ကနေဒါက လူမျိုးစုစာသင်ကျောင်းမှာ ကလေးငယ် ၂၁၅ ယောက်ရဲ့ ရုပ်ကြွင်းတွေ ရှာတွေ့

အဲဒီကလေးငယ်တွေဟာ ၁၉၇၈ ခုနှစ်မှာ ပိတ်လိုက်တဲ့ ဗြိတိသျှကိုလံဘီယာနယ်က ကမ်လုအင်ဒီးယန်းကျောင်းက ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အဲဒီကလေးငယ်တွေဟာ ၁၉၇၈ ခုနှစ်မှာ ပိတ်လိုက်တဲ့ ဗြိတိသျှကိုလံဘီယာနယ်က ကမ်လုအင်ဒီးယန်းကျောင်းက ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်

ကနေဒါနိုင်ငံမှာ ဒေသခံလူမျိုးစုအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့တဲ့ ကျောင်းဝန်းအတွင်း အစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ ကလေးငယ် ၂၁၅ ဦးရဲ့ ရုပ်ကြွင်းတွေကို ထုတ်ဖော်တွေ့ရှိခဲ့ပါတယ်။

အဲဒီကလေးငယ်တွေဟာ ၁၉၇၈ ခုနှစ်မှာ ပိတ်လိုက်တဲ့ ဗြိတိသျှကိုလံဘီယာနယ်က ကမ်လုအင်ဒီးယန်းကျောင်းက ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ကလေးတွေ သေဆုံးတဲ့ကိစ္စကို ကျောင်းအာဏာပိုင်တွေက စာရင်းသွင်း မှတ်တမ်းတင်တာမျိုး မရှိခဲ့ဘူးလို့လည်း ကမ်လုမြို့အကြီးအကဲ ရိုဆန်း ဆက်စမီယာက ပြောပါတယ်။

ကနေဒါနိုင်ငံ ဒေသတွင်း လူမျိုးစုလူငယ်တွေကို အတင်းအကျပ် ကျောင်းအိပ်ကျောင်းစားပို့ပြီး အစိုးရက ပုံသွင်းမှုတွေဟာ ၁၉ ရာစုနဲ့ ၂၀ရာစုအတွင်းမှာပါ ရှိခဲ့ပြီး အခုလို ရုပ်ကြွင်းတွေ ရှာတွေ့မှုဟာ တိုင်းပြည်အတွက် အရှက်ရစရာ ဖြစ်တယ်လို့လည်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ပြောပါတယ်။

အခုလို တွေ့ရှိလိုက်ရတဲ့ ရုပ်ကြွင်းတွေထဲမှာ အသက်အငယ်ဆုံး သုံးနှစ်ကလေးတွေလည်း ပါဝင်ပြီး ကျောင်းဝင်းမြေကြီးကို ရေဒါနဲ့ မှတ်တမ်းယူစဉ်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်ကြွင်းတွေကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ်ကိုတော့ လာမယ့် ဇွန်လလယ်လောက်မှာ သိရဖို့ မျှော်လင့်ထားပါတယ်။

ကနေဒါနိုင်ငံက အခုလို ကျောင်းပို့ခံရတဲ့ လူမျိုးစုကလေးငယ်တွေထဲမှာ ကျောင်းတက်နေရင်း သေဆုံးရသူ ၄၁၀ဝ ကျော် ရှိ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကနေဒါနိုင်ငံက အခုလို ကျောင်းပို့ခံရတဲ့ လူမျိုးစုကလေးငယ်တွေထဲမှာ ကျောင်းတက်နေရင်း သေဆုံးရသူ ၄၁၀ဝ ကျော် ရှိ

လူမျိုးစုတွေကို ရည်ရွယ်ထူထောင်ခဲ့တဲ့ ကနေဒါရဲ့ ကျောင်းအိပ်ကျောင်းစား စနစ်

၁၈၆၃ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အတွင်းမှာ လူမျိုးစု ကလေးငယ် တသိန်းခွဲလောက်ဟာ သူတို့ရဲ့ မိသားစုဝင်တွေဆီက ခေါ်ဆောင်ခံရပြီး အစိုးရသို့မဟုတ် ခရစ်ယာန်ဘာသာရေး အဖွဲ့တွေက ထူထောင်တဲ့ အဲဒီကျောင်းတွေကို ကျောင်းအိပ်ကျောင်းစား ပို့ခံခဲ့ရပါတယ်။

ဒီကလေးငယ်တွေကို ကျောင်းတွေမှာ သူတို့ရဲ့ မူရင်း လူမျိုးစု ဘာသာစကား ပြောခွင့်နဲ့ ဓလေ့ထုံးစံ ကျင့်သုံးခွင့် ပိတ်ပင်တာတွေ ရှိခဲ့ပြီး နှိပ်စက်ခံရတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀ဝ၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအရ ဆိုရင် အခုလို ကျောင်းတွေကို အပို့ခံရတဲ့ ကလေးငယ်တွေ အနေနဲ့ သူတို့ မူလ နေရပ်ကို ပြန်မလာနိုင်တော့တာတွေ့ရပြီး ဓလေ့ထုံးစံ အဖျောက်ခံရမှု မြောက်တယ်လို့လည်း ၂၀၁၅ အစီအရင်ခံစာ တခုက မှတ်ချက်ချခဲ့ပါတယ်။

ကနေဒါနိုင်ငံက အခုလို ကျောင်းပို့ခံရတဲ့ လူမျိုးစုကလေးငယ်တွေထဲမှာ ကျောင်းတက်နေရင်း သေဆုံးရသူ ၄၁၀ဝ ကျော် ရှိတယ်လို့ ရှာဖွေတွေ့ရှိထားပါတယ်။