တရုတ်တင်းနစ်မယ် အကြောင်း သိရသမျှ- တရုတ် ဒုဝန်ကြီးချုပ်ဟောင်းက လိင်စော်ကားတယ်လို့ စွပ်စွဲခဲ့တဲ့ ပန်ရွှေ

တရုတ်နိုင်ငံရဲ့ ထိပ်တန်းတင်းနစ်မယ်တစ်ယောက်ဖြစ်တဲ့ ပန်ရွှေက သူ့ကို တရုတ် ဒုဝန်ကြီးချုပ်ဟောင်း ကျန်းကောင်းလီက လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒီလိင်ကိစ္စ စွပ်စွဲမှုအကြောင်း လူမှုကွန်ရက်ပေါ်မှာ သူတင်ပြီးနောက်ပိုင်း လူမြင်ကွင်းကနေ ပျောက်နေတာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

တနင်္ဂနွေနေ့ကတော့ နိုင်ငံတကာအိုလံပစ်ကော်မတီက သူနဲ့ အဆက်အသွယ်ရခဲ့သလို သူအခြေအနေကို မေးခွင့်ရခဲ့တဲ့အတွက် သူ့လုံခြုံရေးအခြေအနေ ကောင်းနေဆဲလို့ သိရပါတယ်။

အခုအချိန်ထိ သူနဲ့ပတ်သက်လို့ သိသမျှကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ပန်ရွှေဆိုတာ ဘယ်သူလဲ

ပန်ရဲ့အသက်က ၃၅နှစ်ရှိပါပြီ။ တရုတ်တင်းနစ်လောကမှာ လူသိများတဲ့ သူတစ်ယောက်ဖြစ်ပြီး တင်းနစ်က စားသမား သက်တမ်းတစ်လျှောက်မှာ ဆုကြေးငွေ ဒေါ်လာ ၁၀ သန်းနီးပါး ရခဲ့ပြီးပါပြီ။

တင်းနစ်ကစားတာကို အသက် ၈ နှစ်မှာ သူ့ ဦးလေးက စမိတ်ဆက်ပေးခဲ့တာဖြစ်ပြီး WTA တင်းနစ်ပွဲကို ၂၀၀၁ ခုနှစ်မှာ စဝင်ကစားခဲ့တာပါ။ သူ့ကစားသမားသက်တမ်းတစ်လျှောက်မှာ တစ်ဦးချင်းပြိုင်ပွဲနဲ့ နှစ်ယောက်တွဲပြိုင်ပွဲတွေမှာ ဆု ၂၅ ဆု ရထားပါတယ်။

၂၀၁၃ ဝင်ဘယ်ဒန်နဲ့ ၂၀၁၄ ပြင်သစ် ဂရင်းစလန်းပြိုင်ပွဲတွေရဲ့ နှစ်ယောက်တွဲ ချန်ပီယံဆုတွေကိုလည်း ထိုင်ဝမ်က ဆီဆုဝေနဲ့ အတူပူးတွဲရရှိခဲ့ပါတယ်။

ဒါကြောင့် သူဟာ ၂၀၁၄ ခုနှစ်မှာ နှစ်ယောက်တွဲတင်းနစ်ပြိုင်ပွဲ ကမ္ဘာ့နံပါတ်တစ် ပထမဆုံး တရုတ် တင်းနစ်ကစားသမား ဖြစ်ခဲ့တာပါ။

သူဟာ ဆိုရှယ်မီဒီယာမှာ ထင်ရှားသူပါ။ တရုတ်လူမှုကွန်ရက် ဝေဘိုမှာ သူ့ကိုအားပေးသူ ၅သိန်း ရှိပါတယ်။

သူက ဘာပြောခဲ့တာလဲ

ဒီလအစောပိုင်းက စာလုံး ၁၆၀၀ ပါတဲ့ ပို့စ်တစ်ခုမှာ ဒု၀န်ကြီးချုပ် ကျန်းကောင်းလီက လိင်ပိုင်းဆိုင်ရာ ပတ်သက်ဖို့ " ဖိအားပေး" ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စဟာ တရုတ်ပြည်က အဆင့်မြင့် နိုင်ငံရေးသမားတစ်ဦး လိင်ကိစ္စနဲ့ ပထမဆုံးအကြိမ် စွပ်စွဲခံရတာပါ။ သူ့ရဲ့စွပ်စွဲမှုကို မစ္စတာကျန်းဘက်က ဘာမှ တုံ့ပြန်တာ မရှိပါဘူး။

"ဒုဝန်ကြီးချုပ် ကျန်းကောင်းလီရှင့်၊ ရှင်က အရေးပါသူတစ်ယောက်ဆိုတော့ မကြောက်ဘူးလို့ ရှင်က ပြောမှာပဲ။ ဒါပေမယ့် ကျောက်တုံးကြီးကို ကျောက်စရစ်ခဲလေးနဲ့ ယှဥ်ပစ်တာပဲဖြစ်ဖြစ်၊ မီးထဲတိုးတဲ့ ပိုးဖလံလို့ပဲပြောပြော ကျွန်မကတော့ ရှင့်အကြောင်း အမှန်တွေကို ပြောမှာ" လို့ သူ့ပို့စ်ထဲမှာ ရေးခဲ့ပါတယ်။

ကျန်းကောင်းလီရဲ့အိမ်ကို သွားလည်ခဲ့တုန်းက တင်းနစ်ကစားပြီးတော့ သူ့ကို အကျပ်ကိုင်ခဲ့တယ်လို့ သူက အခုလိုပြောပါတယ်။

" အဲ့ဒီနေ့လယ်မှာ ကျွန်မသဘောတူချက်မပါဘဲ အနိုင်ကျင့်ခဲ့တဲ့အတွက် အငိုမရပ်နိုင်ခဲ့ဘူး။ ကျွန်မကို ရှင့်အိမ်ကိုခေါ်တယ်၊ ပြီးတော့ အတင်းအကျပ် ပတ်သက်ခိုင်းခဲ့တယ်။"

တကယ်တော့ ကျန်းကောင်းလီကို စွပ်စွဲခဲ့တာနဲ့ပတ်သက်ပြီး သူ့မှာ သက်သေပြစရာမရှိဘူးဆိုတာ သူကိုယ်တိုင်က သိနေပါတယ်။

"ကျွန်မမှာ သက်သေမရှိဘူး။ ဘာသက်သေမှ ပြနိုင်တဲ့ အနေအထားလည်းမရှိဘူး။ သက် သေအထောက်အထားရဖို့ တိပ်ရီကော်ဒါလည်း မယူသွားရဲတော့ အသံမှတ်တမ်းကော ဗီဒီယိုမှတ်တမ်းပါမရှိဘူး။ တကယ်ကြုံခဲ့ရတယ်ဆိုတာ ကျွန်မကိုယ်တိုင်ပြောပြနိုင်တဲ့ သက်သေပဲ ရှိတယ်။ "

သူစွပ်စွဲချက်ကို ကျန်းဘက်က ဘာသဘောထားမှ ပေးတာမရှိပါဘူး။

ကျန်းကောင်းလီက ဘယ်သူလဲ

ကျန်းက အသက် ၇၅ နှစ် ရှိပါပြီ။ ၂၀၁၃ ခုနှစ် ကနေ ၂၀၁၈ ခုနှစ်အထိ တရုတ်အစိုးရ ဒုဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တီယန်ကျင်းမြို့ ရဲ့ ထိပ်တန်းပါတီ ခေါင်းဆောင်အဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူပါ။

ဒုဝန်ကြီးချုပ်အဖြစ် သူတာဝန်ယူခဲ့တဲ့ အချိန်မှာ ၂၀၂၂ ဘေဂျင်းအိုလံပစ် ကျင်းပဖို့ ပြင်ဆင်ရေးအစည်းအဝေးမှာ ဦးဆောင်ခဲ့ပါတယ်။

ပြီးတော့ တရုတ်ရဲ့ ပိုးလမ်းမသစ် စီမံကိန်းမှာ ပါဝင်ခဲ့သူဖြစ်ပြီး အဲ့ဒီစီမံကိန်းကို အ ကြောင်းပြုပြီး နိုင်ငံတော်တော်များများကို သွားခဲ့ပါတယ်။

၂၀၁၄ ကုလသမဂ္ဂ ရာသီဥတု ကွန်ဖရန့်မှာလည်း ရှီကျင့်ဖျင်ရဲ့ အထူးသံတမန်အဖြစ် စကားပြောခဲ့ပါတယ်။

ကျန်းဟာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အခမ်းအနားတွေလို အရေးကြီးတဲ့ အခမ်းအနားတွေကိုလည်း တက်ရောက်ခဲ့သလို သမ္မတရှီကျင့်ဖျင်နဲ့ အတူ ပွဲတွေရဲ့ ထိပ်ဆုံးတန်းမှာ နေရာယူခဲ့တာကို ပုံတွေထဲမှာ တွေ့ရပါတယ်။

ကျန်းရဲ့ပုံစံက ကိစ္စရပ်တွေကို လက်တွေ့ကျကျ လုပ်တတ်တဲ့သူဖြစ်ပြီး ရာထူးရပြီးကတည်းက အငြင်းပွားစရာကိစ္စတွေ ဖြစ်ခဲ့တာ ရှားတယ်လို့ Duowei Newsက ဖော်ပြထားပါတယ်။

သူ ရာထူးက အနားယူပြီးနောက်ပိုင်း တရုတ်မီဒီယာတွေနဲ့ အစိုးရဝက်ဘ်ဆိုက် တွေမှာ သူ့ပုံကို သိပ် မတွေ့ရတော့ပါဘူး။

ပန်ရွှေဘယ်မှာ ရှိနေတာလဲ

ဝေဘိုမှာ သူပို့စ်တင်ပြီးနောက်ပိုင်း ပန်ရွှေအကြောင်း မကြားရတော့သလို လူမြင်ကွင်းမှာလည်း သူ့ကိုမတွေ့ရတာ သီတင်းပတ်တွေနဲ့ချီ ရှိသွားပါပြီ။

ဒါပေမယ့် ပြီးခဲ့တဲ့အပတ်ကတော့ တရုတ်အစိုးရပိုင် CGTNက သူပို့တယ်ဆိုတဲ့ အီးမေးလ်ကို တွစ်တာမှာ တင်ပါတယ်။

(ပြင်ပဝက်ဘ်ဆိုက်များမှ ဖော်ပြချက်များသည် ဘီဘီစီနဲ့ သက်ဆိုင်မှုမရှိပါ။)

အီးမေးလ်က WTA အမျိုးသမီးတင်းနစ်အဖွဲ့ချုပ် အကြီးအကဲ စတိဗ်ဆိုင်မွန်ကို ပို့ခဲ့တာဖြစ်ပြီး စွပ်စွဲချက်တွေက အမှန်မဟုတ်ဘူးလို့ အဲ့ဒီအီးမေးလ်ထဲမှာ ပန်က ပြောခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက်ပိုင်း ရက်တွေအတော်ကြာမှ သူ့နာမည်နဲ့ WeChat အကောင့်မှာ ပန်ရဲ့ပုံ၃ပုံကိုတင်ပြီး ပျော်စရာကောင်းတဲ့ စနေ၊ တနင်္ဂနွေဆိုပြီး တင်ထားတာ ကို တွေ့ရပါတယ်။

ဒါပေမဲ့ အဲဒါ ဘယ်လောက် မှန်သလဲဆိုတာတော့ အများက မေးခွန်းထုတ်နေကြပါတယ်။

အဲ့ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်း သူ့ကို ဘေဂျင်းမှာ ကျင်းပတဲ့ တင်းနစ်ပွဲတစ်ခုမှာ ဧည့်သည် ပွဲကြည့်ပရိသတ်အဖြစ်နဲ့ပေါ်လာတာကိုတွေ့ရပါတယ်။

သူပွဲလာကြည့်တဲ့ ဗီဒီယိုမှတ်တမ်းကို ဂလိုဘယ်တိုင်း အယ်ဒီတာ ဟူရှီကျင်းက သူ့ တွစ်တာအကောင့်မှာ တင်ထားတာ တွေ့ရပါတယ်။

သူတို့ ပန်နဲ့ စကားပြောခဲ့ရပြီး လုံလုံခြုံခြုံအေးအေးဆေးပါပဲလို့ နိုင်ငံတကာအိုလံပစ်ကော်မတီ အိုင်အိုစီ က တနင်္ဂနွေနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ ပါတယ်။

အိုင်အိုစီ ဥက္ကဋ္ဌ သောမတ်စ်ဘက်ချ်နဲ့စကားပြောတဲ့အချိန်မှာ ပန်က သူ့ရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့ အတွက် အိုင်အိုစီကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။

"ဘေဂျင်းက သူ့အိမ်မှာ နေနေတယ်။ လုံလုံခြုံခြုံ အေးအေးဆေးပဲလို့ ပြောတယ်။ ဒါပေမဲ့ ဒီအချိန်မှာ သူ့ကို အနှောင့်အယှက် မပေးချင်ဘူး နားလည်မှု ပေးရပါမယ်။"

တုံ့ပြန်မှုတွေ

ပြီးခဲ့သီတင်းပတ်က ပန်ရွှေ ဘယ်မှာလဲဆိုတာ ပြောဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်တို့က တောင်းဆိုထားပါတယ်။

ဒီစွပ်စွဲမှုနဲ့ပတ်သက်လို့ တရုတ်အစိုးရဘက်က တစ်စုံတစ်ရာ သဘောထား မထုတ်ပြန်သေးပါဘူး။

သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တစ်ယောက်က ပန်ရဲ့ အကြောင်းမေးတာကို ဒီမေးခွန်းက "သံတမန်ရေးမေးခွန်းမဟုတ်"ကြောင်းနဲ့ ဒီအခြေအနေကို သူမသိထားပါဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကျောက်လီကျန်းက သတင်းထောက်တွေကို ပြန်ဖြေခဲ့ပါတယ်။

တရုတ်ပြည် ဆင်ဆာအဖွဲ့ကလည်း ပန်ရဲ့ ဝီဘိုပို့စ်ကို ပိတ်ဆို့တာတွေ မြန်မြန်ဆန်ဆန် လုပ်ခဲ့ပါတယ်။ သူ့ဆီမှာ မှတ်ချက်သွားပေးတာတွေ လုပ်လို့မရအောင် ပိတ်ထားပါတယ်။ သူ့နာမည်လို စာလုံးတွေကို ရှာလို့မရအောင်လည်း ယာယီပိတ်ထားပါတယ်။

ဆီရီနာဝီလျံ၊ နာအိုမီ အိုဆာကာနဲ့ နိုဗက် ဂျိုကိုဗစ်တို့ အပါအဝင် နာမည်ကြီး တင်းနစ်သမားတော်တော်များများက ပန်ကို ထောက်ခံအားပေးတဲ့စကားတွေ ထုတ်ပြောနေကြပါတယ်။

WTA ကလည်း ဖြစ်စဥ်တစ်ခုလုံး ခိုင်ခိုင်မာမာ ရပ်တည်နေပြီး ပန်နဲ့ သူတို့ကိုယ်တိုင် ပြောဆိုခွင့်ရဖို့ တောင်းဆိုနေပါတယ်။

နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ရှိနိုင်နေတဲ့ကြားက တရုတ်နဲ့ မပတ်သက်တော့ဖို့ စတိဗ်ဆိုင်မွန်က ခြိမ်းခြောက်နေပါတယ်။

ဝူဟန်တင်းနစ်ပြိုင်ပွဲနဲ့ ရှင်ကျန်းမှာ လုပ်မယ့် WTA ဗိုလ်လုပွဲတွေ အပါအဝင် လာမယ့်နှစ်မှာ တရုတ်မှာ WTA ပွဲအခမ်းအနား ၁၀ ခု ကျင်းပဖို့ ရှိပါတယ်။