ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟောလိုဝင်းပွဲတော်ည တိုကျိုမှာ ဓားနဲ့ တိုက်ခိုက်မူကြောင့် ၁၇ ဦးဒဏ်ရာရ
ဂျပန်နိုင်ငံ တိုကျိုမြို့က ရထားတစ်စင်းပေါ်မှာ အသက်၂၄နှစ် အရွယ် အမျိုးသားတစ်ဦးက တနင်္ဂနွေနေ့ ဟောလိုဝင်းပွဲတော်ညနေပိုင်းမှာ ရထားပေါ်က ခရီးသည်တွေ ကိုတိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကြောင့် ဟောလိုဝင်းပါတီဆင်နွှဲဖို့ လာကြတဲ့သူတွေ ၁၇ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
မျက်မြင်သက်သေတွေကတော့ ဓားနဲ့တိုက်ခိုက်ခဲ့သူလို့ ယူဆရတဲ့ အမျိုးသားဟာ အစိမ်းရောင် ရှပ်အင်္ကျီနဲ့ ခရမ်းရောင်ဘောင်းဘီတို့ကို ဂျိုကာတစ်ယောက်လို ဝတ်ဆင်ထားတာ တွေ့ရတယ်လို့ ပြောပါတယ်။
သူဟာ ရထားတွဲပေါ်မှာ အရည်တွေကိုဖြန်းပြီး ရထားကို မီးတင်ရှို့ခဲ့တာပါ။ မီးတောက်တွေကို ဗီဒီယိုထဲမှာ တွေ့ရတဲ့အပြင် ရထားထဲမှာ ခရီးသည်တွေ ထွက်ပြေးလာနေတာကိုလည်း တွေ့ရပါတယ်။
"ပထမတော့ ဟောလိုဝင်း စတန့်လုပ်တာလို့ ထင်လိုက်မိတာ။ နောက်တော့ လူတစ်ယောက် လမ်းလျှောက်လာပြီး ဓားရှည်ကြီးနဲ့ လျှောက်မွှေ့ယမ်းနေတာကို တွေ့လိုက်ရတယ် "လို့ ယိုမီယူရီ သတင်းစာကို မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဒေသစံတော်ချိန် ည၈နာရီလောက်မှာ တိုကျိုမြို့အနောက်ပိုင်း ဆင်ခြေဖုံးရပ်ကွက်က ကိုကူရို ဘူတာရုံနားမှာ ဖြစ်ပွားခဲ့တာပါ။
အခင်းဖြစ်တဲ့နေရာမှာပဲ လူတစ်ဦးကို ရဲတပ်ဖွဲ့ ကဖမ်းလိုက်တယ်လို့ မီဒီယာတွေမှာ ရေးကြပါတယ်။
တိုက်ခိုက်တဲ့သူဟာ လင်းနို့လူသား ကာတွန်းရုပ်ရှင်ထဲက ဂျိုကာ ဇတ်ကောင်ကို အားကျနေတဲ့သူလို့ ကျိုဒို သတင်းကလည်း ရေးပါတယ်။
ရုပ်ပြကာတွန်းရုပ်ရှင်ထဲက ဂျိုကာဟာ လင်းနို့လူသားရဲ့ မဟာရန်ဘက်ဖြစ်ပါတယ်။
၂၀၁၉ က ရုံတင်ပြခဲ့တဲ့ ဂျိုကာရုပ်ရှင်ထဲမှာ သရုပ်ဆောင် ဂျိုကွင်း ဖီးနစ်က သူ့ကို အကြိမ်ကြိမ် စော်ကားအနိုင်ကျင့်တဲ့ လူတွေကို ရထားပေါ်မှာ တိုက်ခိုက်ခဲ့တဲ့ ဇာတ်ဝင်ခန်းက လူကြိုက် များခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းမှာ ဂျိုကာအဖြစ် စပြောင်းသွားခဲ့တာပါ။
ဒဏ်ရာရတဲ့သူတွေက ၃ဦး ဒဏ်ရာပြင်းထန်တယ်လို့ တိုကျိုမီးသတ်ဌာနက ပြောတာကို အေပီမှာ ဖော်ပြထားပါတယ်။ ဓားနဲ့ထိုးခံရတဲ့ အသက်ကြီးပိုင်းတစ်ယောက် သတိမရသေးဘူးလို့ ဒေသခံမီဒီယာတွေက သတင်းတွေမှာလည်းတွေ့ရပါတယ်။
ဗီဒီယိုထဲမှာ တိုက်ခိုက်မှုကလွတ်အောင် ရထားတစ်တွဲကနေ နောက်တစ်တွဲကို ကျော်ပြီး ခရီးသည်တွေ ပြေးနေကြတာကိုတွေ့ရသလို ၊ ရထား အရေးပေါ်ရပ်တဲ့ အချိန်မှာ ပြူတင်းပေါက်တွေကနေ ခွပြီးကျော်ထွက်နေတာကိုလည်း တွေ့ရပါတယ်။