ " သူက ပြောပါတယ်။

"သူတို့လာတာကို ကျွန်တော်မတားဘူး။ ကျွန်တော်တို့ အသိုင်းအဝန်းက တစ်ယောက်ကို တစ်ယောက်ကို သိနေကြပြီး ရင်းရင်းနှီးနှီးနေကြတာဆိုတော့ အိမ်လာလည်နိုင်ဖို့ အားလုံးအတွက် ဖွင့်ပေးထားပါတယ်။ "

ဒါပေမယ့် အိမ်ထဲမှာ သူတို့မိသားစုနေနေတဲ့အတွက် လာလည်သူတိုင်းကိုတော့ အိမ်ထဲဝင်ခွင့် မပေးဘူးလို့ မစ္စတာ ချိုဆေးက ပြောပါတယ်။

အိမ်ကို အိပ်ခန်းလေးခန်းနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပြီး တစ်ထပ်မှာ နှစ်ခန်းစီ ရှိပါတယ်။ စာကြည့်တိုက်နဲ့ တရားထိုင်ဖို့ အခန်းတစ်ခန်းလည်း ပါပါတယ်။ ဧည့်ခန်းကိုတော့ လှပတဲ့ စကျင်ကျောက်တိုင်ကြီးတွေနဲ့ မြွေလိမ်မြွေကောက်ပုံစံ လှေကားနဲ့ လှပခန့်ထည်တဲ့ မျက်နှာကြက်တွေနဲ့လည်း မွမ်းမံထားပါတယ်။

စိတ်ကူးစိတ်သန်း အရ တာ့ဂျ်မဟာပုံစံတူ တည်ဆောက်ထားပေမယ့်လည်း အတွင်းက အပြင်အဆင်တွေမှာ တော့ အစ္စလာမ်ယာဥ်ကျေးမှုပုံစံတူမျိုး ဒီဇိုင်းလုပ်ထားတာ မဟုတ်ဘဲ ခေတ်ပေါ်ပုံစံမျိုးတွေပါတယ်ဆိုတာ ဆိုဖာနဲ့ ခန်းဆီးတွေမှာတွေ့ရပါတယ်။

သူတို့ ရဲ့ တာ့ဂျ်မဟာ ပုံစံတူ အိမ်ကို ၃နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့ရသလို တာ့ဂျ်မဟာရှိတဲ့ အာဂရာမြို့ကိုလည်း မကြာခဏ သွားလေ့လာခဲ့ရပါတယ်။

ပြီးတော့ အင်တာနက်ပေါ်က တာ့ဂျ်မဟာအဆောက်အဦးရဲ့ 3D ပုံတွေ အများကြီးကိုပါ လေ့လာအသုံးပြုခဲ့ရတယ်လို့ မစ္စတာ ချိုဆေးက သူ့အတွေ့အကြုံကို ထပ်ဖြည့်ပြောပါတယ်။

အဆောက်အဦးကို ပုံစံတူတည်ဆောက်ခဲ့ပေမယ့် အင်ဂျင်နီယာတွေက မူရင်းအဆောက်အဦး အရွယ်အစားထက် သုံးပုံတစ်ပုံ လျှော့ချတည်ဆောက်ခဲ့ပါတယ်။

တာ့ဂျ်မဟာအဆောက်အအုံရဲ့ လှပမှုကြောင့် အဲ့ဒီလိုပုံစံတူ အိမ်မျိုးတည်ဆောက်တဲ့သူက မစ္စတာချိုဆေးဟာ ပထမဆုံးလူ မဟုတ်ပါဘူး။

၂၀၁၃ ခုနှစ်တုန်းကလည်း အစိုးရအရာရှိ ပင်စင်စားတစ်ယောက်က အိန္ဒိယမြောက်ပိုင်း အူထရာပရာဒက်စ်ပြည်နယ်မှာ တာ့ဂျ်မဟာပုံစံတူ အိမ်တစ်လုံးကို သူ့မိန်းမအတွက် ဆောက် ပေးခဲ့တာ ရှိပါတယ်။

ဒါပေမယ့် အခုသူဆောက်တဲ့ အိမ်က သူ့မိန်းမတစ်ယောက်တည်းအတွက် ရည်စူးတာမဟုတ်ဘူးလို့ မစ္စတာချိုဆေးက ပြောနေပါတယ်။

"ဒီနေ့ကာလမှာ ကျွန်တော်တို့နိုင်ငံထဲက လူတွေကြားမှာ ဘာသာရေးတွေ ၊ အမျိုးဇတ်တွေပေါ်မူတည် ခွဲခြားမှုတွေ မုန်းတီးမှုတွေ အကြီးအကျယ်ရှိနေကြတယ်" လို့ သူကပြောပါတယ်။

ပြီးတော့ ဝန်ကြီးချုပ် နာရန်ဒါမိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးပါတီ ဘီဂျေပီပါတီ အစိုးရက အိန္ဒိယနိုင်ငံကို ဘာသာရေးအရခွဲခြားမှုလုပ်နေတာတွေနဲ့ လူမျိုးရေးခွဲခြားမှုတွေကို မြှောက်ပင့်နေတယ်လို့ အကြီးအကျယ် စွပ်စွဲခံနေရပါတယ်။

တာ့ဂျ်မဟာအဆောက်အဦးကို "အိန္ဒိယ ယဥ်ကျေးမှုရဲ့ အမည်းစက်"၊ သစ္စာဖောက်တွေက ဆောက်သွားတာလို့ ဘီဂျေပါတီရဲ့ ဥပဒေပြုအမတ်တစ်ယောက်က ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုလို စိတ်မချမ်းမြေ့စရာတွေ အများကြီးဖြစ်နေတဲ့ကာလမှာ ချစ်ခြင်းမေတ္တာတွေ ပျံ့နှံ့သွားဖို့ ရည်ရွယ်တယ်လို့ မစ္စတာ ချိုဆေးက အခုလို ပြောပါတယ်။

"ဒီအိမ်ဟာ ကျွန်တော့်အတွက်ကတော့ လူမှုရေးကွဲပြားမှုတွေနဲ့ နိုင်ငံရေးအငြင်းပွားမှုတွေ မပါတဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတအထိမ်းအမှတ်တစ်ခုပါ။ "