ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖရိကမှာ စစ်အာဏာသိမ်းမှုတွေ ပိုများလာသလား
စစ်အာဏာသိမ်းဖို့ ကြိုးစားမှု အများဆုံး ဖြစ်ပွားတဲ့ စံချိန်တင် အာဖရိကတိုက်မှာ လတ်တလော အာဏာသိမ်းမှုတွေ ပိုများလာသလား
အာဖရိကတိုက်က နိုင်ငံတချို့မှာ စစ်အာဏာသိမ်းမှုတွေ ဖြစ်ပေါ်နေခဲ့တာဟာ အဲဒီနိုင်ငံတွေ လွတ်လပ်ရေးရကြပြီးနောက်ပိုင်း ဆယ်စုနှစ်တွေ အတွင်းမှာ ပုံမှန်လို ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။
လတ်တလော မာလီနိုင်ငံမှာဖြစ်တဲ့ စစ်အာဏာသိမ်းမှုဆိုရင် တနှစ်ထဲမှာပဲ နှစ်ကြိမ် စစ်တပ်က နိုင်ငံရေးမှာ ကြားဝင်စွက်ဖက်တာဖြစ်ခဲ့တာက ထင်ရှားတဲ့ ဥပမာ ဖြစ်ပါတယ်။
မာလီရဲ့ အိမ်နီချင်းနိုင်ငံ နီဂျဲမှာ ဆိုရင်လည်း ပြီးခဲ့တဲ့ မတ်လ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင် ရက်ပိုင်းအတွင်းမှာ နီဂျဲစစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားမှု ဖြစ်ပွားခဲ့ပြီး သမ္မတအိမ်တော်ကို တိုက်ခိုက်ဖို့ကြိုးစားမှုကို သမ္မတရဲ့ သက်တော်စောင့်တပ်က ကာကွယ်မှုကြောင့် အောင်တော့ မအောင်မြင်ခဲ့ပါဘူး။
လတ်တလော နီဂျဲနဲ့ မာလီမှာ ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းဖို့ ကြိုးစားမှုနဲ့ နောက်ဆက်တွဲ
နီဂျဲနိုင်ငံဟာ ကုလသမဂ္ဂရဲ့ နိုင်ငံ ၁၈၉ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း သတ်မှတ်မှုအရ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်ခု ဖြစ်ပြီး ၁၉၆၀ မှာ ပြင်သစ်လက်အောက်ကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှု လေးကြိမ် ဖြစ်ထားခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်မှာ ဖြစ်ခဲ့တဲ့ နီဂျဲ စစ်အာဏာသိမ်းဖို့ ကြိုးစားမှုကိုတော့ သမ္မတရဲ့ သက်တော်စောင့်တပ်တွေရဲ့ ကာကွယ်မှုနဲ့ တားမြစ်နိုင်ခဲ့ပြီး တာဝန်ရှိသူတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၁၉၇၄ စစ်အာဏာသိမ်းမှုကနေ ၁၉၈၉ အထိ စစ်အစိုးရ အုပ်ချုပ်မှု၊ ၁၉၉၆၊ ၁၉၉၉ နဲ့ ၂၀ဝ၉ ခုနှစ် တို့မှာ ရေတို အာဏာသိမ်းမှု သုံးကြိမ် ကြုံခဲ့ရတဲ့ နီဂျဲနိုင်ငံဟာ အဲဒီ ကာလတွေမှာ ရွေးကောက်ခံ အစိုးရက နောက်ထပ်ရွေးကောက်ခံ အစိုးရတစ်ခုကို အာဏာလွှဲပေးဖို့တောင် အခြေအနေမပေးခဲ့ပါဘူး။
အခုတစ်ကြိမ် စစ်အာဏာသိမ်းဖို့ ကြိုးစားမှုကို တွန်းလှန်နိုင်ခဲ့တဲ့အတွက် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ ၂၀၁၀ မှာ ရွေးကောက်ခံ သမ္မတ ဖြစ်ခဲ့တဲ့ မာမဒူ အစ်ဆူဖူက ၂၀၂၁ ဖေဖော်ဝါရီလ နီဂျဲ ရွေးကောက်ပွဲမှာ အနိုင်ရသူ သမ္မတ မိုဟာမက် ဘာဇူးမ်ကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။
မာလီက ပြီးခဲ့တဲ့ မေလကုန် အာဏာသိမ်းမှုကတော့ အောင်မြင်သွားခဲ့ပြီး စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်မှူး အဆီမီ ဂိုအီတာဟာ ပြီးခဲ့တဲ့ ၂၀၂၀ သြဂုတ်လ စစ်အာဏာသိမ်းမှုကိုလည်း ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်နေပါတယ်။
အခုလို တစ်နှစ်ကာလအတွင်း ၂ ကြိမ် အာဏာသိမ်းမှု ဖြစ်ခဲ့ရာမှာ ပထမတစ်ကြိမ်အပြီး ယာယီအစိုးရ ဒုသမ္မတနေရာယူထားသူ ဗိုလ်မှူး ဂိုအီတာက အစိုးရအဖွဲ့အတွင်း အပြောင်းအလဲဖြစ်တာကို မကျေနပ်တဲ့အတွက် အာဏာထပ်သိမ်းတာလို့ ဆိုပါတယ်။
ဗိုလ်မှူး ဂိုအီတာက မာလီယာယီ အစိုးရ သမ္မတ ဘာနဒေါနဲ့ ဝန်ကြီးချုပ် မော့တာ အိန်းတို့ကို ဖမ်းဆီးအပြီးမှာ သူ့ကိုယ်သူ သမ္မတ အဖြစ် ကြေညာခဲ့ပြီး ယာယီအစိုးရ ပြင်ဆင်ဖွဲ့စည်းမှုတွေ လုပ်ပြီးရင် နောက်နှစ် ဖေဖော်ဝါရီမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောဆိုထားပါတယ်။
သူ့ရဲ့အခုလို အာဏာသိမ်းမှုကြောင့် မာလီနိုင်ငံကို အာဖရိကသမဂ္ဂနဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေး အဖွဲ့ တို့က အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ယာယီ ထုတ်ပယ်ထားကြပါတယ်။
မာလီနိုင်ငံရဲ့ လက်ရှိအခြေအနေက နီဂျဲထက် အများကြီး ရှုပ်ထွေးနေပြီး ပြည်တွင်း အစ္စလာမ္မစ် စစ်သွေးကြွ သူပုန်တွေကို နှိမ်နင်းဖို့ ပြင်သစ်စစ်တပ်က တပ်သား ၅၁၀ဝ အထိ ချထားတာဖြစ်ပါတယ်။
လက်ရှိ အာဏာသိမ်းလိုက်တဲ့ အခြေအနေကြောင့် အရပ်သားအစိုးရ အုပ်ချုပ်မှုပြန်မရောက်ရင် ပြင်သစ်တပ်တွေကို ရုပ်သိမ်းလိုက်မယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မာခွန်းက ခြိမ်းခြောက်ထားတဲ့အပြင် စစ်သွေးကြွ နှိမ်နင်းရေးမှာ မာလီစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ထားပါတယ်။
ဘယ်လို လုပ်ရပ်ကို စစ်အာဏာသိမ်းမှု မြောက်တယ်လို့ ဆိုမလဲ
စစ်အာဏာသိမ်းမှုကို ရိုးရိုးရှင်းရှင်း အဓိပ္ပာယ်ဖွင့်ရရင်တော့ နိုင်ငံတစ်နိုင်ငံရဲ့ စစ်တပ်က ရှိနေတဲ့ အရပ်သားခေါင်းဆောင်တွေ လက်ထဲကနေ တရားမဝင် အင်အားသုံး အာဏာရယူတာလို့ ဆိုနိုင်ပါတယ်။
အမေရိကန် သုတေသီတွေ ဖြစ်တဲ့ ဂျော်နသန် ပါဝဲနဲ့ ကလေတန် သိုင်း တို့ရဲ့ အခုလို အာဏာသိမ်း အဓိပ္ပာယ်ဖွင့်မှုကို အသုံးပြုပြီး လေ့လာချက်အရ ၁၉၅၀ နောက်ပိုင်း အာဖရိကတိုက်အတွင်းက နိုင်ငံတွေမှာ စစ်အာဏာသိ်မ်းဖို့ ကြိုးစားမှု အကြိမ် ၂၀ဝ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ သုတေသီ နှစ်ဦးက စစ်အာဏာသိမ်းအောင်မြင်မှုကို ၇ ရက်အထိ အနည်းဆုံး အာဏာယူထားနိုင်ရင် အောင်မြင်တယ် ဆိုတဲ့ ဖွင့်ဆိုချက်နဲ့ ဆက်လက် လေ့လာကြည့်ရာမှာ အဲဒီ အကြိမ် ၂၀ဝ ရဲ့ တစ်ဝက်လောက်က အောင်မြင်တဲ့ စစ်အာဏာသိမ်းမှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို အာဖရိကတိုက်မှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားတဲ့နှုန်းဟာ အန္တာတိကတိုက်မှအပ လူနေထိုင်တဲ့ ကမ္ဘာ့တိုက်ကြီး ၆ တိုက် အတွင်း အများဆုံးလည်း ဖြစ်ပါတယ်။
အခုလို ဖြစ်ခဲ့တဲ့ နိုင်ငံတွေထဲမှာ အနောက်အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ ဘကီနာဖာဆို နိုင်ငံဟာ အာဏာသိမ်းအောင်မြင်မှုနှုန်း အများဆုံးရှိနေတာ တွေ့ရပြီး ၇ ကြိမ်ရှိခဲ့ရာမှာ တကြိမ်သာ မအောင်မြင်တဲ့ အာဏာသိမ်းမှု ရှိခဲ့ပါတယ်။
အခုလို အာဏာသိမ်းဖို့ ကြိုးစားတဲ့ စစ်ခေါင်းဆောင်တွေထဲက တချို့ကတော့ အာဏာသိမ်းတာ မဟုတ်ပါဘူး ဆိုတဲ့ ကြေညာချက်မျိုးနဲ့ အကြောင်းပြတာမျိုးလည်း ရှိတာကို တွေ့ရပါတယ်။
၂၀၁၇ မှာ ဇင်ဘာဘွေနိုင်ငံက ခေါင်းဆောင် ရောဘတ် မူဂါဘီရဲ့ ၃၇ နှစ်ကြာ အုပ်စိုးမှုကို ချုပ်ငြိမ်းစေခဲ့တဲ့ စစ်အာဏာသိမ်းမှုကို ဦးဆောင်သူတစ်ဦးဖြစ်သူ ဗိုလ်ချုပ် စီဘူစီဆို မိုရိုက သူတို့ အာဏာသိမ်းတာ မဟုတ်ပါဘူးဆိုပြီး ရုပ်မြင်သံကြားကတစ်ဆင့် ပြောဆိုခဲ့ဖူးပါတယ်။
လတ်တလော ၂၀၂၁ ဧပြီလ အတွင်းမှာလဲ ချက်ဒ် နိုင်ငံ ခေါင်းဆောင် အစ်ဒရစ် ဒယ်ဘီ ကွယ်လွန်ချိန်မှာ ချက်ဒ် စစ်တပ်က အစိုးရအဖွဲ့ ဖျက်သိမ်းပြီး အစ်ဒရစ် ဒယ်ဘီရဲ့ သားဖြစ်သူ မိုဟာမက် ဒယ်ဘီ အစ်နိုကို သမ္မတခန့်ခဲ့ပါတယ်။
အစ်ဒရစ် ဒယ်ဘီဟာလည်း ၁၉၉၀ စစ်အာဏာသိမ်းမှုနဲ့ ခေါင်းဆောင် ဖြစ်လာသူ ဖြစ်တဲ့အတွက် အခုတစ်ကြိမ် အာဏာသိမ်းမှုကို ချက်ဒ် အတိုက်အခံတွေက ခေါင်းဆောင်မျိုးဆက်ပြောင်း အာဏာသိမ်းမှုလို့ အမည်တပ်ကြပြီး အာဏာသိမ်းခေါင်းဆောင်တွေကတော့ ဒါကို ငြင်းဆိုခဲ့ပါတယ်။
ကျလာတာတွေ့ရတဲ့ အာဖရိကတိုက်အတွင်း စစ်အာဏာသိမ်းမှုနှုန်း
အာဖရိကတိုက်အတွင်းက နိုင်ငံတွေမှာ ၁၉၆၀ ကစပြီး ၂၀ဝ၀ ပြည့်နှစ်အတွင်း အာဏာသိမ်းမှုနှုန်းကို လေ့လာကြည့်ရာမှာ တနှစ်ကို လေးကြိမ်လောက် ပုံမှန်လို ဖြစ်နေခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်းကနေ ၂၀၁၉ ခုနှစ်အတွင်းမှာ ဆိုရင်တော့ တနှစ်ကို နှစ်ကြိမ်လောက်ပဲ ဖြစ်တဲ့အထိ လျော့လာခဲ့ပါတယ်။
အာဖရိကတိုက်က နိုင်ငံတွေဟာ လွတ်လပ်ရေးရပြီးစ ကာလတွေမှာ ကြုံရတဲ့ မတည်မငြိမ် ဖြစ်မှုတွေကြောင့် အခုလို စစ်အာဏာသိမ်းမှုများခဲ့ရာတာ ဖြစ်တယ်လို့ ဂျော်နသန် ပါဝဲက ဆိုပါတယ်။
အထူးသဖြင့် ဆင်းရဲမွဲတေမှုနဲ့ နိုင်ငံစီးပွားရေး မကောင်းမှုတို့ကြောင့် အဓိက ဖြစ်ခဲ့ရာမှာ တစ်ကြိမ် အာဏာသိမ်းမှု ဖြစ်ထားပြီးရင် နောက်တစ်ကြိမ် လွယ်လွယ် ထပ်ဖြစ်တာစေတာမျိုးလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။
လတ်တလော အာဏာသိမ်းမှုတွေကတော့ နှစ်ရှည်လများ အုပ်ချုပ်လာခဲ့တဲ့ ခေါင်းဆောင်တွေကို လူထုဆန့်ကျင်မှုနဲ့အတူ ဖြစ်လာတဲ့ စစ်အာဏာသိမ်းမှု ဖြစ်တာများလာတယ်လို့ တောင်အာဖရိကနိုင်ငံ ကွာဇူလူးနေတယ် တက္ကသိုလ်က ပညာရှင် အန်ဒူဘီစီ ခရစ်ရှန် အန်နီက ပြောပါတယ်။
စစ်အာဏာသိမ်းမှု အများဆုံး ဖြစ်ခဲ့တဲ့ အာဖရိက နိုင်ငံများ
အာဖရိကနိုင်ငံတွေထဲမှာ ဆူဒန်နိုင်ငံက စစ်အာဏာသိမ်းမှု အများဆုံး အနေနဲ့ ၁၅ ကြိမ် အထိ ဖြစ်ပွားထားခဲ့ပြီး ငါးကြိမ်ကတော့ အောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆူဒန်ရဲ့ လတ်တလော အကျဆုံး စစ်အာဏာသိမ်းမှုကတော့ ၂၀၁၉ မှာ ဖြစ်ပြီး ၁၉၈၉ တုန်းက စစ်အာဏာသိမ်းမှုနဲ့ပဲ ခေါင်းဆောင်ဖြစ်လာခဲ့တဲ့ အိုမား အယ်လ်ဘာရှားကို လူထုအုံကြွမှုနဲ့အတူ စစ်တပ်က အာဏာသိမ်းလိုက်မှု ဖြစ်ပါတယ်။
အာဖရိကတိုက်မှာ လူဦးရေအများဆုံး နိုင်ဂျီးရီးယားနိုင်ငံဟာလည်း စစ်အာဏာသိမ်းမှုများတဲ့ နိုင်ငံဖြစ်ပြီး ၁၉၆၆ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အတွင်း အာဏာသိမ်းမှု ရှစ်ကြိမ် ဖြစ်ခဲ့ပါတယ်။
ဘူရွန်ဒီနိုင်ငံဆိုရင်တော့ ဟူတူနဲ့ တွတ်စီ လူမျိုးနှစ်မျိုးအကြား ပဋိပက္ခကို အခြေခံတဲ့ စစ်အာဏာသိမ်းဖို့ ကြိုးစားမှု ၁၁ ကြိမ် ရှိခဲ့ပါတယ်။
ဆီရီယာလီယွန် နိုင်ငံမှာကတော့ ၁၉၆၇ နဲ့ ၁၉၆၈ အတွင်းမှာတင် စစ်အာဏာသိမ်းဖို့ ကြိုးစားမှု သုံးကြိမ်၊ ၁၉၇၁ မှာ တကြိမ်နဲ့ ၁၉၉၂ နဲ့ ၁၉၉၇ အကြားမှာ ငါးကြိမ်အထိ စစ်အာဏာသိမ်းဖို့ ကြိုးစားမှုတွေ ဖြစ်ပွားထားပါတယ်။
ဂါနာနိုင်ငံမှာတော့ ၁၉၆၆ ခုနှစ်ကစပြီး အနှစ် ၂၀ အတွင်း စစ်အာဏာသိမ်းဖို့ ကြိုးစားမှု ၈ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။