ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆောင်းတွင်း နီးလာတာနဲ့အမျှ အာဖဂန်လူမျိုးတွေ အငတ်ဘေး ငရဲဒဏ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေ
- ရေးသားသူ, ဂျွန်ဆင်မဆင် (ဘီဘီစီသတင်းဌာန)
- ရာထူးတာဝန်, အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း၊ ဘာမီယန်မြို့
အာဖဂန်နစ္စတန်နိုင်ငံဟာ အရမ်းကို ကြောက်စရာကောင်းတဲ့ ငတ်မွတ်ခေါင်းပါးမှု ဘေးကြီးနဲ့ စရင်ဆိုင် နေရပါပြီ။
အခုအခါ အာဖဂန်နစ္စတန်မှာ ချမ်းစိမ့်စိမ့် ဆောင်းဦးပေါက် ရာသီကနေ အသည်းခိုက်အောင် အေးတဲ့ ဆောင်းရာသီ ထဲ ဝင်လာနေပါပြီ။ ဒေသအတော်များများမှာ မိုးခေါင် ရေရှားမှုတွေ ဖြစ်နေတာကြောင့်လည်း ငတ်မွတ်ခေါင်းပါးမှု အခြေအနေကို ပိုဆိုးလာနေစေပါတယ်။
ကာဘူးလ်မြို့ရဲ့ အနောက်ဘက် မိုင် ၅၀ အကွာမှာရှိတဲ့ မေဒန် ဝါဒက်ခ်မြို့မှာဆို စားနပ်ရိက္ခာ ဝေငှပေးတဲ့ နေရာတစ်ခုမှာ ဂျုံမှုန့်ရဖို့ လူရာပေါင်း များစွာ တန်းစီ စောင့်ဆိုင်းခဲ့ကြရပါတယ်။
ဒီဂျုံမှုန့်တွေကို WFP ကုလသမဂ္ဂ စားနပ်ရိက္ခာစီမံကိန်းအဖွဲ့က ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
တာလီဘန် စစ်သားတွေကြောင့် လူအုပ်ကြီးက အထိုက်အလျောက် ငြိိမ်သက်နေပေမဲ့ ရိက္ခာဝေစု ရခွင့် မရှိဘူး ဆိုတဲ့ လူတွေကတော့ ဒေါသထွက်၊ ကြောက်ရွံ့နေကြပါတယ်။
တန်းစီနေတဲ့လူအုပ်ကြီးကို အသံတွေမဆူဘို့ တာလီဘန်စစ်သားတွေက ပြောနေပေမယ့်၊ သူတို့ အစားမလုံလောက်တဲ့ အတွက် ကြောက်တာနဲ့ ဒေါသထွက်တာကိုတောင် ထုတ်ပြောခွင့်မရှိဘူးလို့ လူတွေက ပြောနေကြပါတယ်။
"ဆောင်းတွင်း ရောက်ခါနီးနေပြီ။ ပေါင်မုန့်လုပ်ဖို့ ဂျုံသာ မရှိဘူးဆိုရင် ဒီဆောင်းကို ဘယ်လို ဖြတ်ကျော်ရမယ်မှန်းတောင် မသိတော့ဘူး လို့ အဘိုးအို တစ်ဦးက ပြောပါတယ်။
WFP အနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံက လူ ၂၂ သန်းကျော်အတွက် စားနပ်ရိက္ခာ အကူအညီတွေ ပိုတိုးထောက်ပံ့နိုင်ဖို့ ကြိုးစား လုပ်ဆောင်နေရပါပြီ။
ကျွမ်းကျင်သူတွေ ခန့်မှန်းတွက်ဆထားသလို ဒီဆောင်းတွင်းက ရာသီဥတု အခြေအနေ ဆိုးခဲ့မယ် ဆိုရင်တော့ လူအများကြီး ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရဖို့ရှိပြီး နိုင်ငံတဝန်း အငတ်ဘေးနဲ့ ကြုံရဘွယ် ရှိပါတယ်။
တနင်္ဂနွေနေ့က ကာဘူးလ်မြို့ကို လာရောက်ခဲ့တဲ့ WFP အမှုဆောင်ညွှန်ကြားရေးမှူး ဒေးဗစ် ဘီစလီကို ဒီအခြေအနေတွေအကြောင်း ဘီဘီစီက မေးကြည့်ခဲ့ပါတယ်။
အခြေအနေက အတော်လေးကို စိုးရိမ်စရာ ကောင်းနေပြီလို့ သူက သုံးသပ်ပြပါတယ်။
"အဆုံးစွန် တွေးထားသလောက်ကို အခြေအနေက ဆိုးပါတယ်။ ပြောရမယ်ဆိုရင် ကမ္ဘာပေါ်မှာ လူသားတွေ ရင်ဆိုင်ရတဲ့ အဆိုးဝါးဆုံး အကြပ်အတည်း ဘေးဒုက္ခကြီး ဖြစ်လာမလားလို့တောင် အခုချိန်မှာ တွက်ဆလာနေရပါပြီ။ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းက စားနပ်ရိက္ခာ အလုံအလောက် မရှိပါဘူး။ ဒီတော့ကာ လူ ၂၃ သန်းလောက် အငတ်ဘေးနဲ့ ကြုံလာရနိုင်တယ်လို့ တွက်ဆထားပါတယ်။ လာမယ့် ၆ လတာ ကာလဟာ ကပ်ဘေးဒုက္ခကြီးနဲ့ ရင်ဆိုင်လာရဖို့ ရှိပြီး အသက်ရှင်လျက် ငရဲကျတဲ့ အခြေအနေမျိုးနဲ့ ကြုံလာရပါလိမ့်မယ်" လို့ ပြောပါတယ်။
သြဂုတ်လမှာ တာလီဘန်တွေ အာဏာမသိမ်းခင်တုန်းက သမ္မတ အအက်ရှ်ရက်ဖ် ဂါနီ အစိုးရအနေနဲ့ ဆိုးဝါးတဲ့ ဆောင်းရာသီကို နိုင်ငံတကာ အသိုင်းအဝန်းရဲ့ အကူအညီတွေနဲ့ ကျော်ဖြတ်နိုင်စွမ်း ရှိမယ်လို့ ယုံကြည်ယူဆထားခဲ့ကြတာပါ။
သမ္မတ ဂါနီ အစိုးရ ပြုတ်ကျသွားတဲ့အခါမှာတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပေးမယ်ဆိုတဲ့ အကူအညီတွေလည်း လေထဲမှာ ပျောက်ကွယ်သွားခဲ့ပါပြီ။
မိန်းကလေးငယ်တွေကို ပညာသင်ကြားခွင့် ပိတ်ပင်တာ၊ ရှာရီယာ ဥပဒေအရ ပြစ်ဒဏ်ပေး အရေးယူတာတွေ ပြန်လုပ်လာမယ့် တာလီဘန်လို အစိုးရမျိုးကို ကူညီ ထောက်ပံ့ပေးနေတာမျိုး မဖြစ်ရလေအောင် အနောက်အုပ်စုနိုင်ငံတွေက အာဖဂန်နစ္စတန် နိုင်ငံအပေါ် အထောက်အပံ့တွေ ဖြတ်တောက်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီ အနောက်အုပ်စုနိုင်ငံတွေအနေနဲ့ အခုအခါ အပြစ်မဲ့ လူသန်းပေါင်းများစွာ အငတ်ဘေးနဲ့ ရင်ဆိုင်ရတော့မှာကို ဒီအတိုင်း လက်ပိုက် ကြည့်နေကြတော့မှာလား
အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေအတွက် ရင်ဆိုင် ဖြေရှင်းပေးကြဖို့ နိုင်ငံ့အစိုးရတွေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဘီလျံနာသူဌေးကြီးတွေကို မစ္စတာ ဘီစလီက တိုက်တွန်း တောင်းဆို နေပါတယ်။
"ကမ္ဘာ့ ခေါင်းဆောင်တွေ၊ ဘီလျံနာသူဌေးကြီးတွေကို ပြောချင်တာက ငတ်သေတော့မယ့် ကလေးတွေထဲမှာ ခင်ဗျားတို့ရဲ့သားသမီးတွေ၊ မြေးတွေ ပါရင် ခင်ဗျားတို့ ဘယ်လိုခံစားရမလဲ။ အဲ့ဒီကျရင် ခင်ဗျားတို့ ဘာမဆို လုပ်ပေးကြမှာပဲ။ ဒေါ်လာ ထရီလီယမ် ၄၀၀ လောက် ချမ်းသာ ကြွယ်ဝနေတဲ့ကမ္ဘာကြီးမှာ အခုလို အခြေအနေနဲ့ ကြုံနေရတာက ရှယ်ဖွယ်လိလိပါပဲ။ ကလေးတွေ ငတ်သေတာကို ကျွန်တော်တို့ ဒီအတိုင်း ကြည့်နေကြပါတယ်။ ဘယ်က ကလေးပဲ ဖြစ်ဖြစ် ဒီလို အခြေအနေမျိုး ဖြစ်ရတာ ကျွန်တော်တို့အတွက် အရမ်းကို ရှက်စရာ ကောင်းပါတယ်"
အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဘာမီယန်မြို့မှာ ၆ ရာစုနှစ်တုန်းက တောင်နံရံတွေကို ဖောက်ထွင်း တည်ထားခဲ့တဲ့ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တွေကို ၂၀၀၁ ခုနှစ်တုန်းက တာလီဘန်တွေက ဖြိုချ ဖျက်ဆီးခဲ့ကြပါတယ်။ အဲဒီမြို့မှာ နေနေတဲ့ ဖာတီမာနဲ့ အသက် ၃ နှစ်ကနေ ၁၆ နှစ်ကြား အရွယ် သူ့ကလေး ၇ ယောက်ကို ဘီဘီစီကတွေ့ဆုံ စကားပြောခဲ့ပါတယ်။
သူ့ခင်ပွန်းကတော့ အူမကြီးကင်ဆာနဲ့ ဆုံးပါးသွားခဲ့ပါပြီ။ သူတို့မိသားစုက အရမ်းကို နွမ်းပါးကြပြီး အရင်တုန်းက ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ တည်ထားခဲ့ဖူးတဲ့ ကျောက်ကမ်းပါးနားက ဂူကြီးတစ်ခုထဲမှာ နေနေရပါတယ်။
အရင် အစိုးရ လက်ထက်တုန်းက ဂျုံမုန့်၊ စားသုံးဆီစတဲ့ အစားအစာ အထောက်အပံ့တွေ ပုံမှန် ရခဲ့ပေမဲ့ တာလီဘန်တွေ အာဏာသိမ်းခဲ့ပြီးကတည်းက အထောက်အပံ့တွေ ရပ်သွားခဲ့ပါတယ်။
အရင်က ဖာတီမာဟာ အနီးအနားက လယ်သမားတစ်ဦးဆီမှာ ပေါင်းနုတ်ပြီး ဝင်ငွေ အနည်းအပါး ရခဲ့တာပါ။ အခုတော့ အဲဒီဒေသမှာ မိုးခေါင်ရေရှားတာတွေကြောင့် စိုက်ခင်း အနည်းအပါးလောက်ပဲ ရှင်သန်ခဲ့ပြီး သူလည်း အလုပ်မရတော့ပါဘူး။
"ကျွန်မ အရမ်းကို ကြောက်နေတယ်။ ကလေးတွေကို ကျွေးစရာ ဘာမှမရှိတော့ဘူး။ အပြင်ထွက် တောင်းစားရတော့မယ့် အခြေအနေ ရောက်နေပြီ"
တစ်ချို့မိဘတွေကတော့ သူတို့ရဲ့ သမီးတွေကို အသက်ကြီးတဲ့ လူတွေနဲ့ လက်ထပ်ဖို့ ရောင်းစား ကြပါတယ်။ ဖာတီမာကတော့ သူအဲဒီလိုမျိုး လုပ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါပေမယ့် အစားအစာ အထောက်အပံ့တွေ အချိန်မီ ပြန်မရဘူးဆိုရင်တော့ သူနဲ့ သူ့ကလေးတွေ တကယ့် အငတ်ဘေးနဲ့ ရင်ဆိုင်ရတော့မှာပါ။
အခုဆိုရင် သူတို့နားက တောင်ထိပ်တွေမှာ နှင်းတွေ စကျလာနေပြီဖြစ်ပြီး အအေးဓာတ်လည်း စခံစားလာနေရပါပြီ။
ဆောင်းရာသီက မကြာခင် ရောက်လာတော့မှာပါ။ ဖာတီမာနဲ့ သူ့မိသားစုလို အလားတူ လူအများအပြားဟာလည်း အငတ်ဘေးနဲ့ ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။