ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လိင်တူလိင်ကွဲစိတ်ဝင်စားတဲ့ စူပါမန်းနဲ့ စူပါဟီးရိုး ငါးယောက်အကြောင်း
ငှက်ကြီးလား၊ လေယာဥ်ပျံလား။ မဟုတ်ဘူး။ အဲဒါ စူပါဟီးရိုး (superhero) ဆိုတဲ့ စကားကို အကြိမ်ကြိမ် ကြားဖူးခဲ့ကြမှာပါ။ တကယ်ရော စူပါဟီးရိုးပဲလား။
စူပါဟီးရိုးဆိုတာကတော့ သူတကာထက် ထူးခြားတဲ့ စွမ်းရည်သတ္တိတွေ ဝိသေသလက္ခဏာတွေ ရှိပြီး အများအကျိုးဆောင်တဲ့ သူရဲကောင်းစိတ်ရှိသူတွေကို ခေါ်ကြတဲ့ စကားပဲ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ ရုပ်ပြစာအုပ်တွေထဲက စူပါဟီးရိုး ဇာတ်ကောင်တွေမှာလည်း အပြောင်းအလဲတွေ ရှိလာခဲ့ပါတယ်။ နာမည်ကျော် ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ Marvel နဲ့ DC တို့ကအစ သူတို့ရဲ့ စူပါဟီးရိုး ဇာတ်လမ်းတွေမှာ မတူကွဲပြားတဲ့ ဇာတ်ရုပ်မျိုးစုံ စရိုက်စုံကို ပါဝင်စေဖို့ကို ကြိုးစားလာကြပါတယ်။
ဥပမာအားဖြင့် DC Comics ဆိုရင် သူတို့ရဲ့ နောက်ဆုံးပေါ် Superman ဖြစ်တဲ့ Jon Kent ဆိုရင် လိင်တူလိင်ကွဲ နှစ်မျိုးစလုံးကို စိတ်ဝင်စားတဲ့သူ ဖြစ်မယ်လို့ မကြာခင်ကပဲ ကြေညာခဲ့ပါတယ်။
လာမယ့် နိုဝင်ဘာလထဲမှာ ထွက်ရှိမှာ ဖြစ်တဲ့ ရုပ်ပြဇာတ်လမ်းမှာ Jon ဟာ သူနဲ့ လိင်တူ ဖြစ်တဲ့ Jay Nakamura နဲ့ ရည်ငံနေတဲ့ အပိုင်းကို ထည့်သွင်း ထားမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းက 'Superman: Son of Kal-El' ဆိုတဲ့ ခန်းဆက် ဇာတ်လမ်းတွေထဲက တစိတ်တပိုင်း ဖြစ်ပြီး Jon က ဖခင်ဖြစ်သူ မူလပထမ စူပါမန်း Clark Kent ရဲ့ အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။
တကယ်တော့ မကြာသေးခင်က စပြီး စူပါဟီးရိုး ဇာတ်လမ်းတွေမှာ သမားရိုးကျတင်ပြပုံကနေ ခွဲထွက်ပြီး စရိုက်စုံ စံနမူနာယူစရာ ဇာတ်ရုပ်များကို ဖော်ပြလာကြတာ ဖြစ်ပါတယ်။ အဲဒီ အထဲကမှ အကောင်းဆုံး ဥပမာတွေကတော့ ....
မွတ်စလင် စူပါဟီးရိုး
သူကတော့ ၁၆ နှစ်အရွယ် အမေရိကန် မွတ်စလင် မိန်းကလေး ဖြစ်ပြီး တခြား ဆယ်ကျော်သက်တွေ လိုပဲ သူ့မှာလည်း ဆယ်ကျော်သက် ပြဿနာတွေနဲ့ ဖြစ်ပါတယ်။
ဒါပေမယ့် Kamala Khan က တခြားဆယ်ကျော်သက်တွေနဲ့ မတူတာက သူ့ ပုံသဏ္ဍာန်ကို ပြောင်းလဲ နိုင်တာမျိုးလို စူပါပါဝါလို့ ခေါ်တဲ့ ထူးခြားတဲ့ စွမ်းပကားတွေ ရရှိနေတာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း သူစံထားတဲ့ သူရဲကောင်းတွေရဲ့ ခြေရာနင်းပြီး သူတို့လိုပဲ မကောင်းမှုတွေကို တိုက်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Ms Marvel လို့ သူ့ကိုယ်သူ အမည်ပေးခဲ့ပါတယ်။
ပါကစ္စတန်ကနေ အမေရိကန်ပြည်ထောင်စုက Jersey City ကို ပြောင်းရွှေ့လာကြတဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့ Kamala ဇာတ်ကောင်ကို ပြီးခဲ့တဲ့ ၂၀၁၄ မှာ Marvel က စတင်ထုတ်ဝေခဲ့ပြီး တော်တော် အောင်မြင်ခဲ့ပါတယ်။
သူ့ကို ဖန်တီးသူ စာရေးဆရာ G. Willow Winson က သူ့အနေနဲ့ အမေရိကန် ပြည်ထောင်စုက လူတွေရဲ့ မိန်းကလေးတယောက် မွတ်စလင်တယောက်အပေါ် ရှုမြင်ပုံတွေကို မေးခွန်းထုတ်ချင်တာကြောင့်လို့ ပြောပါတယ်။
Kamala ကို တီဗီနဲ့ ဗီဒီယိုဂိမ်းတွေအပါအဝင် တခြား ဇာတ်လမ်းတွေမှာပါ တွေ့ရတတ်ပါတယ်။
Kamala ကို Marvel ရဲ့ ပထမဆုံး မွတ်စလင် စူပါဟီးရိုး မိန်းကလေး အဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်က ထုတ်ခဲ့တဲ့ X-Men ရုပ်ပြဇာတ်လမ်းထဲမှာ Sooraya Qadir ဆိုတဲ့ ဇာတ်ကောင်ကို ပရိတ်သတ်နဲ့ မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်မှာ မွေးပြီး နီကက်ဘ် ဝတ်ထားကာ သူ့ကိုယ်သူ ဖုန်မှုန့်များအဖြစ် ပြောင်းလဲ နိုင်သူဖြစ်ပါတယ်။
လိင် မခွဲခြားဘဲ အားလုံးပါဝင်မှု
လာမယ့် နိုဝင်ဘာလ ၅ ရက်မှာ Marvel ရဲ့ Eternals ရုပ်ရှင်ကို ရုံတင်ဖို့ ရှိပါတယ်။ အဲဒီထဲမှာ အင်မတန်မှ စွမ်းအားကြီးကြတဲ့ တန်ခိုးရှင် ၁၀ ယောက် စုပေါင်းပြီး ကမ္ဘာကြီးကို ကာကွယ်ကြမှာ ဖြစ်ပါတယ်။
သူတို့တွေ ကမ္ဘာကြီးပေါ်မှာ ရှင်သန်နေခဲ့ကြတာကလည်း နှစ်ပေါင်း ၃၅,၀၀၀ ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီ ၁၀ ယောက်ထဲမှာ လိင်တူချင်းသာ စိတ်ဝင်စားတဲ့ စူပါဟီးရိုး Phastos လည်း ပါဝင်ပါတယ်။
ရုပ်ပြစာအုပ်တွေထဲမှာတော့ Phastos ဟာ တီထွင်ပါရဂူ တယောက်ဖြစ်ပြီး Eternals တွေအတွက် လက်နက်စုံကို တီထွင်ပေးသူပါ။ နောက်ပြီး သူက လူသားမျိုးနွယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ပါ ကူညီပေးနေသူပါ။
Phastos ကို Marvel ရဲ့ ပထမဆုံး တရားဝင် လိင်တူချင်းစိတ်ဝင်စားသူ စူပါဟီးရိုးလို့ ဆိုနိုင်မှာ ဖြစ်ပေမယ့် သူ့လိုပဲ တခြား LGBT+ စူပါဟီးရိုးတွေလည်း ရှိကြပါတယ်။
Valkyrie ဆိုရင် မူရင်း ရုပ်ပြတွေထဲမှာ လိင်တူ လိင်ကွဲ စိတ်ဝင်စားသူ အဖြစ် ပုံဖော်ထားတာ ဖြစ်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ ၂၀၁၇ က ထွက်ခဲ့တဲ့ Thor: Ragnarok ဇာတ်ကားမှာ စပြီး ရုပ်ရှင်ကြည့် ပရိတ်သတ်နဲ့ မိတ်ဆက်ပေးခဲ့ကြပါတယ်။ သူ့ နေရာမှာ သရုပ်ဆောင်သူ မင်းသမီး Tessa Thompson ကိုယ်တိုင်ကလည်း လိင်တူ လိင်ကွဲ စိတ်ဝင်စားသူ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၂ မှာ ထွက်မယ့် Thor: Love and Thunder မှာလည်း သူ့ကို မြင်ကြရဦးမှာ ဖြစ်ပါတယ်။
တခြား မှတ်သားစရာ ဇာတ်ကောင်တွေကတော့ ၂၀၁၇ က အဆိုတော် Becky G သရုပ်ဆောင်ခဲ့တဲ့ ပါဝါရိန်းဂျား Trini ဟာ ဆိုရင်လည်း လိင်တူချင်း စိတ်ဝင်စားသူ ဖြစ်ပါတယ်။ ပြီးတော့ Deadpool ဟာ ဆိုရင်လည်း လိင်မခွဲခြား အကုန် စိတ်ဝင်စားသူပါ။ နောက် ၁၉၅၆ ခုနှစ်က Batman ရဲ့ ချစ်သူရည်းစားအဖြစ် ပွဲထုတ်ခဲ့သူ Batwoman ကိုလည်း ၂၀၀၆ မှာ လိင်တူချစ်သူအဖြစ် ပြောင်းလဲ ပုံဖော်ပေးခဲ့ကြတာလည်း ရှိပါတယ်။
မသန်စွမ်း စူပါပါဝါ ရှင်များ
ရုပ်ပြဇာတ်လမ်းတွေထဲမှာ မသန်စွမ်း ဇာတ်ကောင်တွေလည်း ရှိကြပါတယ်။ အဲဒီထဲမှာ ၁၉၄၀ နဲ့ ၅၀ ပြည့်နှစ်တွေအကြားက မျက်မမြင် Doctor Mid-Nite၊ နောက်ပြီး X-men တွေရဲ့ ဆရာကြီး တဆူ ဖြစ်တဲ့ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေတဲ့ Professor X တို့ လည်း ပါဝင်ကြပါတယ်။
Marvel Comics ရဲ့ Daredevil ဆိုရင် ၂၀၀၃ ခုနှစ်မှာ ဟောလီးဝုဒ် ရုပ်ရှင်တောင် ဖြစ်လာခဲ့ပြီး ရေဒီယို သတ္တိကြွ ပစ္စည်းကြောင့် အမြင်အာရုံ ဆုံးရှုံးခဲ့ရတဲ့ Matt Murdock အဖြစ် Ben Affleck က သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ကလည်း Netflix မှာ ရုပ်သံ ဇာတ်လမ်းရှည် အဖြစ် ရိုက်ကူး ပြသခဲ့ကြပါတယ်။
ပရိတ်သတ်တွေကတော့ လူတယောက်အနေနဲ့ မသန်စွမ်းမှုကြောင့် ကြုံလာရတဲ့ အကန့်အသတ်တွေထက် ကိုယ့်ရဲ့ ရှိပြီးသား စွမ်းရည်တွေကို ပိုမို မြင့်မားအောင် လုပ်ယူဖို့ Daredevil က တွန်းအားပေးနိုင်တယ်လို့ ဆိုကြပါတယ်။
ဣတ္ထိယ စွမ်းရည်
ပြီးခဲ့တဲ့ ၂၀၁၇ က DC ရဲ့ အမျိုးသမီး ဇာတ်ကောင် အဓိက ဖြစ်တဲ့ Wonder Woman ဇာတ်ကား ထွက်ရှိခဲ့ပါတယ်။ အဲဒီကားထဲမှာ အစ္စရေး လူမျိုး သရုပ်ဆောင် မင်းသမီး Gal Gadot က Wonder Woman အဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အမျိုးသမီးတွေရဲ့ စွမ်းရည်သတ္တိထူး တွေကို ဖော်ကျူးနိုင်ခဲ့တယ်ဆိုပြီး ချီးကျူးကြပါတယ်။
ရုပ်ရှင်ထဲမှာ ဇာတ်ကောင်ရဲ့ ရုပ်ဆင်းရူပါ လှပပုံကိုသာ ဖော်ကျူးပြနေတာမျိုး မဟုတ်ဘဲ သူကိုယ့်သူရော အများကိုပါ စောင့်ရှောက်နိုင်တဲ့ အမျိုးသမီးတယောက်ရဲ့ ခိုင်မာတဲ့ စိတ်ခွန်အားနဲ့ စိတ်လှုပ်ရှားမှုတွေကို တွဲပြီး ဖော်ပြထားပါတယ်။
ဒီအောက်တိုဘာလ ၂၁ ရက်နေ့မှာလည်း Wonder Woman ပေါ်ခဲ့တာ အနှစ် ၈၀ ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် DC က အခမ်းအနားတွေ ကျင်းပနေပြီ ဖြစ်ပါတယ်။
အဲဒီအခမ်းအနားတွေထဲမှာ Comic-Con Character Hall of Fame မှာပါ တတိယမြောက် ဂုဏ်ပြု ဖော်ပြခံရတဲ့ ဇာတ်ကောင်အဖြစ် အဲဒီနေ့မှာပဲ အွန်လိုင်းကနေ အခမ်းအနား ကျင်းပဖို့ ရှိပါတယ်။
ဒါပေမယ့် အဲဒီ Wonder Woman ထက် ၆ လစောပြီး ၁၉၄၁ ခုနှစ် ဧပြီလက ပေါ်ခဲ့တဲ့ အမျိုးသမီး စူပါဟီးရိုး ရှိခဲ့ပါတယ်။ သူ့ နာမည်ကတော့ Miss Fury ဖြစ်ပြီး Marla Drake ဆိုတဲ့ နာမည်နဲ့ လူကြားထဲမှာ နေထိုင်သူ ဖြစ်ပါတယ်။ နယူးယောက်မြို့က ခေတ်ဆန်ဆန် နေထိုင်တဲ့ အမျိုးသမီး တယောက်ဖြစ်ပါတယ်။ တခြား ဇာတ်ကောင်တွေလို ခွန်အားနဲ့ စွမ်းရည် ထူးတွေ မရှိပေမယ့် ဉာဏ်ရည်နဲ့ ပါးနပ်မှုတွေကို သုံးပြီး ရန်သူတွေကို အနိုင်ယူတတ်သူ တယောက်ဖြစ်ပါတယ်။
Miss Fury ဟာ အဲဒီခေတ်ကဆိုရင်တော့ တော်တော်ကို ခေတ်ရှေ့ကို ရောက်နေသူလို့ ဆိုရမှာ ဖြစ်ပါတယ်။ သူ့ကို စိတ်ဝင်စားလို့ ချဥ်းကပ်ကြသူတွေကို လက်မခံဘဲ သူ့ရဲ့ မဟာရန်သူတော်ကြီးရဲ့ လမ်းလျှောက်တတ်ကာစ ကလေးငယ်ကို မွေးစားပြီး အိမ်ထောင်မပြုတဲ့ မိခင်တယောက်အဖြစ် ရပ်တည်ခဲ့ပါတယ်။
အဲဒီဇာတ်ကောင်ကို ဖန်တီးသူက June Tarpé Mills ဖြစ်ပြီး ကနဦးမှာ ဒွိလိင် နာမည် Tarpé Mills ကိုသုံးခဲ့ပါတယ်။ သူ ဒီလို လုပ်ရတဲ့ ရည်ရွယ်ချက်က ဒီလို သန်မာကြံ့ခိုင်တဲ့ ဇာတ်ကောင်မျိုးကို ဖန်တီးသူဟာ မိန်းကလေး တယောက်ဆိုတာကို ကလေးတွေ သိရင် စိတ်ငြိုငြင်မှာ စိုးလို့ဖြစ်တယ်လို့ နဲ့ New York Post နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
လူမည်း စွမ်းအား
Marvel Studios က ပြီးခဲ့တဲ့ ၂၀၁၈ မှာ Black Panther ဆိုတဲ့ ရုပ်ရှင်ကို ထုတ်လုပ်ခဲ့ပါတယ်။ သူတို့ ရည်ရွယ်တာက လူမည်း စူပါဟီးရိုးနဲ့ လူမည်း အများစု ပါတဲ့ ဇာတ်ထုပ် တပုဒ် ပထမဆုံးအကြိမ် ဖန်တီးထုတ်လုပ်ဖို့ပဲ ဖြစ်ပါတယ်။
အဲဒီ ရုပ်ရှင်ဟာ အောင်မြင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁.၃ ဘီလျံ ရရှိခဲ့ပါတယ်။ Black Panther ဟာ ငွေကြေးအရသာ အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီနှစ်အတွက် ချီးမြှင့်တဲ့ အော်စကာ ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဆုအတွက်ပါ လျာထားခံခဲ့ရပါတယ်။ ဒါဟာ စူပါဟီးရိုး ဇာတ်ကားတွေထဲမှာ ပထမဆုံးအကြိမ် အကောင်းဆုံး ရုပ်ရှင်ဆုအတွက် လျာထား ခံရခြင်း ဖြစ်ပါတယ်။ အဲဒီ ဆုကို မရခဲ့ပေမယ့် တခြား ဆု ၃ ခုတော့ ချီးမြှင့်ခံခဲ့ရပါတယ်။
ရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ T'Challa က သူ့ဖခင် Wakanda ဘုရင်မင်းမြတ်ရဲ့ အရိုက်အရာကို ဆက်ခံသူအဖြစ် သူ့တိုင်းပြည် Wakanda ကို ပြန်လာရပုံကို အခြေခံပြီး ဇာတ်ညွှန်းဖွဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ T'Challa အဖြစ် မင်းသား Chadwick Boseman က သရုပ်ဆောင်ခဲ့ပါတယ်။
Wakanda ဆိုတာကတော့ အာဖရိက တိုက်က စိတ်ကူးယဥ် တိုင်းပြည်တခု ဖြစ်ပါတယ်။ ဟောလီးဝုဒ်က ပုံသေကားကျ ပုံဖော်မှုတွေကနေခွဲထွက်ပြီး အဲဒီတိုင်းပြည်ဟာ နည်းပညာပိုင်းရော ယဥ်ကျေးမှုပိုင်းမှာပါ အဆင့်မြင့်မားတဲ့ ချမ်းသာတဲ့ နိုင်ငံ တနိုင်ငံအဖြစ် ဆန်းသစ် ဖန်တီးထားပါတယ်။
အဲဒီ Black Panther ဇာတ်ကားရဲ့ နောက်ဆက်တွဲ ရုပ်ရှင်တကား ကိုလည်း မကြာခင်မှာပဲ ကြည့်ကြရဖို့ ရှိပါတယ်။ ဒါပေမယ့် နောက်ထပ် ထုတ်လုပ်မယ့် ဇာတ်ကားမှာတော့ မင်းသား Chadwick Boseman ကို ခေါင်းဆောင်မင်းသားအဖြစ် မြင်ကြရတော့မှာ မဟုတ်ပါဘူး။ သူဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် သြဂုတ်လကပဲ အူမကြီး ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီ ရုပ်ရှင်ကို လာမယ့် ၂၀၂၂ ထဲမှာ ရုံတင်ပြသလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။