အမေရိကန် ရွေးကောက်ပွဲမှာ တရုတ်က ဘယ်သူ့ကို နိုင်စေချင်လဲ

    • ရေးသားသူ, ဂျွန် ဆတ်ဝတ်ဒ်
    • ရာထူးတာဝန်, ဘီဘီစီ၊ ဘေဂျင်းမြို့

တရုတ်ကွန်မြူနစ်ပါတီ အစိုးရအတွက် အမေရိကန် ရွေးကောက်ပွဲတွေဟာ စိတ်ဝင်တစားကြည့်စရာလဲ ဖြစ်စေသလို စိတ်အနှောင့်အယှက်ဖြစ်ရတာလဲ ဟိုးအရင်ကတည်းကပါ။

အမေရိကန် ရွေးကောက်ပွဲတွေဟာ ကမ္ဘာပေါ်မှာ ဒီမိုကရေစီနည်း အကျဆုံးပါလို့ ဆိုနေပေမဲ့ တရုတ်အစိုးရကတော့ အမြဲ အသေအချာ စောင့်ကြည့်နေလေ့ ရှိပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံ ကိုယ်တိုင်ရဲ့ နိုင်ငံရေးအနာဂတ်နဲ့ ပတ်သက်လို့တော့ တရုတ်ပြည်သူ တစ်ဘီလျံခွဲနီးပါးမှာ ရွေးချယ်စရာလမ်း မရှိသလောက် ဖြစ်ပြီး မီဒီယာ သတင်း ဖော်ပြခွင့်တွေကိုလည်း အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတာပါ။

ဒီတစ်ခေါက် ရွေးကောက်ပွဲ ကျင်းပမယ့်အချိန်မှာတော့ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဆက်ဖြစ်နေဆဲ ဖြစ်ပြီး စီးပွားရေးအလားအလာကလည်းမကောင်း၊ နိုင်ငံရေးအရလည်း သဘောကွဲလွဲမှုတွေ အကြီးအကျယ် ဖြစ်နေတာမို့ အရင်အခါတွေနဲ့မတူဘဲ အပြောင်းအလဲတွေရှိနေတယ်ဆိုတာကို တရုတ်တို့ သတိထားမိပါတယ်။

တရားနည်းလမ်းကျကျ အစဉ်အမြဲ မှန်ကန်မှုရှိပါရဲ့လားဆိုတဲ့ ဆန်းစစ်မှု အကျပ်အတည်းကို အခု ရုတ်ချည်း ရင်ဆိုင်လိုက်ရတာက တရုတ်ရဲ့အာဏာရှင်စနစ် မဟုတ်ပါဘူး၊ အနောက်ရဲ့ ဒီမိုကရေစီစနစ် ဖြစ်လာနေပုံ ရပါတယ်။

ကမ္ဘာ့အလွတ်လပ်ဆုံးနဲ့ အချမ်းသာဆုံး စီးပွားရေးနိုင်ငံကြီးဟာ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု စတာတွေ ပိုပြီးရှိတာမို့ ဗိုင်းရပ်စ်ပိုးကို တိုက်ရာမှာ ပိုကောင်းမွန်အောင်မြင်မယ်လို့ တစ်ချိန်က ယူဆထားခဲ့ကြပေမဲ့ ထင်သလို ဖြစ်မလာခဲ့ပါဘူး။

သူတို့ရဲ့ အားနည်းချက်တွေကို ဖော်ပြဖို့ အစပိုင်းမှာ ဖုံးကွယ်ခဲ့တယ်လို့ ထင်ခဲ့ရပေမဲ့ တရုတ်အစိုးရဟာ နိုင်ငံတဝန်း စုပေါင်းညီညာတဲ့အားကို သုံးပြီး ပြည်သူတွေ အမြောက်အများကို ကိုယ့်သဘောနဲ့ကိုယ် ဆေးစစ်၊ ကွာရန်တင်း ဝင်ကြအောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ရောဂါကူးစက်မှု တိုက်ဖျက်ရေးမှာ ထိရောက် အောင်မြင်ခဲ့ပါတယ်။

စက်ရုံ၊ ဈေးဆိုင်၊ စားသောက်ဆိုင်၊ စာသင်ကျောင်းနဲ့ တက္ကသိုလ် စတာတွေအားလုံး ပြန်ဖွင့်နေပြီး အများပြည်သူသုံး သွားလာရေးစနစ် အသုံးပြုသူ အရေအတွက်က ပျှမ်းမျှအောက် မဆိုစလောက်သာ နည်းသွားပါတယ်။ စီးပွားရေးက အခုနှစ်မှာ မကျသွားဘဲ ပိုတိုးလာမယ့်ပုံ ရှိနေပါတယ်။

ဒီလိုဆုံးဖြတ်ချက်တွေအားလုံးက ပြည်သူတွေ ငြင်းခုံဆွေးနွေး ပြောပိုင်ခွင့်တွေ လုံးဝမရှိစေဘဲ ချမှတ်ခဲ့တာပါ။ အကြီးအကျယ် ဆင်ဆာဖြတ်တောက်မှုတွေကို အသေအချာ လုပ်သလို၊ အစိုးရရဲ့ ဘယ်အဆင့်မှာပဲဖြစ်ဖြစ် ဆုံးဖြတ်မယ့်သူကို ဆန့်ကျင်တဲ့ မဲပေးခွင့် ဘယ်သူ့ဆီကိုမှ ပေးမထားပါဘူး။

တရုတ်ရဲ့ နိုင်ငံရေးစံတန်ဖိုးတွေ၊ ထိပ်ပိုင်းခေါင်းဆောင်တွေအပေါ် အမြင်ကွဲပြားမှုတွေ ထိုးဆင်းကျခဲ့ပြီး အရေးကြီး တစ်ခုခုကို ဆုံးဖြတ်လုပ်ရတော့မယ်ဆိုတဲ့အခြေအနေမှာ ထိပ်ပိုင်းက ချုပ်ကိုင်လုပ်ဆောင်တာက မှန်ကန်သင့်တော်ပါတယ်ဆိုတဲ့ အမြင်ကို ဂုဏ်ဖော်ပြောလာနိုင်စေပါတယ်။

အရင်လက လုပ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒီအောင်ပွဲရဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားတစ်ခုမှာ သမ္မတ ရှီကျင့်ဖျင်က "တရုတ်နိုင်ငံရဲ့ ကိုရိုနာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အဓိက သေနင်္ဂဗျူဟာအောင်ပွဲရတာကို ကြည့်ရင် တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်မှုက ထူးထူးခြားခြားအကျိုးပေးခဲ့တယ်ဆိုတာကို ဖော်ပြနေတယ်" လို့ ပြောခဲ့ပါတယ်။

အမေရိကန်မှာဖြစ်နေတဲ့ ဗိုင်းရပ်စ်ကူးစက်မှု ဆိုးနေတဲ့ အခြေအနေတွေ၊ ဒီလိုကာလမှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေ၊ ရွေးကောက်ပွဲ မဲဆွယ်တာတွေနဲ့ ပတ်သက်ပြီး သဘောထားကွဲပြားတာတွေ၊ ကသောင်းသနင်း ဖြစ်နေတာတွေ စတဲ့ သတင်းတွေကို နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့် ပေးပို့ရင်း အဲဒီသတင်းစကားကို ပါးနေပါတယ်။

ရွေးကောက်ပွဲမှာ ဘယ်သူပဲနိုင်နိုင် အမေရိကန်ရဲ့ နိုင်ငံရေးကိုက မကောင်းတာ၊ ကမ္ဘာ့စင်မြင့်မှာ အမေရိကန်ရဲ့ အာဏာနဲ့ ဩဇာတွေကျဆင်းနေပြီဆိုတာ စတာတွေကို သွယ်ဝိုက်ပြောပြနေပုံပါ။

တရုတ်ဟာ သူ့ရဲ့စနစ်အပေါ် တိုးတိုးပြီး စိတ်ချယုံကြည်နေတယ်ဆိုတာကို ဒီလအတွင်း ဘေဂျင်းမှာ လုပ်ခဲ့တဲ့ ကားပြပွဲမှာ လင်းလင်းလက်လက် တွေ့လိုက်ရတဲ့ ပုံရိပ် မြင်ကွင်းထက် ပိုပြီး နှိုင်းယှဉ်ဖော်ကျူးစရာ ရှာမတွေ့နိုင်ပါဘူး။

ဒီပြပွဲဟာ ကမ္ဘာ့ကပ် စတင်ချိန်ကတည်းက ပြန်ကြည့်ရင် ကမ္ဘာမှာ ပထမဆုံး ပြန်လုပ်တဲ့ကားပြပွဲ ဖြစ်ပြီး ကြီးကြီးကျယ်ကျယ် ကျင်းပခဲ့တာမို့ ဗိုင်းရပ်စ်ကို ဒီနိုင်ငံက အောင်ပွဲရခဲ့တယ်ဆိုတာကို သက်သေပြစရာ တစ်ခုပါ။

နှာခေါင်းစည်းမျက်နှာဖုံးတွေ တွေ့ရတာက လွဲလို့ မြင်ကွင်းက ဗိုင်းရပ်စ်မလာခင် အရင်ကာလတုန်းက လိုပါပဲ။

ဝယ်ဖို့၊ရောင်းဖို့၊ကုန်သွယ်ဖို့ ရောက်လာနေတဲ့ လူတွေက ကားတွေရဲ့ဘေးမှာ ခပ်ကျပ်ကျပ် ခပ်တိုတို ဝတ်စုံတွေဝတ်ထားတဲ့ (ဒါကတော့ ဟိုးအရင် ခေတ်ဟောင်းထဲကလိုပါပဲ) မော်ဒယ်တွေနဲ့အတူ ဓာတ်ပုံရိုက်ကြ၊ ကုမ္ပဏီပြခန်းတွေအကြား လှည့်လည်ကြည့်နေကြပါတယ်။

ဒီပြပွဲဟာ ကမ္ဘာ့ကပ်ဒီရေလှိုင်းထဲက တရုတ်ဟာ ရုန်းထွက်နိုင်တယ်ဆိုတဲ့ အစွမ်းကို ပြလိုက်တာလဲ ဖြစ်သလို ကမ္ဘာ့ကုန်သွယ်ရေးမှာ သူအသာစီးရဖို့ အတွက် ကောင်းကောင်း ထိန်းကျောင်း နိုင်တယ်ဆိုတာ ပြလိုက်တာလဲ ဖြစ်ပါတယ်။

ပြပွဲမှာ ပြထားတဲ့ ဈေးအကြီးဆုံး ကားတွေထဲက တစ်စီးဖြစ်တဲ့ သတ္တုရောင်တောက်ပတဲ့ အစိမ်းရောင်ကားက လျှပ်စစ်အားနဲ့ မောင်းတဲ့ကား ဖြစ်ပြီး ဒေါ်လာ ၈၀, ၀၀၀ တန်ပါတယ်။ ဒီကားကို တရုတ်ကုမ္ပဏီ ဟွန်ချီ (Hongqi) က ထုတ်လုပ်တာပါ။ တစ်ချိန်က ဒီကုမ္ပဏီဟာ ဆိုဗီယက် ဇိမ်ခံကားပုံစံတွေထုတ်ရာမှာ နာမည်ကျော်ဖူးပါတယ်။

ကားရှေ့ခုံက သားရေသားတွေကို ဆန်းစစ်ကြည့်နေတဲ့ လူတစ်ယောက်က "ကျွန်တော်တို့အနေနဲ့ ကိုယ့်နိုင်ငံက ထုတ်တဲ့ ကားအမျိုးအစားတွေကို အားပေးသင့်တယ်ဗျ" လို့ ကျွန်တော့်ကိုပြောပါတယ်။

တရုတ်နဲ့ ပြန်ပြီး ဆက်ဆံရေး တည်ဆောက်ခဲ့တဲ့ အမေရိကန် သမ္မတဟောင်း ရစ်ချတ် နစ်ဆင်ကိုလည်း ဒီနေရာမှာ ပြန်အမှတ်ရစေပါတယ်။

၁၉၇၂ တုန်းက သမိုင်းဝင်ခရီးစဉ်အဖြစ် ဘေဂျင်းကိုသူရောက်စဉ်က အစဉ်အလာ နိုင်ငံတော် အခမ်းအနားတွေမှာ သုံးတဲ့ ဟွန်ချီ (Hongqi) ကားနဲ့ သူ့ကို လိုက်ပို့ကြပါတယ်။ နောက် အနှစ် ၄၀ ကျော်အထိ ၂ နိုင်ငံကြား အဆင်ပြေနေကြတဲ့ ခရီးကို အဲဒီပြန်လည်စေ့စပ်တဲ့ ခရီးစဉ်က စခဲ့တာပါ။

ဒီလို ပြေလည်နေတာဟာ တရုတ်နိုင်ငံလဲ အကျိုးဖြစ်တယ်၊ နိုင်ငံတကာ ကုမ္ပဏီတွေလည်း အမြတ်ရမယ်၊ ဒါတွင်မက အမေရိကန်နဲ့ တခြား ကမ္ဘာ့နိုင်ငံတွေအတွက်လည်း အကျိုးရှိတယ်လို့ အမေရိကန် သမ္မတ အစဉ်အဆက်အားလုံး နီးပါးလောက်က အဲဒီအချိန်ကာလကတည်း လက်ခံလာခဲ့ကြတာပါ။

တစ်ကမ္ဘာလုံးကို ပိုကြွယ်ဝလာစေရုံမက၊ တရုတ်နိုင်ငံဟာ လွတ်လပ်တဲ့ ကမ္ဘာ့ဖြစ်စဉ်ဆီကို ရောက်လာကာ နိုင်ငံတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေကို လုပ်လာဖို့ ဖြစ်လာနိုင်တယ်လို့ မှန်းဆတာတွေ ဖြစ်လာခဲ့ပါတယ်။

လက်တွေ့မှာတော့ တရုတ်ဟာ သူတို့နည်း သူတို့စနစ်နဲ့ပဲ ကမ္ဘာ့စင်မြင့်မှာ နေရာပြန်ယူမယ်ဆိုတာကို တွေ့လိုက်ရပါတယ်။

၂၀၁၆ အမေရိကန် ရွေးကောက်ပွဲအချိန်က တရုတ်ဟာ ကမ္ဘာမှာ ဒုတိယအကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာသလို ကမ္ဘာမှာ ကုန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံဟာ ကုန်ထုတ်လုပ်မှု မူပိုင်ခွင့်တွေကို ခိုးယူရာမှာ လူ့သမိုင်းတလျောက်လုံး ပြန်ကြည့်ရင် အခိုးယူဆုံးနိုင်ငံအဖြစ် စွပ်စွဲခံနေရသလို ဒုတိယကမ္ဘာစစ် နောက်ပိုင်း လူမျိုးစုတစ်စုက လူတွေကို အများဆုံး ထိန်းသိမ်းအကျဉ်းချထားတဲ့နိုင်ငံလို့ ပြောနေကြတာပါ။

၂၀၁၆ အမေရိကန်ရွေးကောက်ပွဲအတွက် မဲဆွယ်ကြတဲ့အချိန်မှာတော့ တရုတ်နဲ့ ကုန်သွယ်တာမြှင့်တင်မယ်၊ ပိုပြီး ဆက်သွယ်ဆက်ဆံမယ်ဆိုတဲ့ အမြင်အပေါ် သဘောထားတူကြတာတွေ ပြိုကွဲသွားပါပြီ။

ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာတဲ့အခါ အမေရိကန် အလုပ်သမားတွေကို ပေးတဲ့ သူ့သတင်းစကားကတော့ တရုတ်နိုင်ငံဟာ စီးပွားရေး ဆူပါ ပါဝါ နိုင်ငံဖြစ်လာအောင် ကိုယ်ကျိုးစီးပွားကာကွယ်တဲ့ မူဝါဒကိုသုံးပြီး ကုန်သွယ်ရေး လွတ်လပ်ခွင့်အတွက် လုပ်ဆောင်ရမှာတွေကို မလုပ်ဘူး ဆိုတာပါ။

တရုတ်ကြောင့် အမေရိကန်အလုပ်သမားတွေ အလုပ်တွေပြုတ်ရတယ်၊ တရုတ်ကြောင့် အမေရိကန်အလုပ်သမားတွေရဲ့ ဘဝ ပိုကောင်းမလာဘူး၊ ပိုဆိုးလာတယ်။

အိမ်ဖြူတော်ကို သူသွားဖို့ မဲဆွယ်တဲ့ လမ်းတလျှောက် သူပါးတဲ့ သတင်းစကားက အဲဒီအတိုင်းပါ၊ အဲဒီ အချိန်ကတည်းက အရာရာတိုင်းဟာ အရင်နဲ့ မတူတော့ပါဘူး။

သမ္မတရဲ့ ပါးကိုက်ရင် နားပြန်ကိုက်မယ်ဆိုတဲ့ ကုန်သွယ်ရေးစစ်ပွဲ အရှိန်အမြင့်ဆုံးအချိန်မှာ စုစုပေါင်း ဒေါ်လာ ၃၆၂ ဘီလျံ တန်ဖိုးရှိတဲ့ ကုန်တွေ တင်သွင်းခွန် စည်းကြပ်တာကို ခံရတဲ့အခြေကို ဆိုက်ခဲ့ပါတယ်။

ဒီနှစ်မှာ တရုတ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ၊ စီးပွားရေး အရ အရေးယူဆောင်ရွက်တာတွေကို အမေရိကန်အစိုးရက ထပ်တိုးခဲ့ပါတယ်။

တစ်ပါတီ စနစ်ရဲ့ ကောင်းကျိုးချမ်းသာမှု တချို့ကို ခံစားရင်း တရုတ်နိုင်ငံလုပ် တောက်ပတဲ့ အစိမ်းရောင်ကားကို ကြည့်နေတဲ့သူတွေထဲက အမေရိကန်ရွေးကောက်ပွဲမှာ ဘယ်သူ့ကို နိုင်စေချင်လဲလို့ မေးကြည့်ပါတယ်။

သူက "ဘိုင်ဒန်" လို့ ဆိုပြီး "ထရမ့်ကို မုန်းတယ်" လို့ ပြောပါတယ်။

"ဘာလို့လဲ၊ သူက တရုတ်ကို ဆိုးတာတွေ လုပ်လို့လား" လို့ စောကြောကြည့်တော့

"လုပ်တယ် နည်းနည်းပေါ့"၊ "ထရမ့်က ရူးကြောင်ကြောင်လို့ ထင်တယ်" လို့ ပြန်ဖြေပါတယ်။

တရုတ်ခေါင်းဆောင်တွေအနေနဲ့ အမေရိကန် ဒီမိုကရေစီဟာ သက်တမ်းလွန် ကုန်ပစ္စည်းတစ်ခုလို ဖြစ်နေပြီလို့ ပိုမှတ်ယူလာနိုင်ပေမဲ့ တကယ်လို့သာ သူတို့ ရွေးချင်တာကို ပြောလို့ရရင် ဒေါ်နယ်ထရမ့် သမ္မတ ပြန်ဖြစ်စေချင်တယ်လို့များ ပြောလေမလား။

အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းကတော့ မစ္စတာ ထရမ့်ဟာ ခန့်မှန်းရခက်တယ်၊ ဘေဂျင်းကို ပြင်းပြင်းထန်ထန်ဝေဖန်တယ် စတာတွေကြောင့် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ အနေနဲ့ ထရမ့်ရှုံးမှာကို မြင်လိုကြမယ်လို့ ဆန်းစစ်သုံးသပ်ထားပါတယ်။

ဒါပေမဲ့ ဘေဂျင်းမှာရှိတဲ့ ဆင်းဟွာ တက္ကသိုလ် (Tsinghua University)က နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ် ဌာနမှူး ပါမောက္ခ ယန် ဇူတောင်က အဲဒီလို မမြင်ပါဘူး။

"တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကိုကြည့်ပြီး ဖြေရမယ်ဆိုရင်တော့ ဘိုင်ဒန်ထက်စာရင် ထရမ့်ကို သမ္မတအဖြစ် ရွေးချင်ပါတယ်"

"ထရမ့်က တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင်လုပ်ရာမှာ ဘိုင်ဒန်ထက် ပိုနည်းမယ်ထင်လို့ အခုလိုရွေးတာ မဟုတ်ပါဘူး။ သူက ဘိုင်ဒန်ထက်ပိုပြီး အမေရိကန်ကို ထိခိုက်အောင်လုပ်မှာကြောင့်ပါ"

စီးပွားရေးအရ နီးနီးကပ်ကပ်ဆောင်ရွက်ကြရင် နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်ဆိုတဲ့ အတွေးအမြင်က ဘယ်လောက်တောင် ကျန်ခဲ့ပြီလဲဆိုတာကို ပြသတဲ့ လက္ခဏာ တစ်ခုပါ။

ကျော်ကြားတဲ့ တရုတ်နိုင်ငံလေ့လာသူတွေဟာ အမေရိကန်ဟာ နိုင်ငံရေးအရ၊ စီးပွားရေးအရ ကျဆင်းနေပြီး အဲဒီအချက်ဟာ အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွန်းဖို့ရည်မှန်းထားတဲ့ တရုတ်အတွက် အကျိုးဖြစ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဖို့ ပြင်နေကြပါပြီ။

အဲဒီအမြင်အရကြည့်ရင် ဒေါ်နယ်ထရမ့်ကို တရုတ်တို့ ပိုရွေးချင်ကြမှာပါ။ သူဟာ ဒီမိုကရက်တစ် စံတန်ဖိုးတွေကို ထောက်ခံနေတာမဟုတ်ပဲ၊ အဲဒါတွေကို လျှစ်လျူရှုနေတယ်ဆိုတာကို အတော်တွေ့လာနေရတဲ့အချက်ကြောင့်လည်း ပါနိုင်ပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ထရမ့်က တိုက်ခိုက်နေတာမျိုးတွေက လွတ်လွတ်လပ်လပ် ဝေဖန်တာတွေကို နက်နက်ရှိုင်းရှိုင်းဆန့်ကျင်တဲ့၊ အင်တာနက်ကိုတောင် အကန့်အသတ်နဲ့ ခွင့်ပြုတဲ့ တရုတ်အစိုးရအဖို့ နားဝင်ချိုနေမှာပါ။

တရုတ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ထရမ့်အစိုးရက တိုးပြီး ဝေဖန်နေလာပေမဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ကို ကြည့်တဲ့အခါတုန်းကတော့ ထရမ့်ဟာ ဒီအရေးကို ခပ်မှိန်မှိန်ထားခဲ့ပုံ ရပါတယ်။

ဝီဂါတွေကို ခပ်ပြတ်ပြတ်နှိမ်နင်းနေတာကို ထောက်ခံကြောင်း မစ္စတာ ထရမ့်က ရှီကျင့်ဖျင်ကို ပြောဖူးတယ်လို့ သူ့ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးဟောင်း ဂျွန် ဘိုလ်တန်က ဆိုပါတယ်။ ဒီအချက်ကို သမ္မတ ထရမ့်ကတော့ ငြင်းဆိုထားပါတယ်။

ထရမ့်က အဲဒီ ဂျိုးဘိုင်ဒန်ဟာ တရုတ်နဲ့ နီးနီးကပ်ကပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်တာတွေကို ထောက်ခံခဲ့တဲ့သူလို့ သရော်နေချိန်မှာ မစ္စတာဘိုင်ဒန်ဟာ ဒီမိုကရေစီ တန်ဖိုးတွေအတွက် ကာကွယ်သွားမှာဖြစ်တာကြောင့် ဘေဂျင်းက စိုးရိမ်နေမယ့်သူလို့ ပြောဆိုကြတာတွေ ရှိပါတယ်။

ဒီမိုကရက်တစ် မိတ်ဆွေနိုင်ငံတွေနဲ့ ဆက်ဆံရေးတံတားတွေ ပြန်တည်ဆောက်ဖို့၊ တရုတ်မှာ လူ့အခွင့်အရေးချိုးဖောက်နေတာတွေကို့ စုပေါင်းအင်အားနဲ့ ဝိုင်းဖိအားပေးကြဖို့ စတာတွေအတွက် အမေရိကန်ကို အထီးကျန်ဖြစ်အောင်လုပ်မယ့် မစ္စတာ ထရမ့်ထက်စာရင် မစ္စတာ ဘိုင်ဒန် သမ္မတနေရာရလာတာက ပိုကောင်းနိုင်တယ်လို့ တွက်ဆသူတွေလည်း ရှိပါတယ်။

တရုတ်ကျောင်းသားတွေကို ဝါရှင်တန်အစိုးရက ပစ်မှတ်ထားတဲ့ဆောင်ရွက်မှုတွေကို အမေရိကန် ပညာတတ်အသိုင်းအဝိုင်းက နိုင်ငံခြားသားကို မနှစ်မြို့အောင်လုပ်တဲ့ လုပ်ဆောင်ချက်အဖြစ် မြင်ကြပါတယ်။

အဲဒီထဲက တစ်ယောက်အဖြစ် ပစ်မှတ်ထားခံခဲ့ရတဲ့ တရုတ်ကျောင်းသားက ခရစ်စ်ရှန် ဂျီ ပါ။

ပညာသင်ဖို့ ကျောင်းသားချင်း ဖလှယ်တဲ့အစီအစဉ်အရ အရီဇိုးနားမှာ ကွန်ပျူတာ သိပ္ပံဘာသာရပ် သင်ကြားနေတဲ့ မစ္စတာ ဂျီဟာ လွန်ခဲ့တဲ့ လက ဗီဇာ ရုပ်သိမ်းတာခံခဲ့ရပါတယ်။ တရုတ်စစ်တပ်နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ တက္ကသိုလ်တွေက ရာနဲ့ချီတဲ့ တရုတ် သုတေသီတွေ ပြည်ဝင်ခွင့် ပိတ်ရာမှာ သူလည်း ပါသွားတာပါ။

အဲဒီ ပိတ်ပင်ချက်ဟာ ဘွဲ့ယူဖို့ တက္ကသိုလ်တက်နေတဲ့ ကျောင်းသားတွေကို မရည်ရွယ်ဘူးဆိုတာကို သိရပြီး သူ့ကို မှားပြီးပိတ်ပင်ခဲ့တာကို ဖြေရှင်းနိုင်ခဲ့တဲ့ နောက်ပိုင်း သူ ဗီဇာပြန်ရခဲ့ပါတယ်။

အဲဒီအဖြစ်ကြောင့်သူဟာ သမ္မတ ထရမ့်ကို စိတ်ဆိုးပေမဲ့ အမေရိကန်နဲ့ ပတ်သက်တဲ့ သူ့အမြင်ကိုတော့ မပြောင်းခဲ့ပါဘူး။

"အမေရိကန်က ပတ်ဝန်းကျင်ကို ကျွန်တော်ကြိုက်တယ်" သူက ဘေဂျင်းက လက်ဖက်ရည်ဆိုင် တစ်ခုမှာတုန်းက ပြောပြပါတယ်။

"တရုတ်ထက်စာရင် ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းတယ်၊ နောက်ပြီး ပညာရေးကလည်း တွေးခေါ်စေတာကို ပိုအသားပေးတယ်၊ တရုတ်မှာကတော့ ဘာက အမှန်လဲ၊ ဘာက အမှားလဲ ဆိုတာကိုပဲ ပိုကြည့်တယ်။"

ဒါကိုကြည့်ရင် အနောက်တိုင်း ဒီမိုကရေစီစနစ်ဟာ ကျဉ်းထဲကျပ်ထဲ ရောက်နေပြီလို့ တရုတ်နိုင်ငံက မြင်တာတွေ တိုးလာပေမဲ့လဲ ဒီမှာ အများအပြားက အမေရိကန်ရဲ့ တန်ဖိုးတွေကို လေးစားနေဆဲပဲ ဆိုတာ သိရပါတယ်။

ဒီမိုကရေစီဟာ မှေးမှိန်လာတယ်လို့ ထင်မယ်ဆိုရင် တစ်ခုစဥ်းစားဖို့ကတော့ ၂၀၁၈ မှာ အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်နေတဲ့ တရုတ်ကျောင်းသား ၃၆၀, ၀၀၀ ရှိပြီး၊ ဒီအရေအတွက်ဟာ တရုတ်မှာ ပညာသွားသင်နေတဲ့ အမေရိကန် ကျောင်းသား အရေအတွက်ထက် အဆ ၃၀ များတယ်ဆိုတဲ့ အချက်ပါ။

သူတို့စနစ်ရဲ့ အားသာမှုကြောင့်လို့ သက်သေထူရင်း ဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်တယ်ဆိုတဲ့ တရုတ်ရဲ့ ဝါဒဖြန့်တာတွေကို အကြွင်းမဲ့ လက်ခံဖို့ရာ မဖြစ်နိုင်ပါဘူး။

ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ ဥပမာ တချို့ပြရရင် - ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်တယ်ဆိုတာကို တရုတ်က ခေါင်းဆောင်တွေ ကောင်းကောင်းသိပါတယ်။

ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဟာ လေ့လာဖို့၊ ကျင့်သားရဖို့၊ အမှန်ကိုပြင်ဖို့ စွမ်းရည်တွေရှိတယ် ဆိုတာကို သူတို့ထဲက တချို့က လက်ခံနိုင်လောက်ပါတယ်။

ပုဂ္ဂလိက အခွင့်အရေးတွေကို အကာအကွယ်ပေးရင်း ကမ္ဘာ့ကပ်ကို ထိန်းချုပ်ရတာက ပိုခက်တယ် ဆိုပေမဲ့ "လူတွေကို အိမ်ထဲမှာလက်ထိတ်ခတ်ထားပြီး" နေစေတဲ့ စနစ်ကတော့ ပြည်သူ့ကျန်းမာရေးအတွက် အားကျစရာ စနစ်ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါကြောင့် အာဏာရှင်စနစ် စံတွေဟာ ဒီမိုကရေစီ စံတွေနဲ့ တန်းတူ သတ်မှတ်ခံရတဲ့ ကမ္ဘာဖြစ်လာစေဖို့ ဗိုင်းရပ်စ်က တွန်းပို့ပေးတယ်ဆိုတဲ့ တရုတ်ရဲ့ ယုံကြည်မှုဟာ သမိုင်းကို ဆန်းစစ်ပြီး ရလာတဲ့အမြင် မဟုတ်ဘဲ ကိုယ်လိုတာကို တွေးတဲ့ပုံ ပိုပေါ်နေပါတယ်။

ဒါပေမဲ့ ဖြစ်ချင်တော့ လစ်ဘရယ် ဒီမိုကရေစီ ကမ္ဘာ့စနစ်ကို အာမခံပြီး ကမ္ဘာ့စင်မြင့်ကို ပြန်တက်လာချင်တဲ့ အမေရိကန် သမ္မတက တရုတ်အတွက် ရေတိုမှာ ပိုကောင်းမယ့် အခြေအနေပါ။

ဂျိုးဘိုင်ဒန်ဟာ လူ့အခွင့်အရေးကို လိုက်နာဖို့ ဖိအားပေးမယ်ဆိုတာကို ကတိပြုလာနေပြီး ရှီကျင့်ဖျင်ကို "လူရမ်းကား" တစ်ယောက်လို့ ခိုင်းနှိုင်းခဲ့ပါတယ်။

ဒါပေမဲ့ ကုန်သွယ်ရေးခွန်တွေမှာ ပျော့ပျောင်းတဲ့ သဘောထားတွေ ပြသတာမျိုး၊ ရာသီဥတုပြောင်းလဲနေတဲ့အရေးကို ပူးပေါင်းဖြေရှင်းဖို့ လက်ကမ်းတာမျိုးတွေ သူ လုပ်လာနိုင်ပါတယ်။

တရုတ်အုပ်ချုပ်သူတွေကတော့ ရွေးကောက်ပွဲသက်တမ်းတွေရဲ့ အလှည့်အပြောင်းကိုသာ ကြည့်မှာ မဟုတ်ဘဲ ခေတ်တစ်ခု အဆုံးသတ်သွားမလားဆိုတာကို ချင့်ချိန်ကြည့်ဦးမှာပါ။

အမေရိကန်က သူတို့ကိုယ်သူတို့ ကမ္ဘာ့စံပြ ဒီမိုကရေစီချန်ပီယံလို့ ပြန်လုပ်ပြနိုင်မှာကိုတော့ တရုတ်က အကြောက်ဆုံး ဖြစ်မှာပါ။