ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ် - အမျိုးသမီးခေါင်းဆောင်တွေက ကိုဗစ်သေဆုံးမှုတွေ တားဆီးနိုင်မှုမှာ ပိုအောင်မြင်
ကိုဗစ် ကပ်ရောဂါ ကာလအတွင်း အမျိုးသမီးတွေရဲ့ ကောင်းမွန်တဲ့ ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ ပိုပြီး သတိပြုမိလာကြပါတယ်။ ကပ်ရောဂါ ကာလ အစပိုင်းမှာ နယူးဇီလန်က ဂျဆင်ဒါ အာဒါန်း၊ တိုင်ဝမ်က ဆိုင်ယင်ဝဲန်း နဲ့ ဘင်္ဂလားဒေ့ရှ်က ရှိတ်ခ်ဟာဆီနာတို့ဟာ ကိုဗစ်ကူးစက်မှုတွေ မပြန့်ပွားစေရေးအတွက် ကြိုတင်စီမံမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလို ကျန်းမာရေး မူဝါဒဆိုင်ရာ ရလဒ်တွေဟာ လိင်မတူညီမှုနဲ့ ဆက်စပ်နေတယ်ဆိုတာက ဒီနေ့ထိတိုင် ယုံတမ်းသဖွယ် ဖြစ်နေပါတယ်။
ဘရာဇီးမှာ လုပ်ခဲ့တဲ့ လေ့လာမှု တခုမှာ ကပ်ရောဂါ ကာလအတွင်း အမျိုးသားခေါင်းဆောင်ထက် အမျိုးသမီး ခေါင်းဆောင်တယောက်သာ ရှိရင် အသေအပျောက် ပိုနည်း နိုင်မယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ သုတေသီတွေက နိုင်ငံအတွင်းမှာ အမျိုးသမီး ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ မြို့ရွာတွေဟာ အမျိုးသား နိုင်ငံရေး သမားတွေ အုပ်ချုပ်တဲ့ မြို့ရွာတွေထက်စာရင် ကိုဗစ်ကြောင့် သေဆုံးသူ ၄၃ ရာခိုင်နှုန်းပိုနည်းပြီး ဆေးရုံတင်ရသူ ဦးရေကလည်း ၃၀ ရာခိုင်နှုန်း ပိုနည်းပါးတာကို တွေ့ရှိခဲ့ရပါတယ်။
ဒါကလည်း မျက်နှာဖုံးနဲ့ နှာခေါင်းစည်းတွေ မဖြစ်မနေ တပ်ခိုင်းတာမျိုးနဲ့ လူစုလူဝေး မလုပ်ကြဖို့ တားမြစ်တာမျိုး စတဲ့ ကုသမှုထက် ကြိုတင်ကာကွယ်မှုတွေ ချမှတ်ရာမှာ အမျိုးသမီးတွေက ပိုပြီး အားထုတ်ကြတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။
လေ့လာချက်တွေအရ အမျိုးသမီးခေါင်းဆောင်တွေဟာ ကမ္ဘာလုံးဆိုင်ရာ မူဝါဒရေးရာတွေကို ကိုင်တွယ်ရာမှာ အမျိုးသားတွေထက် ပိုပြီး စွမ်းဆောင်နိုင်ကြတဲ့ အထောက်အထားကောင်းတွေ တွေ့ရှိခဲ့ရကြောင်း သုတေသီတွေက ဆိုပါတယ်။ သူတို့ လေ့လာမှုရဲ့ ရလဒ်တွေအရ လူကြိုက်များတဲ့ ခေါင်းဆောင်တွေ နိုင်ငံတော်အဆင့်မှာ ချမှတ်ထားတဲ့ မူဝါဒပိုင်း အားနည်းချက်တွေနဲ့ ပတ်သက်လို့ ဒေသတွင်း ခေါင်းဆောင်တွေက လိုအပ်သလို တန်ပြန် ပြုပြင် ဆောင်ရွက်မှုတွေ လုပ်နိုင်တာကို တွေ့ရကြောင်း ပြောပါတယ်။
အသက်ကယ်ခြင်း
သုတေသီတွေက ဘရာဇီးနိုင်ငံအတွင်းမှာ ရှိတဲ့ မြို့ပေါင်း ၇၀၀ က မြို့ပြအဖွဲ့အစည်းပေါင်း ၅,၅၀၀ ကိုအခြေခံ လေ့လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီမြို့တွေမှာ ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲ ကာလအတွင်းမှာ အမျိုးသားနဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ အကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။
အဲဒီထဲက လူဦးရေ ၂၀၀,၀၀၀ အောက်သာရှိပြီး ရွေးကောက်ပွဲ တကြိမ်သာ လုပ်စရာလိုအပ်ခဲ့တဲ့ မြို့တွေကို ထပ်ရွေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရွေးချယ်ခဲ့တာကြောင့် သုတေသီတွေ စိတ်ကူးရရင် ရသလို စမ်းသပ်မှုတွေ လုပ်နိုင်ခဲ့ကြပါတယ်။
အဲဒီနောက်မှာ အမျိုးသားနဲ့ အမျိုးသမီး ခေါင်းဆောင် ရွေးချယ်တင်မြှောက်နိုင်မယ့် အခွင့်အလမ်း ဆတူ ရှိနေတဲ့ မြို့ငယ်တွေနဲ့ အလယ်အလတ်မြို့တွေကို ထပ်ပြီး အုပ်စုဖွဲ့ နှိုင်းယှဥ်ကြည့်ခဲ့ကြပါတယ်။
ရရှိလာတဲ့ အချက်အလက်တွေအရ အမျိုးသမီး အုပ်ချုပ်တဲ့ မြို့တွေမှာ အမျိုးသားအုပ်ချုပ်တဲ့ မြို့တွေထက် စာရင် လူဦးရေ ၁၀၀,၀၀၀ မှာ ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက် ၄၃.၇ ရာခိုင်နှုန်း ပိုနည်းတာကို တွေ့ရှိခဲ့ရသလို ဆေးရုံတင် ကုသမှု ပေးရတာလည်း ၃၀ ရာခိုင်နှုန်း ပိုနည်းတာကို တွေ့ရပါတယ်။
ဒါကလည်း သြဇာအာဏာရှိတဲ့ အမျိုးသမီးတွေရဲ့ မူဝါဒပိုင်းဆိုင်ရာမှာ ရွေးချယ်ဆုံးဖြတ်မှုတွေနဲ့ ပတ်သက်နေပါတယ်။
လေ့လာမှုအရ အမျိုးသမီး မြို့တော်ဝန်တွေဟာ ဆေးကုသမှုနဲ့ မဆိုင်တဲ့ ကန့်သတ်အစီအမံတွေကို အမျိုးသားတွေထက် ပိုပြီး ကျင့်သုံးနိုင်တာကို တွေ့ရပါတယ်။ အမျိုးသမီး ခေါင်းဆောင်တွေက လူစုလူဝေး လုပ်တာကို ပိတ်ပင်ဖို ၅.၅ ရာခိုင်နှုန်း ပိုအားထုတ်ကြသလို နှာခေါင်းစည်းတွေ မဖြစ်မနေတပ်ကြဖို့ ၈ ရာခိုင်နှုန်းနဲ့ ပိုးရှိမရှိ စစ်ဆေးမှုတွေ လုပ်ဖို့ကိုလည်း ၁၄ ရာခိုင်နှုန်း ပိုပြီး လုပ်ကြတာကို တွေ့ရပါတယ်။
သုတေသီတွေ အဓိက ဆိုလိုချင်တာကတော့ ဒီလို အစီအမံတွေရဲ့ အရေးပါပုံနဲ့ တကယ်လို့သာ ဘရာဇီးက မြို့တွေရဲ့ ထက်ဝက်မှာ အမျိုးသမီးတွေ အုပ်ချုပ်နေမယ်ဆိုရင် လူ့အသက်အပေါင်း ဘယ်လောက်ကို ကယ်ဆယ်နိုင်မယ် ဆိုတာကို ခန့်မှန်းပြတာ ဖြစ်ပါတယ်။ (လတ်တလောမှာ အမျိုးသမီး ခေါင်းဆောင်ရှိတာက ၁၃ ရာခိုင်နှုန်းသာ ရှိနေပါတယ်။)
သုတေသီတွေက သူတို့ တွေ့ရှိမှုအရဆို ဘရာဇီးမှာ သေဆုံးမှု ၁၅ ရာခိုင်နှုန်း လောက် နည်းလိမ့်မယ်လို့ ပြောကြပါတယ်။ တနည်းအားဖြင့် ကိုဗစ်ကြောင့် သေဆုံးခဲ့ရသူ ၅၄၀,၀၀၀ ထဲက ၇၅,၀၀၀ ဟာ ခုချိန်မှာ သက်ရှိထင်ရှား ရှိနေကြဦးမှာ ဖြစ်ပါတယ်။ ဒီလေ့လာမှုမှာ ပါဝင် စာတမ်းရေးသားခဲ့တဲ့ ဘာစီလိုနာ တက္ကသိုလ်က အလက်ဆန်းဒရော့စ် ကဗ်ဂျီယတ်စ်က လူမှု မူဝါဒတွေ ချမှတ်ရာမှာ ဒီ အံ့သြစရာ ကောင်းတဲ့ ကိစ္စက ဘယ်လောက် အတိုင်းအတာအထိ အရေးပါသလဲ ဆိုတာကို ပြသချင်တာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ခြားနားတဲ့ ရွေးစရာများ
ဒီလေ့လာမှုအရ အမျိုသမီးတွေက အမျိုးသားတွေထက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ပိုပြီးချမှတ်နိုင်ကြတာ ဘာကြောင့်ပါလဲ။
သုတေသီတွေကတော့ ဖြစ်နိုင်ခြေ များတဲ့ အသက်အရွယ်နဲ့ ပညာအရည်အချင်းတို့လို အချက်အလက်တွေကို အခြေခံ စဥ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဆက်နွှယ်မှုတခုမှ မတွေ့ခဲ့ပါဘူး။
နောက်ပြီး ကပ်ရောဂါ မစခင်ကတည်းက ချမှတ်ဆောင်ရွက်ထားတဲ့ ဆေးရုံကုတင်တွေ တိုးချဲ့တာမျိုးနဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တာမျိုး စတဲ့ အစီအမံတွေနဲ့ ပတ်သက်ဆက်နွှယ်နေတာမျိုးလည်း မရှိဘူးလို့ဆိုပါတယ်။
စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တခုကတော့ ဘရာဇီးသမ္မတ ယဲဘိုလ်ဆွန်နာရို မဲအများအပြား ရခဲ့တဲ့ အရပ်ဒေသတွေမှာတောင် အမျိုးသမီး ခေါင်းဆောင်တွေဟာ တင်းကြပ်တဲ့ အစီအမံတွေကို ချမှတ်ကျင့်သုံးနိုင်ကြတာကို တွေ့ရပါတယ်။
ဘိုလ်ဆွန်နာရိုဟာ မျက်နှာဖုံးနဲ့ နှာခေါင်းစည်းတပ်တာရတာမျိုးလို စည်းကမ်းသတ်မှတ်မှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရုံသာမက လူအချင်းချင်း ခပ်ခွာခွာ နေခိုင်းတာကိုတောင်မှ ဆန့်ကျင်သူတယောက် ဖြစ်ပါတယ်။
ဒီသုတေသန စာတမ်းမှာ ပါဝင်ရေးသားသူ အင်စပါ အင်စတီကျုက ရာဖာယဲလ် ဘရုစ်က အမျိုးသမီး မြို့တော်ဝန်တွေရဲ့ နိုင်ငံရေး ဆက်နွှယ်မှုတွေနဲ့ ပါတီတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ကြည့်ရင် သူတို့ဟာ အမျိုးသားတွေနဲ့ စာရင် နည်းနည်း ပိုပြီး ရှေးဆန်တာမျိုး ရှိတယ်လို့ ဆိုပါတယ်။
ဒီလေ့လာမှုမှာ မပါဝင်တဲ့ အီတလီက Università' degli Studi di Milano Bicocca ရဲ့ လူမူမူဝါဒပိုင်း ဆိုင်ရာ သုတေသီ Gagete-Miranda ကတော့ ဒါဟာ အမျိုးသမီးတွေမှာ ရှိကြတဲ့ အန္တရာယ်ဖြစ်လာမှာကို ပိုပြီး မလိုလားတဲ့ သွင်ပြင်စရိုက်လက္ခဏာတွေနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။
ယေဘုယျအားဖြင့် အမျိုးသမီးတွေဟာ ကိုဗစ် - ၁၉ နဲ့ ပတ်သက်လာရင် ဆေးဝါးဗေဒနဲ့ ကုသမှုထက် ကြိုတင် တားဆီးတာမျိုး ဖြစ်တဲ့ လူအချင်းချင်း ခပ်ခွာခွာ နေတာတွေနဲ့ နှာခေါင်းစည်း တပ်တာမျိုးတွေကို ပိုပြီး လိုက်နာကြတာကို လေ့လာတွေ့ရှိခဲ့ကြပြီး ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
သာမန် အမျိုးသမီးတွေက ဒီလို ကြိုတင်ကာကွယ်မှု လုပ်ပြီဆိုတာနဲ့ အမျိုးသမီး မြို့တော်ဝန်တွေကလည်း လိုက်လုပ်ကြမှာ ဖြစ်ပါတယ်။ အဲဒီလူတွေမှာ တခြားပြည်သူလူထုတွေကို ဒီ အပြုအမူတွေကို လိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းနိုင်တဲ့ နိုင်ငံရေး သြဇာလည်း ရှိတယ်လို့ Gagete-Miranda က ဆိုပါတယ်။
နိုင်ငံရေး သြဇာ
ဒီလေ့လာမှုကို ဆွာပေါ်လိုနဲ့ ဘာစီလိုနာ တက္ကသိုလ်တွေနဲ့ အင်စပါက သုတေသီတွေ ပူးပေါင်း လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလောမှာ ပုံနှိပ် ထုတ်ဝေမှု မပြုရသေးသလို တခြား သုတေသီ ပညာရှင်တွေရဲ့ ဆန်းစစ်မှုတွေလည်း မလုပ်ရသေးပါဘူး။
ဒါပေမယ့် သူတို့ရဲ့ တွေ့ရှိချက်တွေဟာ ဒီလို ခပ်ဆင်ဆင် ရလဒ်မျိုးတွေ တွေ့ခဲ့တဲ့ တခြားလေ့လာမှုတွေနဲ့ ကိုက်ညီနေတာလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းက Journal of Applied Psychology ရဲ့ သုတေသန စာတမ်းမှာ အမေရိကန် ပြည်ထောင်စုက ပြည်နယ်တွေမှာ အမျိုးသမီး အုပ်ချုပ်ရေးမှူးတွေ အုပ်ချုပ်တဲ့ ပြည်နယ်တွေမှာ အမျိုးသား အုပ်ချုပ်ရေးမှူးတွေ အုပ်ချုပ်ကြတဲ့ ပြည်နယ်တွေထက် အသေအပျောက်ပိုနည်းတာကို တွေ့ရှိခဲ့ပါတယ်။ ထပ်လောင်း လေ့လာသုံးသပ်မှုတွေ အရလည်း အမျိုးသမီးတွေဟာ စာနာနားလည်မှု ပိုရှိတာနဲ့ သတင်းစာရှင်းလင်းပွဲတွေမှာလည်း မိမိကိုယ်ကို ယုံကြည်မှု ပိုရှိစွာ ကိုင်တွယ်နိုင်တာကိုလည်း တွေ့ရပါတယ်။
နောက်ပြီး Liverpool နဲ့ Reading တက္ကသိုလ်တွေရဲ့ လေ့လာမှု တခုမှာလည်း အမျိုးသမီးတွေ အုပ်ချုပ်တဲ့ တိုင်းပြည်တွေမှာ ကိုဗစ် - ၁၉ အရေးမှာ အမျိုးသားတွေ အုပ်ချုပ်တဲ့ တိုင်းပြည်တွေထက် စနစ်တကျနဲ့ ပိုမို ကောင်းမွန်စွာ စီမံဆောင်ရွက်နိုင်တာကို တွေ့ကြရပါတယ်။
ကပ်ရောဂါကို ကိုင်တွယ်ရာမှာလည်း အမျိုးသမီး ခေါင်းဆောင်တွေဟာ ဖြစ်လာမှ တုံ့ပြန်တာထက် ကြိုတင်ပြီး ပြင်ဆင်ထားတာမျိုး၊ ညှိညှိနှိုင်းနှိုင်းနဲ့ ဟန်ချက်ညီညီဆောင်ရွက်တာမျိုးတွေကို ပိုလုပ်နိုင်ကြတယ်လို့ သုတေသီတွေက ပြောကြပါတယ်။
ဒီလို ကောင်းတဲ့ အချက်တွေ ရလဒ်ကောင်းတွေ ရှိပေမယ့် အမျိုးသမီးတွေရဲ့ နိုင်ငံရေး နယ်ပယ်ဟာ သိပ်မကျယ်ပြန့်သေးတဲ့ အတွက် သူတို့ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်တာကိုလည်း ထောက်ပြကြပါတယ်။
Gagete-Miranda ကလည်း ဘရာဇီး နိုင်ငံရေး လောကမှာ ဆိုရင် အမျိုးသားတွေပဲ လွှမ်းမိုးထားဆဲ ဖြစ်တယ်။ ဒါကြောင့် အမျိုးသားတွေထက် အမျိုးသမီးတွေ ရွေးကောက်တင်မြှောက် ခံရဖို့က ပိုပြီး ခက်ခဲတယ်။ ရွေးကောက်ပွဲတွေမှာ ပညာနဲ့ အရည်အချင်း ပိုရှိတဲ့ အမျိုသမီးတွေလောက်သာ အရွေးခံရဖို့ ဒါမှမဟုတ် အနိုင်ရလုနီးနီး ဖြစ်တာမျိုး ရှိတယ်လို့ ဆိုပါတယ်။
သုတေသန စာတမ်းရဲ့ ပူးတွဲ ကလောင်ရှင် ရာဖာယဲလ် ဘရုစ်က ဒါဟာ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။ အမျိုးသမီး မြို့တော်ဝန်တွေက အရင်ကတည်းက နိုင်ငံရေး လောကမှာ ဖိအားတွေ၊ တခြား စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဖြစ်နေတာ ကြောင့် ဒီလို ဖိအားများတဲ့ အခြေအနေမျိုးတွေမှာလည်း ပိုပြီး မှန်မှန်ကန်ကန် တွေးတော ဆုံးဖြတ်နိုင်ကြတာ ဖြစ်မယ်လို့ သူက ပြောပါတယ်။ နောက်ပြီး ဒီလို အရည်အချင်းမျိုးက ကိန်းဂဏန်းတွေ အချက်အလက်တွေကို အခြေခံ လေ့လာပြီး တွေ့နိုင်မယ့် အရာမျိုးလည်း မဟုတ်ပြန်ဘူးလို့ ဘရုစ်က ဆိုပါတယ်။