ပျောက်ကွယ်ခါနီး ဟောင်ကောင်သတင်းစာဆိုင်လေးတွေက ပြောပြနေတဲ့ အပြောင်းအလဲ ရာဇဝင်

ဂရေ့စ် ဆွိုင်

ဘီဘီစီ သတင်းဌာန

No caption

ဟောင်ကောင်က လမ်းထောင့်တွေမှာ သတင်းစာဆိုင်လေးတွေ တွဲဖက်ရှိနေတဲ့ နှစ်လိုဖွယ် မြင်ကွင်းက ဆယ်စုနှစ်ပေါင်းများစွာ ရှိလာခဲ့တာဖြစ်ပြီး လွတ်လပ်သောမီဒီယာဆိုတဲ့ ဂုဏ်ယူဖွယ်ရာ ပုံရိပ်ကို ဖော်ကျူးပြသလာခဲ့တာပါ။

အခိုင်အမာရှိပြီးသား သတင်းစာကြီးတွေဖြစ်တဲ့ ဥပမာ - South China Morning Post (SCMP) လို သတင်းစာတွေက အစ၊ တရုတ်ဘာသာနဲ့ထုတ်ဝေတဲ့ တက်ဘလွိုက် သတင်းစာတွေ မကျန်၊ တရုတ် နိုင်ငံခေါင်းဆောင်တွေရဲ့ ဘဝဇာတ်လမ်းတွေကို စိတ်ကူးဇာတ်လမ်းလဲထိုး၊ ချဲ့ကားတာ တွေလဲထည့်ပြီး ရေးထားကြတဲ့ စာအုပ်တွေအဆုံး ဒီဆိုင်လေးတွေကရောင်းပါတယ်။

နှစ်ပေါင်းများစွာအတွင်း သူတို့ကြုံလာခဲ့ရတဲ့ ဇာတ်လမ်းတွေက ဟောင်ကောင်ရဲ့ မီဒီယာလောက အပြောင်းအလဲတွေကို ဖော်ပြနေတာပါ၊ အထူးသဖြင့် ပြင်းထန်တဲ့ အမျိုးသားလုံခြုံရေးဥပဒေ ရောက်လာပြီးတဲ့နောက် သတင်းထောက်တွေအနေနဲ့ နောက်ထပ်စိန်ခေါ်မှုတွေကြုံနေရတဲ့ ဒီလို အချိန်မှာပေါ့။

သတင်းစာအရောင်းမြှင့်တင်ရေး ဗျူဟာ

အစပိုင်းကာလတွေမှာ သတင်းစာဆိုတာက ဆိုင်ပေါ်တင်ရောင်းကြတာမဟုတ်ပါဘူး၊ သတင်းစာ မှာယူတဲ့သူတွေဆီကို ပို့ပေးကြတာပါ။

ဟောင်ကောင်မြို့မှာ သတင်းစာဆိုင်စဖွင့်တာက ၁၉၀၄ ခုနှစ်ကပါ၊ အဲဒီကာလမှာ အသစ်ထောင် လိုက်တဲ့ SCMP သတင်းစာတိုက်ရဲ့ အရောင်းမြှင့်တင်ရေး ဗျူဟာအရ အဲဒီသတင်းစာဆိုင်ကို စတင်ဖွင့်လှစ်တာလည်းဖြစ်ပါတယ်။

ဟောင်ကောင်သတင်းစာဆိုင်လေးတွေရဲ့ သမိုင်းအကြောင်း စာအုပ် တစ်အုပ်ရေးခဲ့တဲ့ တရုတ် တက္ကသိုလ် (ဟောင်ကောင်)က ဒေါက်တာ ချောင် ယက်ဆစ်ခ်ရဲ့ အဆိုအရ တခြားနိုင်ငံက ရောက်လာနေထိုင်ကြသူတွေ၊ နိုင်ငံခြားသားခရီးသည်တွေအပါအဝင် သတင်းစာဖတ်ဖို့ စိတ်ဝင်စားနိုင်မဲ့သူတွေကို ဒီဆိုင်ကနေ တစ်ဆင့် ဆွဲဆောင်ဖို့ ရည်ရွယ်ခဲ့ကြတာလို့ သိရပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, Chong Yuk Sik

ကိုလိုနီခေတ်အစောပိုင်းကာလအတွင်း တရုတ်လူမျိုးတွေ နေထိုင်ခွင့်မပြုဘဲ နိုင်ငံခြားသား ကြေးရတတ်တွေသာ နေထိုင်တဲ့အရပ်ထဲက ပိခ် ထရမ် ရထားဘူတာရုံ ဘေးနားမှာ ဒီဆိုင်ကို ဖွင့်ခဲ့ကြပါတယ်။

SCMPကိ သတင်းစာတိုက်ကို ပူးတွဲတည်ထောင်သူ စီစန်တိုင်ဟာ ချင်မင်းဆက် (၁၉၁၁ မှာ ပျက်သုဉ်းသွား)ကို ဖြုတ်ချလိုတဲ့ တော်လှန်ရေးသမားတစ်ယောက်ဖြစ်ပြီး အဲဒီရည်ရွယ်ချက်ကို အထောက်အကူပေးဖို့အတွက် သတင်းစာတိုက်ကို ထူထောင်ခဲ့တာပါ။

တစ်မူထူးခြားတဲ့ လွတ်လွတ်လပ်လပ် သတင်းမီဒီယာ

တရုတ်ပြည်မကြီးမှာ ကွန်မြူနစ်ပါတီ ထိန်းချုပ်သွားတဲ့ ၁၉၄၉ ခုနှစ် နောက်ပိုင်း ဟောင်ကောင် မီဒီယာတွေဟာ နိုင်ငံရေးအရ ပိုထင်ရှားလာခဲ့ပါတယ်။

ဒေသတွင်းတခြားနိုင်ငံတွေနဲ့ မတူဘဲ ဟောင်ကောင် ကိုလိုနီအစိုးရဟာ မီဒီယာလွတ်လပ်ခွင့်ပိုင်းမှာ လျှော့ပေါ့ပေးခဲ့တဲ့တွက် နိုင်ငံရေးအယူဝါဒစုံကို လွှမ်းခြုံတဲ့ သတင်းစာတွေ ဟောင်ကောင်မှာ လွယ်လင့်တကူ ရနိုင်ခဲ့ပါတယ်။

တရုတ်ဘာသာစကားပြော နိုင်ငံတွေထဲမှာ ဟောင်ကောင်က အလွတ်လပ်ဆုံးဖြစ်ခဲ့ပြီး သူ့ သတင်းစာ ဆိုင်လေးတွေက အဲဒါကို သက်သေပြခဲ့ပါတယ်။

အစိုးရစည်းမျဉ်းတွေအရ သတင်းစာဆိုင်တွေမှာ သတင်းစာနဲ့ မဂ္ဂဇင်းတွေအပြင် အခြားရောင်းကုန်ပစ္စည်း ၁၂ မျိုးကိုသာ ရောင်းချနိုင်
ဓာတ်ပုံ ပုံစာ, အစိုးရစည်းမျဉ်းတွေအရ သတင်းစာဆိုင်တွေမှာ သတင်းစာနဲ့ မဂ္ဂဇင်းတွေအပြင် အခြားရောင်းကုန်ပစ္စည်း ၁၂ မျိုးကိုသာ ရောင်းချနိုင်

နောက်ဆယ်စုနှစ် ၂ စုအကြာမှာတော့ တရုတ်ဘာသာနဲ့ ထုတ်တဲ့ စာစောင်တွေဟာ သတင်းစာဆိုင်လေးတွေမှာ ပလူပျံခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဖြစ်လာခဲ့တဲ့ နိုင်ငံရေး မငြိမ်မသက်မှုတွေဆီကနေ တိမ်းရှောင်ဖို့အတွက် ဟောင်ကောင်ကို အများအပြားရောက်လာခဲ့ကြတဲ့ ခိုလှုံသူ မိသားစုတွေရဲ့ သားသမီးကလေးငယ်တွေအတွက်ကြောင့်လည်း ဒီလိုတရုတ်ဘာသာ စာစောင်တွေ များလာတာပါ။

စီးပွားရေး ထိုးတက်အောင်မြင်လာတဲ့ အချိန်နဲ့လည်းကြုံနေတဲ့ ၁၉၇၀ နှစ်တွေအတွင်း ဒီကလေးတွေ လူလားမြောက်ခဲ့ကြပါတယ်။ ဒေါက်တာ ချောင်က သူတို့ဟာ ဟောင်ကောင်ရဲ့ ပကတိ ပင်ကိုယ် လက္ခဏာတစ်ခု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ရဲ့ ပညာရေး အဆင့်အတန်းက သူတို့အရင် မျိုးဆက်ထက် ပိုမြင့်လာတယ်၊ သူတို့ဟာ သူတို့ရဲ့မြို့ကို ပိုပြီး ဂရုထားလာကြတယ်။"

သူတို့ကို ဟောင်ကောင်သူ ဟောင်ကောင်သားတို့ရဲ့ ပထမ မျိုးဆက်အဖြစ် သဘောထားကြ ပါတယ်။

ထွန်းလင်းတောက်ပ တက်လာတဲ့ ကာလ

၁၉၈၀ နှစ်တွေ၊ ၁၉၉၀ နှစ်တွေအတွင်းမှာ ဟောင်ကောင် သတင်းစာ လုပ်ငန်း ရွှေခေတ်ကို ရောက်ခဲ့ပြီး သတင်းတွေက ဟောင်ကောင်အရေးတွေ တင်မက ပြည်မကြီးက နိုင်ငံရေး သတင်းတွေကိုလည်း အာရုံစိုက်ခဲ့ကြပါတယ်။ ၁၉၉၇ ခုနှစ် နောက်ပိုင်းကျရင် ဟောင်ကောင်ရဲ့ အချုပ်အခြာအာဏာအရေး ဘယ်သို့ရှိလာမယ်ဆိုတာကို တရုတ်နဲ့ ဗြိတိန်တို့ ညှိနှိုင်းနေခဲ့ကြပြီး ဟောင်ကောင်သူ ဟောင်ကောင်သားတွေအနေနဲ့ သူတို့မြို့ရဲ့အနာဂတ်ကို တိုးတိုး စိုးရိမ်လာတဲ့ ကာလတွေဖြစ်ပါတယ်။

၁၉၉၇ မှာ ဟောင်ကောင်ကို တရုတ်ဆီကိုပြန်လွှဲပြောင်းပေးရင်သူတို့ကျွန်းလေးရဲ့ အနာဂတ်က ဘယ်လိုရှိလာမလဲဆိုတဲ့ သတင်းတွေကို စိတ်ဝင်စားခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၁၉၉၇ မှာ ဟောင်ကောင်ကို တရုတ်ဆီကိုပြန်လွှဲပြောင်းပေးရင်သူတို့ကျွန်းလေးရဲ့ အနာဂတ်က ဘယ်လိုရှိလာမလဲဆိုတဲ့ သတင်းတွေကို စိတ်ဝင်စားခဲ့ကြ

၁၉၉၀နှစ်တွေအတွင်း ဟောင်ကောင်မြို့အနှံ့မှာ သတင်းစာဆိုင်ပေါင်း ၂၅၀၀ လောက်ရှိခဲ့ပါတယ်။ ဒီဆိုင်လေးတွေက တရုတ်ဘာသာ သတင်းစာ ၁၈ စောင်နဲ့ အင်္ဂလိပ်ဘာသာ သတင်းစာ နှစ်စောင်ကို ရောင်းခဲ့ကြပြီး၊ ဟောင်ကောင် သတင်းစာရောင်းသူများ အသင်း ဒု ဥက္ကဋ္ဌ လမ် ချောင်ဖူ ရဲ့အဆိုအရ ရောင်းအားအကောင်းဆုံး သတင်းစာဆိုင်တစ်ဆိုင်ဟာ နေ့စဉ် သတင်းစာ စောင်ရေ တစ်ထောင် ကျော် ရောင်းခဲ့ရတယ်လို့ သိရပါတယ်။

"သတင်းစာ အစောင်တိုင်းက သူ့မူပိုင်ဟန်နဲ့ သူရှိခဲ့ကြတယ်၊ စျေးကွက်ကလည်း အကြီးကြီးပဲ၊ ဒီတော့ သတင်းစာကြီးကြီး ငယ်ငယ် သူ့ထူးခြားမှုနဲ့ သူရှိပြီး အားလုံးရှင်သန်နိုင်ခဲ့ကြတယ်"လို့ မစ္စတာ လမ်က ပြောပါတယ်။

ဒီဆိုင်လေးတွေမှာ သတင်းစာတွင်သာမကပါဘူး။ အမျိုးသမီးတွေ၊ လူငယ်တွေကြား လူကြိုက်များတဲ့ မဂ္ဂဇင်းမျိုးစုံ၊ ဒေသတွင်း ရုပ်ပြကာတွန်း မျိုးစုံ၊ ဂျပန် ရုပ်ပြကာတွန်းစတဲ့ စာစောင်အမျိုးမျိုးကို တင်ရောင်းခဲ့ကြပါတယ်။

နောက်ပိုင်း ၁၉၉၅ ခုနှစ်ထဲမှာတော့ စီးပွားရေးသမား ဂျင်မီ လိုင်းမ်ရဲ့ အက်ပဲလ် နေ့စဥ်သတင်းစာ ထွက်လာပါတယ်။

အက်ပဲလ် နေ့စဉ်သတင်းစာက စျေးနှုန်း သက်သက်သာသာထားပြီး စျေးကွက်ထဲမှာ အပြိုင်အဆိုင်ကြဲခဲ့တဲ့နောက် သတင်းစာအတော်များများ ရပ်သွားခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အက်ပဲလ် နေ့စဉ်သတင်းစာက စျေးနှုန်း သက်သက်သာသာထားပြီး စျေးကွက်ထဲမှာ အပြိုင်အဆိုင်ကြဲခဲ့တဲ့နောက် သတင်းစာအတော်များများ ရပ်သွားခဲ့ရ

"အက်ပဲလ် နေ့စဉ်က အများနဲ့မတူတဲ့ ပုံစံနဲ့ ထွက်လာခဲ့တာ"လို့ မစ္စတာ လမ်က ဆိုပါတယ်။ "သူ့ သတင်းစာ အပြင်အဆင်က အဲဒီအချိန်က ပုံမှန် သတင်းစာတွေနဲ့ မတူဘူး၊ တခြားနိုင်ငံတွေက တက်ဘလွိုက် သတင်းစာတွေကို အတုခိုးပြီး လုပ်တာပါ၊ သတင်းရေးတဲ့ အခါမှာ သုံးတဲ့ စကားလုံးတွေကလည်း စိတ်ဝင်စားစရာကောင်းတယ်၊ ဒါ့ကြောင့် သတင်းစာဖတ်သူတွေက ဒါ တစ်မျိုးဆန်းသစ်တယ်ဆိုပြီး လက်ခံအားပေးခဲ့ကြတာ။"

အက်ပဲလ် သတင်းစာ စထုတ်တဲ့နေ့မှာပဲ စောင်ရေနှစ်သိန်းနှစ်သောင်းရောင်းထွက်ခဲ့ပြီး သတင်းစာဆိုင်လေး တွေအတွက်လည်း အကျိုးဖြစ်ခဲ့ပါတယ်။ ဒီသတင်းစာဟာ သတင်းစာ ထုတ်ဝေရေးလုပ်ငန်းကို အကြီးအကျယ် ပြောင်းလဲစေခဲ့တယ်လို့ မှတ်ယူခဲ့ကြပါတယ်။

ဒါပေမဲ့ အက်ပဲလ်နေ့စဥ်ဟာ စိတ်လှုပ်ရှားစရာ အံ့သြစရာတွေကို အသားပေးတဲ့ သတင်းတွေ၊ ပါပါရာဇီ သတင်းတွေကို အများကြီးထည့်တာမို့ ဝေဖန်တာတွေနဲ့လည်း အများကြီး ကြုံခဲ့ရသလို အငြင်းပွားစရာလည်း ခဏခဏဖြစ်ခဲ့ပါတယ်။

ဒီရေ ကျတဲ့ကာလ

ဒါပေမဲ့ သတင်းစာဆိုင်လေးတွေရဲ့ ဘဝအခြေအနေ ပြောင်းလဲလာဖို့ ဖြစ်လာပါတယ်။ ၂၀၀၀ ခုနှစ်တွေ အစောပိုင်းမှာ သတင်းစာတွေကို အခမဲ့ဝေတာတွေ စဖြစ်လာပါတယ်၊ ဒီလိုဝေတာက ၂၀၁၀ လောက်မှာ သိပ်ကိုရေပန်းစားလာပြီး သတင်းစာဆိုင်လေးတွေရဲ့ ဝင်ငွေထိခိုက်လာခဲ့ ပါတယ်။

နောက်ထပ် ၁၀နှစ် ဒစ်ဂျစ်တယ် မီဒီယာခေတ် ထွန်းကားလာတဲ့အချိန်မှာတော့ သတင်းစာဆိုင် လေးတွေရဲ့ အခန်းကဏ္ဍက ပိုမှိန်လာပါတယ်။

သတင်းစာဆိုင်လေးတွေရဲ့ ပုံပန်းသွင်ပြင်က ၁၉၅၀ နှစ်တွေက ပုံတွေအတိုင်း သိပ်ထူးထူး ခြားခြား ပြောင်းလဲတာမျိုး မရှိခဲ့
ဓာတ်ပုံ ပုံစာ, သတင်းစာဆိုင်လေးတွေရဲ့ ပုံပန်းသွင်ပြင်က ၁၉၅၀ နှစ်တွေက ပုံတွေအတိုင်း သိပ်ထူးထူး ခြားခြား ပြောင်းလဲတာမျိုး မရှိခဲ့

တရုတ် တက္ကသိုလ် (ဟောင်ကောင်) က ဒီနှစ်အတွင်း ပြုလုပ်တဲ့ သုတေသန တစ်ခုအရ ၂၀၂၀ ခုနှစ်အတွင်းမှာ ဟောင်ကောင်သူ ဟောင်ကောင်သား ၇၀% ကျော်ဟာ သတင်းတွေကို သူတို့ရဲ့ စမတ်ဖုန်းထဲက အက်ပ်တွေက တစ်ဆင့်ရယူခဲ့ကြတယ်ဆိုတာကို သိရပါတယ်။

ရှေးရိုးစွဲ သတင်းစာတိုက် တချို့က အပြောင်းအလဲမလုပ်ဘဲ ဆက်လက်ထုတ်ဝေ ချီတက်နေစဉ်မှာပဲ အသစ်တွေ အဖြစ်ပေါ်ထွန်းခဲ့ကြတဲ့ Stand News လို Hong Kong Free Press လို သတင်းစာတွေ အပါအဝင် အသစ်လုပ်ချင်ကြတဲ့ သတင်းစာတိုက်တွေက အွန်လိုင်းက သတင်းဖြန့်တာ စလုပ်လာ သလို ပုံနှိပ်ပြီး ဖြန့်တာကိုလဲ ဆက်ထိန်းထားပါတယ်။

ဒါပေမဲ့ ဟောင်ကောင် သတင်းထောက်များ အသင်းရဲ့ ဥက္ကဋ္ဌ ခရစ်စ် ယန်းက လွတ်လပ်တဲ့ အွန်လိုင်း မီဒီယာတွေ ပေါ်ထွန်းလာတယ်ဆိုတာဟာ နည်းပညာအပြောင်းအလဲကြောင့် ဖြစ်လာတာပဲလို့ ယတိပြတ် မဆိုနိုင်ကြောင်းနဲ့ တရုတ်ပြည်မနဲ့ ဆက်စပ်ပြီး စီးပွားရေး အကျိုးအမြတ်လိုချင်ကြတဲ့ အဓိက မီဒီယာကုမ္ပဏီပိုင်ရှင်တွေက ကိုယ့်ဘာသာကိုယ် ဆင်ဆာဖြတ်နေကြတာကို တုံ့ပြန်တဲ့အနေနဲ့ ပေါ်လာကြတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဆင်ဆာရှိနေတာ ကိုယ်၌သည်ပင် သတင်းစာဆိုင်လေးတွေအတွက် ပိုကောင်းမဲ့ ဘစ်ဇနက် အကြံအစည်တစ်ခု ထွက်လာဖို့ တွန်းအားပေးခဲ့တဲ့ပုံရပါတယ်။

"ပိတ်ပင်တာတွေ" ကိုရောင်းမဲ့ ဘစ်ဇနက်ပုံစံ

ခရီးသွားဧည့်သည်တွေ အလာများတဲ့ ဆင်မ်ရှာဆု အရပ်က ချွမ်တက်ဝင် သတင်းစာဆိုင်က လာဘ်စားတဲ့ အရာရှိတွေ ကွန်မြူနစ်ပါတီနဲ့ ချကြပုံ ကျော်မကောင်း ကြားမကောင်းတွေကို ရေးထားတဲ့ စာအုပ်တွေ၊ တရုတ်ခေါင်းဆောင်တွေရဲ့ ကိုယ်ပိုင်ဘဝ အတွင်းရေးတွေကို ရေးထားတဲ့ စာအုပ်တွေ စတဲ့ စာအုပ်မျိုးတွေကိုစပြီးရောင်းတဲ့ ဆိုင်တွေထဲက တစ်ဆိုင်ပါ။

ဝယ်သူတွေထဲမှာ အများစုက အဲဒီလို စာအုပ်တွေကို ပိတ်ပင်ထားတဲ့ တရုတ်ပြည်မကြီးကနေ လာလည်ကြတဲ့ ခရီးသွားတွေပါ။

ပြည်မကြီးကလာတဲ့ ခရီးသည်တွေ အကြိုက်များတဲ့ စာအုပ်တွေက တရုတ်နိုင်ငံရေး လောကက ကျော်မကောင်း ကြားမကောင်းအဖြစ်တွေကို ရေးထားတဲ့ စာအုပ်တွေဖြစ်
ဓာတ်ပုံ ပုံစာ, ပြည်မကြီးကလာတဲ့ ခရီးသည်တွေ အကြိုက်များတဲ့ စာအုပ်တွေက တရုတ်နိုင်ငံရေး လောကက ကျော်မကောင်း ကြားမကောင်းအဖြစ်တွေကို ရေးထားတဲ့ စာအုပ်တွေဖြစ်

"အရောင်းရဆုံး ကာလတွေမှာဆိုရင် တစ်လကို အုပ်ရေ ၁၀၀၀ ကနေ ၂၀၀၀ အထိရောင်းရတယ်" လို့ မစ္စတာ ချွမ်က ပြောပါတယ်။ ဗြိတိသျှ စီးပွားရေးသမားကို သတ်ဖြတ်တယ်ဆိုတဲ့ အမှုနဲ့ စွပ်စွဲကာ အပြစ်ကျခံရတဲ့ အမျိုးသမီးရဲ့ ခင်ပွန်း တရုတ် နိုင်ငံရေးသမား ဘို ရှီလိုင်း ရာထူးကနေ ဆင်းရတဲ့ ဇာတ်လမ်းကို ရေးထားတဲ့ စာအုပ် ဆိုရင် ရောင်းအကောင်းဆုံးတွေထဲမှာ ပါတယ်လို့လည်း သူက ဆိုပါတယ်။

"ပြည်မကြီးကနေ ဟောင်ကောင်ကို ကားနဲ့ လာပြီး ဒီစာအုပ်ကို ဝယ်တဲ့သူတွေ အများကြီးပဲ။ စာအုပ် ၂၀၊ ၃၀ လောက်ကို ကတ်စက္ကူပုံးထဲထည့်ပြီး သူတို့ဆီပို့ရတယ်၊ ဟိုတယ်တွေကို ပို့ရတယ်"၊ "ရှန်ဇင်းပြည်နယ်ကိုတောင် ဒီစာအုပ်တွေကို ပို့ရတာ" လို့ သူကပြောပါတယ်။

စာအုပ်တွေ နယ်စပ်ကျော်ပြီးသွားနေတယ်ဆိုတာကို အာဏာပိုင်တွေက မသိတာ မဟုတ်ဘူးဆိုတာ လူတိုင်းသိကြပါတယ်၊ ဒါပေမဲ့၂၀၁၅ ခုနှစ် နှောင်းပိုင်းမှာ Causeway Bay စာအုပ်ဆိုင်က ဝန်ထမ်း ၅ ယောက် ဘာအရိပ်အယောင် မှ ကြိုမမြင်ရဘဲ ပျောက်ဆုံးသွားတဲ့အခါကျမှ ဘေဂျင်းအစိုးရရဲ့ အာဏာ သက်ရောက်မှု ဘယ်လောက်ပြင်းသလဲဆိုတာကို သိကြရပါတော့တယ်။

အဲဒီ ၅ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ လမ် ဝင်ကီးက နောက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီး တရုတ်အာဏာပိုင်တွေက သူ့ကို တစ်ယောက်ထဲခွဲထားတဲ့ အချုပ်ခန်းမှာ ချုပ်ထားခဲ့တယ်ဆိုတာကို အတည်ပြုပြောခဲ့ပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာ အသက်ဝင်လာတဲ့ အမျိုးသား လုံခြုံရေး ဥပဒေကတော့ နောက်ဆုံး အပြီးသတ် ရိုက်နှက်ချက်ပါ။

"နိုင်ငံရေးစာအုပ်တွေ ပုံနှိပ်ထုတ်ဝေခွင့်မရှိတော့သလို သတင်းစာဆိုင်တွေမှာ ရှိနေသေးတဲ့ လက်ကျန် စာအုပ်တွေကို ထုတ်ဝေသူတွေက ပြန်လာသိမ်းယူသွားပါပြီ"လို့ မစ္စတာ ချွမ်က ဆိုပါတယ်။

"ထောင်ထဲရောက်သွားနိုင်တာမို့ ကျွန်တော်တို့ ဒီစာအုပ်တွေ ရောင်းဖို့ ဆိုတာကို စဉ်းတောင် မစဉ်းစားရဲတော့ပါဘူး။"

ရှင်သန်ကျန်ရစ်ဖို့ ရုန်းကန်နေရ

၂၀၁၈ ခုနှစ် မှာတော့ ဟောင်ကောင်တလွှားမှာ သတင်းစာဆိုင်ပေါင်း ၄၀၀ လောက်သာ ကျန်ပါ တော့တယ်။

သြဂုတ်လတွင်းက အက်ပဲလ် သတင်းစာတိုက် ဝင်အစီးခံရတာ၊ တိုက်ပိုင်ရှင် ဂျင်မီ လိုင်းမ် အဖမ်းခံရတာ စတဲ့သတင်းတွေထွက်လာတဲ့ အခိုက် သတင်းစာဆိုင်တွေမှာ ရောင်းအား ပြန်တက်ခဲ့ပါတယ်။

ဖြစ်ပြီးနောက်နေ့ မနက်အစောပိုင်းကတည်းက စပြီး လူတွေက ဆိုင်တွေမှာ တန်းစီကာ အက်ပဲလ် သတင်းစာကို ဝယ်ယူအားပေးခဲ့ကြပါတယ်။တချို့ဆို စောင်ရေများများ ပိုဝယ်ပြီး သူများကို အခမဲ့ ဝေပေးတာတောင် တွေ့ရပါတယ်။

ဒါပေမဲ့ ဒါမျိုးက နောက်ကြာရှည်ဆက်မရှိခဲ့ပါဘူး၊ သတင်းစာဆိုင်လေးတွေ ရောင်အား စိုက်ဆင်း လာနေတာကို ဒီအရေးက ရေရှည်မတားနိုင်ပါဘူး။

မစ္စတာ လမ်ရဲ့ အဆိုအရ ဆိုင်မှာ ရောင်းရငွေ ၇၀% က စီးကရက်ရောင်းတဲ့ ဆီက ရတာလို့ ဆိုပါတယ်။ သတင်းစာက ၁၀% သာအလုပ်ဖြစ်ပါတော့တယ်။

သတင်းစာဆိုင်လေးတွေမှာ မိုဘိုင်းဖုန်းကေဘယ်ကြိုးတွေ၊ ဘက်ထရီ အားသွင်းတဲ့ကြိုးတွေ၊ အဖျော်ယမကာတွေ တင်ရောင်းခွင့်ပြုဖို့ အစိုးရဆီကို သူ အကြိမ်ကြိမ်ပန်ကြားနေပါတယ်။ ဆိုင်ကို အီလက်ထရွန်နစ် မီးလေးတွေနဲ့ ဆင်၊ ခရီးသွားတွေအတွက်လိုအပ်မယ့် လမ်းညွှန်သတင်းလွှာတွေကို တင်ပြီး အပြောင်းအလဲလုပ်မှ အလုပ်ပြန်ဖြစ်မယ်လို့ သူက ယုံကြည်ထားပါတယ်။

"ဟောင်ကောင်မှာ သတင်းစာဆိုင်လေးတွေ ကွယ်ပျောက်သွားရင် သိပ်ကို နစ်နာစရာတွေ ဖြစ်ရပါလိမ့်မယ်"လို့ ဒေါက်တာ ချောင်က ပြောပါတယ်။

"ဟောင်ကောင်က လမ်းတွေရဲ့ ရှုခင်းထဲမှာ သတင်းစာဆိုင်လေးတွေက ပါကို ပါနေသင့်ပါတယ်"၊ "သတင်းစာဆိုင်လေးတွေက ရှုပ်ရှုပ်ပွပွဖြစ်နေတယ်လို့ တချို့က ထင်ကောင်းထင်မယ်။ ဒါပေမဲ့ မသပ်မရပ်ဖြစ်နေတာတွေ စီကာစဉ်ကာ ရှိနေတာကိုက ဟောင်ကောင်ဟာ အများနဲ့ မတူ တမူထူးတဲ့အသွင် ဖြစ်နေတာပါ။"

Illustrations ပုံများ ဖန်တီးသူ - Davies Surya