ထိုင်ဝမ် လွတ်လပ်ရေးတောင်းတာဟာ 'စစ်ပွဲ' လို့ တရုတ်က သတိပေး

ထိုင်ဝမ် လွတ်လပ်ရေးရဖို့ ကြိုးစားမှုမှန်သမျှဟာ "စစ်ပွဲ ဆိုတဲ့အဓိပ္ပါယ်ပဲ" လို့ တရုတ်က သတိပေးလိုက်ပါတယ်။

တရုတ်က ထိုင်ဝမ်ကျွန်းနားမှာ တိုက်လေယာဉ်တွေ ပျံပြတာတာတွေအပါအဝင် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ပြအပြီး ရက်ပိုင်းအကြာမှာ အခုလို သတိပေးလိုက်တာပါ။

အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်က ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ သူတို့ထောက်ခံ ကတိပြုချက်တွေအပေါ် ထပ်အတည်ပြုလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ဒီသတိပေးချက် ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

အမေရိကန်ကတော့ တရုတ်ရဲ့ ဒီနောက်ဆုံးသတိပေးချက်က "မသင့်တော်ပါဘူး"လို့ ဆိုရင်း "ဒီတင်းမာမှုတွေကနေ ထိပ်တိုက်ရင်ဆိုင်တာမျိုးတွေအထိ သွားစရာ မလိုပါဘူး" လို့ ပြောပါတယ်။

တရုတ်က ဒီမိုကရေစီ စနစ်နဲ့ သွားနေတဲ့ ထိုင်ဝမ်ကို သူတို့ဆီကနေ ကွဲထွက်သွားတဲ့ ပြည်နယ်တစ်ခုလို့ မြင်ထားပြီး ထိုင်ဝမ်ကတော့ သူတို့ဟာ ကိုယ်ပိုင် အချုပ် အခြာအာဏာနဲ့ သူ့ဘာသာသူ ရှိတာလို့ ခံယူထားပါတယ်။

"ထိုင်ဝမ်လွတ်လပ်ရေး အင်အားစုတွေဟာ သူတို့ဘာသာ ပြန်လောင်မယ့်မီးတွေနဲ့ ကစားနေတဲ့သူတွေ၊ ထိုင်ဝမ် လွတ်လပ်ရေး ဆိုတာ စစ်ပွဲပဲ"လို့ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဝုချန်က ကြာသပတေးနေ့တုန်းက လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

လောလောလတ်လတ်လုပ်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးလည်း သူတို့ဟာ "ထိုင်ဝမ်ရေလက်ကြားက လုံခြုံရေးအခြေအနေတွေနဲ့၊ နိုင်ငံရဲ့အချုပ်အခြာအာဏာ၊ လုံခြုံရေးတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်တာ"လို့ သူက ကာကွယ်ပြောပါတယ်။

အဲဒီနောက်ပိုင်း ကြာသပတေးနေ့မှာပဲ အမေရိကန်က တုံ့ပြန်ပါတယ်။

"အဲဒီ စကားတွေဟာ မသင့်တော်ဘူးလို့ ကျွန်တော်တို့မြင်တယ်"လို့ ပင်တဂွန် သတင်းပြန်ကြားရေး အတွင်းရေးမှူး ဂျွန် ကာဘီက သတင်းထောက်တွေကို ပြောပါတယ်။

မစ္စတာ ကာဘီက ပင်တဂွန်အနေနဲ့ "ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ တင်းမာမှုတွေကနေ ထိပ်တိုက်ရင်ဆိုင်တာမျိုးကို သွားစရာ ဘာအကြောင်းမှ မတွေ့ပါဘူး" လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေ၊ ကုန်သွယ်ရေး အငြင်းပွားမှုတွေ၊ ဟောင်ကောင် နဲ့ ထိုင်ဝမ်ဆိုင်ရာ အရေးတွေနဲ့ ပတ်သက်ပြီး အင်အားကြီး ၂ နိုင်ငံကြား ဆက်ဆံရေးတွေ ပြိုယွင်းနေတဲ့အလယ်မှာ အမေရိကန် အစိုးရသစ် အနေနဲ့ တရုတ်အပေါ် ဖိအားတွေ ဆက်ပေးသွားမယ်လို့ မှန်းဆနေကြ ပါတယ်။

တရုတ်-ထိုင်ဝမ် နောက်ကြောင်းနဲ့ တင်းမာမှုတွေ ဘယ်ကစခဲ့လဲ

ဒီနေ့ခေတ် တရုတ်တောင်ပိုင်းဖြစ်နေတဲ့ နေရာကနေ ရောက်လာတဲ့ သြစတြိုနေးရှန်း လူမျိုးနွယ်တွေ ထိုင်ဝမ်ကျွန်းမှာ ပထမဆုံး စတင်အခြေချနေထိုင်ခဲ့ကြတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

တရုတ်ကနေ အဲဒီကျွန်းပေါ်ကို လေ့လာစူးစမ်းရေးအဖွဲ့ တစ်ဖွဲ့ စပြီးစေလွှတ်လိုက်တဲ့ အေဒီ ၂၃၉ မှာ ဒီကျွန်းနဲ့ပတ်သက်ပြီး တရုတ်မှတ်တမ်းတွေထဲမှာ စပါလာပါတယ်။ အဲဒီအချက်က ဒီကျွန်းဟာ သူတို့ ပိုင်မြေဖြစ်တယ်ဆိုတာကို သက်သေပြုရင် ဘေဂျင်းအစိုးရက သုံးတဲ့ အချက်ပါ။

၁၆၂၄ နဲ့ ၁၆၆၁ ကြားမှာ ဒတ်ချ်ကိုလိုနီပြုခဲ့တာကို ထိုင်ဝမ်ကြုံခဲ့ရပြီး ၁၆၈၃ နဲ့ ၁၈၉၅ အထိ တရုတ် ချင်မင်းဆက်ရဲ့ လက်အောက်မှာ နေခဲ့ရပါတယ်။

၁၇ ရာစုအတွင်း တရုတ်ပြည်မကြီးကနေ ပြောင်းရွှေ့အခြေချလာတဲ့ သူတွေ သိသိသာသာ ရောက်လာခဲ့ပါတယ်။ သူတို့ဟာ နိုင်ငံရေးမငြိမ်သက်တာတွေ၊ ပင်ပန်းဆင်းရဲမှုတွေကြောင့် ရောက်လာတဲ့ သူတွေများပါတယ်။ လူမျိုးစု အရလည်း ဖူကျန်းပြည်နယ်ကနေလာတဲ့ ဟော့လို တရုတ်လူမျိုးစုနဲ့ ဂွမ်ဒေါင်း ပြည်နယ်ကနေ လာတဲ့ ဟတ်က တရုတ်လူမျိုးစုတွေ ဖြစ်ပါတယ်။ ထိုင်ဝမ် လူဦးရေထဲမှာ သူတို့ လူမျိုးစု ၂ စုက လူတွေက အများစုပါ။

၁၈၉၅ မှာတော့ ပထမဆုံး တရုတ် - ဂျပန် စစ်ပွဲဖြစ်ပြီး ဂျပန်တို့ နိုင်သွားတော့ ချင် အာဏာပိုင်တွေဟာ ထိုင်ဝမ်ကို ဂျပန်လက်ထဲ အပ်ခဲ့ရပါတယ်။ ဒုတိယ ကမ္ဘာစစ် အပြီးမှာတော့ ဂျပန် လက်နက်ချပြီးချိန်မှာ အောင်ပွဲခံ တရုတ်က မဟာမိတ် အမေရိကန်၊ ဗြိတိန်တို့ရဲ့ ထောက်ခံမှုနဲ့ ထိုင်ဝမ်ကို ပြန်ပြီး အုပ်ချုပ်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်နှစ် အနည်းငယ်အကြာမှာ တရုတ်မှာ ပြည်တွင်းစစ် ဖြစ်ပွားပြီး မော်စီတုန်းဦးဆောင်တဲ့ ကွန်မြူနစ် စစ်တပ်တွေနဲ့ ချန်ကေရှိတ် စစ်တပ် အကြားတိုက်ပွဲတွေ ဖြစ်ခဲ့ကာ ကွန်မြူနစ်တွေဘက်က အနိုင်ရခဲ့ပါတယ်။

ချန်နဲ့ သူ့ရဲ့ ကိုမင်တန် (Kuomintang - KMT)အစိုးရ နောက်ပါတွေ ထိုင်ဝမ်ကို ၁၉၄၉ ခုနှစ်တွင်းမှာ ထွက်ပြေးပါတယ်။ အဲဒီ လူတွေကို ပြည်မ တရုတ်တွေလို့ ခေါ်ကြပြီး အဲဒီအချိန်ကာလမှာ အဲဒီလူတွေ အရေအတွက်က တစ်သန်းခွဲလောက် ရှိပါတယ်။ ဒီလူဦးရေဟာ ထိုင်ဝမ်ကျွန်းမှာ နေထိုင်ကြတဲ့ လူဦးရေရဲ့ ၁၄% လောက်သာ ရှိပေမယ့် ထိုင်ဝမ် နိုင်ငံရေးကို ကိုမင်တန်တွေက နှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့ပါတယ်။

အာဏာရှင်လို အုပ်ချုပ်ခဲ့တဲ့ ကိုမင်တန်အစိုးရ အဆက်ဆက်ဟာ ဒေသခံတွေရဲ့ ဆန့်ကျင်မှုကို ခံလာရပြီး၊ ဒီမိုကရေစီလှုပ်ရှားမှုတွေရဲ့ ဖိအားအောက်မှာ နောက်ဆုံး ချန်ကေရှိတ်ရဲ့ သား ချန် ချင်ကို လက်ထက်မှာတော့ ဒီမိုကရေစီ အသွင်ကူးပြောင်း တာတွေကို စတင်ခွင့်ပြုခဲ့ရပါတယ်။ အဲဒီကနေ တဖြည်းဖြည်းနဲ့ ၂၀၀၀ ခုနှစ်မှာတော့ ကိုမင်တန်မဟုတ်တဲ့ ပထမဆုံး ထိုင်ဝမ် သမ္မတ ချန်ရွှေဗျန်း အာဏာရလာခဲ့ပါတယ်။

တရုတ်နဲ့ ထိုင်ဝမ်ကြား ဆက်ဆံရေးတွေက ၁၉၈၀ နှစ်တွေ တဝိုက်မှာ တိုးတက်ခဲ့ ပါတယ်။ တရုတ်က တစ်နိုင်ငံ စနစ် နှစ်မျိုးကျင့်သုံးပြီး ပြန်လည်ပေါင်းစည်းရေးကို လက်ခံမယ် ဆိုရင် ထိုင်ဝမ်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေး အတော်များများပေးထားမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

ဟောင်ကောင်ကို ကမ်းလှမ်းခဲ့တဲ့ စနစ် ပုံစံမျိုးပါ။ ထိုင်ဝမ်မှာတော့ အဲဒီကမ်းလှမ်းမှုကို ပယ်ချခဲ့ကြပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်အနေနဲ့ သူတို့ဆီကနေ တရုတ်ကို သွားလည်ကြ တာ၊ သွားပြီး ရင်းနှီးမြှုပ်နှံကြတာကို လိုက်လိုက်လျောလျော ရှိခဲ့ပါတယ်။

၁၉၉၁ မှာ ထိုင်ဝမ်ဟာ ပြည်မက တရုတ်အစိုးရနဲ့ သူတို့ကြား ဖြစ်နေတဲ့စစ်ပွဲ ပြီးဆုံးသွားပြီ လို့တောင် ကြေညာခဲ့ပါတယ်။

လွတ်လပ်ရေးလို့ ပေါ်ပေါ်ထင်ထင် ထောက်ခံပြောဆိုနေတဲ့ ချန်ရွှေဗျန်း ၂၀၀၀ ခုနှစ် ထိုင်ဝမ်ရွေးကောက်ပွဲမှာ အရွေးချယ်ခံရတဲ့ အခါမှာ ဘေဂျင်းအစိုးရအဖို့ သတိပေး ခေါင်းလောင်းထိုးသံကို ကြားလိုက်ရသလိုပါ။

မစ္စတာချန် ၂၀၀၄ ခုနှစ်မှာ ပြန်အရွေးချယ်ခံရတဲ့နောက် တရုတ်က ၂၀၀၅ ခုနှစ်မှာ ခွဲထွက်ခွင့် မရှိ ဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေကတော့ တကယ်လို့ ထိုင်ဝမ်က တရုတ်ကနေ ခွဲထွက်ဖို့ ကြိုးစားရင် ငြိမ်းချမ်းစွာ မဖြေရှင်းတဲ့ နည်းကို သုံးပြီး တရုတ် က ဖြေရှင်းလို့ရတယ် ဆိုတာကို ခွင့်ပြုထားတာပါ။

၂၀၀၈ ခုနှစ်မှာ မာရင်ဂျိုး အာဏာရခဲ့ပြီး ထိုင်ဝမ်နဲ့ တရုတ်အကြား စီးပွားရေး သဘောတူညီမှုတွေကနေတဆင့် ဆက်ဆံရေးတိုးတက်ဖို့ ကြိုးစားခဲ့ပါတယ်။

၂၀၁၆ ရွေးကောက်ပွဲမှာတော့ ကိုမင်တန်ပါတီက အဲရစ် ချူးကို အနိုင်ရကာ ဆိုင်ယင်ဝမ် သမ္မတဖြစ်လာပါတယ်။ သူ့ရဲ့ ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ (Democratic Progressive Party - DPP) က တရုတ်ဆီကနေ လွတ်လပ်ရေးကို တဖြည်းဖြည်း ရယူသွားမယ်ဆိုတဲ့ ရှုမြင်ချက်ရှိပါတယ်။

ဒေါ်နယ်ထရမ့် ၂၀၁၆ ရွေးကောက်ပွဲမှာ အနိုင်ရ၊ သမ္မတဖြစ်လာတဲ့နောက် အမေရိကန်ဟာ ထိုင်ဝမ်ကို ကာကွယ်ရေး လက်နက်တွေ ထောက်ပံ့မယ်လို့ သဘောတူခဲ့သလို၊ ထိုင်ဝမ်အပေါ် တရုတ်က တိုက်ခိုက်မှု လုပ်ရင် "အကြီးအကျယ် အလေးထားစိုးရိမ်စရာတွေ" ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

၂၀၁၈ ခုနှစ် တလျောက်လုံး နိုင်ငံတကာ ကုမ္ပဏီတွေကို ထိုင်ဝမ်ဟာ သူတို့နိုင်ငံရဲ့ အစိတ်အပိုင်းဆိုတာကို သူတို့ဆိုင်ရာ ဝက်ဆိုဒ်တွေမှာ ဖော်ပြဖို့ တရုတ်က ဖိအားပေး သလို၊ အဲဒါကို မလိုက်နာရင် တရုတ်နဲ့ စီးပွားရေး မလုပ်ဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။

၂၀၂၀ မှာ မစ္စ ဆိုင် ဒုတိယ သမ္မတ သက်တမ်း အောင်ပွဲရပြန်ပါတယ်။ အဲဒီအချိန်ကာလ ဟောင်ကောင်မှာ ဖြစ်နေတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ အပေါ် ဖိနှိပ်နေမှုတွေက ထိုင်ဝမ်သူ ထိုင်ဝမ်သား အများအဖို့ အဲဒီမှာ ပြီးရင် အဲဒါတွေ သူတို့ဆီမှာ ဖြစ်လာမှာကို စိုးရိမ်ကြပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း ဝါရှင်တန်ကနေ လက်ထောက် ဝန်ကြီး တစ်ယောက်ကို စေလွှတ်ခဲ့ပြီး ဒါဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ထိုင်ဝမ်ကို အမေရိကန်ကသွားတဲ့ အဆင့်အမြင့်ဆုံး အစိုးရအရာရှိပါ။ တရုတ်အစိုးရက အဲဒီ ခရီးစဉ်ကို အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

သမ္မတ ဘိုင်ဒန် အစိုးရသစ်က ထိုင်ဝမ်ကို ပေးထားတဲ့ ကတိတွေအပေါ် အခိုင်အမာ ရှိတယ်လို့ ပြောထားပါပြီ။

ထိုင်ဝမ်မှာ လွတ်လပ်ရေးကို ဘယ်လောက်အလေးထားလဲ

တရုတ်နဲ့ ထိုင်ဝမ်အကြား နိုင်ငံရေး တိုးတက်မှုက နှေးကွေးနေပေမယ့် လူတွေအကြား၊ စီးပွားရေးတွေအကြား ဆက်ဆံရေးတွေက ထိုးပြီးတက်နေတာပါ။ ထိုင်ဝမ်ကုမ္ပဏီတွေ တရုတ်မှာ ရင်းနှီးမြှုပ်နှံထားတာ တန်ဖိုး ဒေါ်လာ ၆၀ ဘီလျံရှိနေပြီး၊ ထိုင်ဝမ်က လူပေါင်း ၁ သန်းလောက်ထိ ပြည်မကြီးမှာ နေထိုင်ကြတာပါ၊ သူတို့ထဲက အများ အပြားက ထိုင်ဝမ်ကနေ သွားဖွင့်ထားတဲ့ စက်ရုံတွေကိုလည်ပတ်နေကြတာပါ။

တချို့ထိုင်ဝမ်တွေက တရုတ်အပေါ် စီးပွားရေးအရ မှီခိုလာရတာကို စိုးရိမ်ပါတယ်၊ တချို့ကတော့ စီးပွားရေးအရ နီးစပ်နေတော့ တရုတ်က သူ့စီးပွားရေးလည်း ထိခိုက်မှာကို စိုးရိမ်ပြီး သူ့စစ်တပ်ကို သုံးဖို့စဉ်းစားတာ နည်းသွားလိမ့်မယ်လို့ မြင်ကြ ပါတယ်။

အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP)က တဖြည်းဖြည်းနဲ့ ထိုင်ဝမ် လွတ်လပ်ရေးကို ရှေ့ရှုသွားမယ်လို့ ပိုင်းဖြတ်ထားပြီး ကိုမင်တန်ပါတီ ကတော့ တဖြည်းဖြည်း တရုတ်နဲ့ ပြန်လည်ပေါင်းစည်းရေး လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီအမြင်တွေအပေါ် လူထု ဆန္ဒယူရင်လည်း တဖက်နဲ့ တဖက် မတိမ်းမယိမ်းသာကွာ ပါတယ်။ အများစုက အလယ်မှာပဲ ရပ်ကြပါတယ်။

သူတို့ဟာ တရုတ်မဟုတ်ဘူး၊ ထိုင်ဝမ်လို့ ခံစားလာတဲ့ ထိုင်ဝမ်သူ၊ ထိုင်ဝမ်သားတွေ ပိုတိုးများ လာတာတော့ရှိပါတယ်။

ထိုင်ဝမ်ရွေးကောက်ပွဲတွေမှာ စီးပွားရေး အခြေအနေတွေဖြစ်တဲ့ ဆင်းရဲချမ်းသာ ကွာဟမှုတွေ၊ အိမ်ခြံမြေစျေးတက်လာတာတွေ စတဲ့ အရေးတွေကို ကြည့်ပြီး လူထုက မဲထည့်ကြတာများပါတယ်။