အမေရိကန် သမ္မတထရမ့် ကိုဗစ်ကူးစက်မှုကြောင့် ဘာတွေရိုက်ခတ်နိုင်သလဲ

ပိုးကြောင့် ထပ်ဆင့် ဖြစ်ပွားလာတဲ့ ရောဂါ လက္ခဏာတွေ သမ္မတမှာ ရှိနေပြီလားဆို အခုထိ မသိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပိုးကြောင့် ထပ်ဆင့် ဖြစ်ပွားလာတဲ့ ရောဂါ လက္ခဏာတွေ သမ္မတမှာ ရှိနေပြီလားဆို အခုထိ မသိသေးပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ တရားဝင် ထုတ်ပြောလိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရောဂါကြောင့် အန္တရာယ်ရှိနိုင်တဲ့ အချက်တွေ ထင်ထင်ရှားရှား ရှိနေပါတယ်။

သူ့ရဲ့ အသက်၊ ကိုယ်အလေးချိန်နဲ့ အမျိုးသား ဖြစ်ခြင်း ဆိုတဲ့ အချက်အားလုံးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ပြင်းပြင်းထန်ထန် ဖြစ်နိုင်ခြေရှိတဲ့ ရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။

မစ္စတာ ထရမ့် ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာတွေ သိထားလဲ

သူရဲ့ အသက် ၇၄ နှစ်၊ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်း အချိုး ညွှန်းကိန်း ၃၀ ကျော်နေတာကလည်း သူအဝလွန်နေတာကို ပြနေပါတယ်။

ဒါကြောင့် သူမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရတာက ဘာဖြစ်လာနိုင်ပါသလဲ။

infograph

"သမ္မတ ထရမ့်နဲ့ ဇနီးဖြစ်သူတို့ နှစ်ဦးလုံး လက်ရှိအချိန်မှာ နေကောင်းကျန်းမာပါတယ်၊ ဗိုင်းရပ်စ်ပိုး ကင်းစင်နိုင်ဖို့ အနားယူနေတဲ့ ကာလအတွင်း အိမ်ဖြူတော်မှာရှိတဲ့ သူတို့ရဲ့ အိမ်မှာပဲ နေကြဖို့ ရှိတယ်" လို့ မစ္စတာ ထရမ့်ရဲ့ ဆရာဝန် ရှန် ကွန်နလီ ကတော့ ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။

"သမ္မတ ထရမ့်ဟာ ပြန်လည် နလန်ထူလာနိုင်ဖို့ ကြိုးစားနေစဉ်အတွင်း အနှောင့်အယှက် တစုံတရာ မရှိပဲ သမ္မတ တာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်လိမ့်မယ်လို့ သူ မျှော်တဲ့အကြောင်း" အဲဒီထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

တခြား တိုးတက်ကောင်းမွန်တာတွေ ရှိရင်လည်း ထပ်မံ အသိပေးသွားပါမယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ နောက်ထပ် အသေးစိတ် ဖြစ်စဉ်တွေကိုတော့ သမ္မတရဲ့ ဆရာဝန်က ပြောကြားထားတာ မရှိသေးပါဘူး။

ဒီနှစ်အစောပိုင်းတုန်းက စမ်းသပ်ခဲ့တဲ့ မစ္စတာ ထရမ့်ရဲ့ ဆေးစစ်ချက် အဖြေအရ သူဟာ ကိုယ်အလေးချိန် ၂၄၄ ပေါင်ရှိပါတယ်။

ဒါဟာ ၆ ပေ ၃ လက်မ မြင့်တဲ့ သူ့အရပ်နဲ့စာရင် အဝလွန်နေတယ်လို့ ယူဆရပါတယ်။

ဒါပေမဲ့ သမ္မတ ထရမ့်ဟာ "ကျန်းမာရေး ကောင်းမွန်တယ်" လို့ အဲဒီအချိန်တုန်းကလည်း ဒေါက်တာ ကွန်နလီက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

မစ္စတာ ထရမ့်အနေနဲ့လည်း အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုတွေ ရပါလိမ့်မယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ထိန်းချုပ် ကုသရေး အမေရိကန် စင်တာတွေကတော့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ လူတိုင်း ၁၀ ရက် သီးခြားခွဲနေရမယ်လို့ ညွှန်ကြားထားပါတယ်။

အသက်အရွယ်ကြောင့် မစ္စတာ ထရမ့် ကျန်းမာရေး အခြေအနေ စိုးရိမ်ရလား

Graph

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လူတဦးချင်းစီကို ဘယ်လို ပျံ့နှံ့လဲဆိုတာနဲ့ ပတ်သက်လို့ ခန့်မှန်းတွက်ဆနိုင်ဖို့ မလွယ်ပါဘူး။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူတွေဟာ အသက်အရွယ်ကြီးလေလေ အသက်အန္တရာယ် ပိုပြီး စိုးရိမ်ရတယ်ဆိုတာကတော့ သေချာပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ အသက် ၆၄ နှစ်နဲ့ ၆၇ နှစ်ကြား ကိုဗစ်အတည်ပြုလူနာတွေဟာ ဆေးရုံတက် ကုသမှု ခံယူရဖို့ ငါးဆ ပိုများပါတယ်။

သေဆုံးမှုနှုန်းကလည်း အသက် ၂၀ ကျော်အရွယ်တွေထက် အဆ ၉၀ ပိုများပါတယ်။

နိုင်ငံတွင်း ကိုဗစ်၁၉ ကြောင့် သေဆုံးသူ ၁၀ ယောက်မှာ ၈ ယောက်ဟာ အသက် ၆၅ နှစ်ကျော် အရွယ်တွေ ဖြစ်တယ်လို့ ဗိုင်းရပ်စ်ပိုး ကာကွယ်ထိန်းချုပ် ကုသရေး အမေရိကန် စင်တာတွေက ပြောပါတယ်။

အမျိုးသားတွေနဲ့ အဝလွန်နေတဲ့သူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ပိုပြီး ကူးစက်ခံရဖွယ် ရှိပါတယ်။

ဒါဟာ လူဦးရေ အားလုံးမှာ ဖြစ်လေ့ရှိတဲ့ ပုံစံ ဖြစ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်မှာလည်း ဒါမျိုး ဖြစ်လိမ့်မယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

ကျန်းမာရေး ကောင်းမွန်ကြတဲ့ အသက် ၇၄ နှစ်အရွယ် လူနှစ်ဦးမှာတောင် ကွဲပြားမှုတွေ အများကြီး ရှိပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်ထဲမှာ ဘယ်လောက်ထိ ဒုက္ခပေးနိုင်သလဲဆိုတာကလည်း ကျန်းမာရေးအခြေအနေပေါ်မှာ အများကြီး မူတည်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ ထပ်ဆင့် ဖြစ်ပွားလာတဲ့ ရောဂါ လက္ခဏာတွေ ရှိနေပြီလားဆိုတာတောင် အခုထိ မသိသေးပါဘူး။

Graph

အမေရိကန် ရွေးကောက်ပွဲအပေါ် သက်ရောက်မှု ရှိလာနိုင်သလား

အသက်အရွယ်ကြီးရင့်သူတွေနဲ့ နှလုံးကျန်းမာရေး အခြေအနေ မကောင်းသူတွေကလွဲလို့ "လူတိုင်းနီးပါး ဗိုင်းရပ်စ်ပိုး ကူးစက်မှု ခံရမှာ မဟုတ်လို့" ကိုဗစ် ၁၉ နဲ့ ပတ်သက်လို့ စိတ်မပူကြဖို့ အမေရိကန်ပြည်သူတွေကို သမ္မတ ဒေါ်နယ်ထရမ့် ပြောကြားပြီး သတင်းပတ် ၁ ပတ်အကြာမှာ သူကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံခဲ့ရတာပါ။

အမေရိကန် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ၃၂ ရက်သာ လိုတော့တဲ့အချိန်မှာ ဒီသတင်းဟာ ဘယ်လောက်ထိ အရေးကြီးတယ်၊ တုန်လှုပ်ချောက်ချားဖွယ် ကောင်းတယ်ဆိုတာ ချဲ့ကားပြောဆိုဖို့တော့ ခက်ပါတယ်။

ကုသမှုခံယူဖို့ သမ္မတ ထရမ့်ဟာ ကွာရန်တင်းဝင်ပြီး သီးခြားခွဲနေရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု လူထုစည်းဝေးပွဲတွေလည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။

နောက်သီတင်းပတ် နှစ်ပတ်အကြာမှာ ကျင်းပမယ့် ဒုတိယအကြိမ် သမ္မတလောင်း စကားစစ်ထိုးပွဲဟာလည်း သောင်မတင် ရေမကျ အနေအထားမှာ ရှိနေပါတယ်။

ဗိုင်းရပ်စ်ပိုး ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ အမေရိကန်မှာ "အောင်မြင်မှု အချိုးအကွေ့ကြီး" ရောက်ခဲ့ပြီလို့ သမ္မတ ထရမ့် ထပ်တလဲလဲ ပြောခဲ့တဲ့ သတင်းစကားကလည်း သူကိုယ်တိုင် ပိုးကူးစက်ခံနောက်ပိုင်း မှေးမှိန်ပျောက်ကွယ်သွားပါပြီ။

ပထမအကြိမ် သမ္မတလောင်း စကားစစ်ထိုးပွဲမတိုင်ခင် နှစ်ရက်အလိုမှာ နှာခေါင်းစည်းတွေ မကြာမကြာ တပ်ဆင်လေ့ရှိတဲ့ သူ့ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုး ဘိုင်ဒန်ကို သမ္မတ ထရမ့်က ချိုးနှိမ်ပြောခဲ့ပါတယ်။

မစ္စတာ ထရမ့်ဟာ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် တခြားသူတွေရဲ့ အမြင်ကို ဘာကြောင့် မထီမဲ့မြင် လုပ်ခဲ့သလဲဆိုတာနဲ့ ပတ်သက်လို့ အခုတော့ အိမ်ဖြူတော်နဲ့ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်မှုတွေဘက်က ဖြေကြားရဖွယ်ရှိနေပါတယ်။

နောက်ပြီး အမေရိကန် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေသာမက အိမ်ဖြူတော်ထဲက လူဘယ်နှယောက် ဗိုင်းရပ်စ် ပိုးကူးစက်ခံထားရလဲဆိုတာလည်း ဖြေကြားပေးရတော့မှာပါ။

မသေချာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကာလတွေမှာ သမ္မတကို ထောက်ခံအားပေးဖို့အတွက် အမေရိကန်ပြည်သူတွေ စုဝေးလေ့ရှိပါတယ်။

ဒါပေမဲ့ နောက်ဆက်တွဲ ထွက်ပေါ်လာနေတဲ့ မေးခွန်းတွေကနေ သူ့ကို ကာကွယ်ပေးနိုင်မှာတော့ မဟုတ်ပါဘူး။

သမ္မတ အကြံပေး အသက် ၃၁ နှစ်အရွယ် ဟုတ်ဖ် ဟခ်စ် ဟာ လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ သမ္မတ ထရမ့်နဲ့ အနီးကပ်ဆုံး လက်ထောက်ဖြစ်ပါတယ်။

မစ္စ ဟခ်စ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးတဲ့နောက် သူကော၊ အသက် ၅၀ အရွယ် သူ့ဇနီးပါ ကွာရန်တင်း ဝင်တော့မယ်လို့ မစ္စတာ ထရမ့်က ကြာသပတေးနေ့ အစောပိုင်းမှာ ပြောဆိုထားပါတယ်။

"အားလပ်ရက်လုံး၀ မယူပဲ အင်မတန် အလုပ် ကြိုးစားတဲ့ ဟုတ်ဖ် ဟစ်ခ် ကိုဗစ် ၁၉ ကူးစက်ခံထားရတယ်၊ စိတ်ပျက်ဖို့ကောင်းတယ်" လို့လည်း သမ္မတ ထရမ့်က တွစ်တာမှာ ရေးသားထားပါတယ်။

"ကျွန်တော်ကော၊ ဇနီးဖြစ်သူတို့ပါ ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေကြတယ်။ တချိန်တည်းမှာပဲ ကျွန်တော်တို့နှစ်ဦး ကွာရန်တင်းစဝင်နေပါပြီ။"

အခုလို မစ္စတာ ထရမ့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုဟာ ဒုတိယအကြိမ် သမ္မတလောင်း စကားစစ်ထိုးပွဲအတွက် ပြင်ဆင်မှုတွေကို ဘယ်လို သက်ရောက်မှု ရှိလာမလဲဆိုတာ လောလောဆယ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒုတိယအကြိမ် စကားစစ်ထိုးပွဲကို ဖလော်ရီဒါပြည်နယ်က မိုင်ယာမီမြို့မှာ အောက်တိုဘာလ ၁၅ ရက်နေ့ကျရင် ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။