ဟောင်ကောင်မီဒီယာသူဌေးကြီး အမှုတွေထဲက တစ်မှုကို အပြစ်မရှိကြောင်းဆုံးဖြတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူ့ပြိုင်ဘက် သတင်းဌာနက ဓာတ်ပုံသတင်းထောက်တစ်ယောက်ကို လွန်ခဲ့တဲ့ ၃ နှစ်က ခြိမ်းခြောက်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့အမှုမှာ မီဒီယာ သူဌေးကြီး ဂျင်မီ လိုင်း အပြစ်မရှိကြောင်း ဟောင်ကောင်က တရားရုံးတစ်ခုက စီရင်ချက်ချမှတ်လိုက်ပါတယ်။
တီယန်နန်မင် အစုလိုက်အပြုံလိုက် လူသတ်ပွဲ အောက်မေ့သတိရ ဖယောင်းတိုင်မီးထွန်းဆုတောင်းပွဲ ၂၀၁၇ ခုနှစ်တုန်းက ကျင်းပစဥ်ရာဇဝတ်မြောက်တဲ့ ခြိမ်းခြောက်မှုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်ကို မစ္စတာလိုင်းဟာ သူ မကျူးလွန်ကြောင်း အစကတည်းက ငြင်းဆန်ခဲ့တာပါ။
သတင်းဌာနပိုင်ရှင်လည်းဖြစ် ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူလည်းဖြစ်တဲ့ သူ့ကို ဒီအမှုတွင်မက အငြင်းပွားစရာ အမျိုးသားလုံခြုံရေးဥပဒေသစ်နဲ့ နောက်ထပ်အမှုတွေ စွဲပြီး ပြီးခဲ့တဲ့လက ဖမ်းဆီးခဲ့တာပါ။
အရင်နှစ်တွင်းက ဖြစ်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေနဲ့ ပတ်သက်တဲ့အမှုတွေကို သူရင်ဆိုင်ရဦးမှာပါ။
အသက် ၇၁ နှစ်အရွယ် ဂျင်မီ လိုင်း ဩဂုတ်လအတွင်းက အဖမ်းခံရစဉ်က သူ့ဥပမာကိုကြည့်ပြီး ဟောင်ကောင် အတိုက်အခံတွေကို နှိပ်ကွပ်နေတာတွေ အပေါ် ကမ္ဘာအနှံ့က ရှုတ်ချတာတွေ သောသောညံပြီး ထွက်လာခဲ့ပါတယ်။
သူ့ အက်ပဲလ် နေ့စဉ် (Apple Daily) သတင်းစာတိုက် အဆောက်အအုံကို ရဲ ၂၀၀ ကျော်က ဝင်စီးခဲ့ပြီး သူ့ကို လက်ထိပ်ခတ်ခေါ်ထုတ်သွားခဲ့ပါတယ်။ သူ့ သတင်းဌာနကလည်း ဒီအဖြစ်ကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။
သူ့ကိုဖမ်းဆီးတဲ့အဖြစ်ဟာ ဟောင်ကောင်က လူအများအပြားအဖို့ စိုးရိမ်ထိတ်လန့်စရာဖြစ်ခဲ့ပေမဲ့ တရုတ်ပြည်မ မီဒီယာတွေထဲမှာတော့ သူ့ကို သစ္စာဖောက်အဖြစ် ရှုတ်ချတာတွေကို ထုတ်လွှင့်ခဲ့ကြပါတယ်။
သည် ဂလိုဘယ် တိုင်းမ် (The Global Times) က အက်ပဲလ် နေ့စဉ်သတင်းဌာနဟာ " နှစ်ပေါင်းများစွာ အမုန်းတရားတွေကို လှုံ့ဆော်သွေးထိုးနေတယ်၊ ကောလာဟလတွေဖြန့်နေတယ်၊ ဟောင်ကောင်အာဏာပိုင်တွေနဲ့ တရုတ်ပြည်မကြီးကို အသရေဖျက်တာတွေ လုပ်နေတယ်" လို့ ပြောပါတယ်။
ဂျင်မီလိုင်း ဆိုတာ ဘယ်သူလဲ
သူ ဟောင်ကောင်ကို ငါးဖမ်းသင်္ဘောတစင်းပေါ်မှာ ခိုးစီးပြီးဝင်လာခဲ့တာပါ။
လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုနည်းပြီး အလုပ်ချိန်ကြာကြာ လုပ်ခနည်းနည်းပဲရတဲ့ အလုပ်မျိုးဖြစ်တဲ့ အထည်ချုပ်တဲ့ အလုပ်မျိုးတွေကအစ အလုပ်မျိုးစုံ သူလုပ်ခဲ့ရပါတယ်။ အဲဒီလိုနဲ့ ငွေစုကာ ၁၉၉၅ ခုနှစ်မှာတော့ သူ အက်ပဲလ် နေ့စဉ် သတင်းစာကို ထောင်ခဲ့ပါတယ်။
သတင်းစာကို သူစလုပ်တုန်းက လူပြိန်းကြိုက်သတင်းတွေ အသားပေးဖော်ပြတဲ့ သတင်းစာ ပုံစံနဲ့ စခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဟောင်ကောင်နဲ့ ပြည်မကြီးက အုပ်ချုပ်သူခေါင်းဆောင်တွေကို အံတုတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် အလေးထားစရာ သတင်းစာအထိဖြစ်လာခဲ့တာပါ။
မစ္စတာလိုင်းဟာ ဘေဂျင်းကအစိုးရက လူသိရှင်ကြားဝေဖန်တဲ့ ဟောင်ကောင်သူဌေး အနည်းအကျဥ်းထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ဟောင်ကောင်က လတွေနဲ့ ချီကြာမြင့်ခဲ့တဲ့ မနှစ်က ဆန္ဒပြပွဲတွေကို ထောက်ခံသူတွေထဲ အထင်ကရ တစ်ယောက်ပါ။
ဇွန်လအတွင်းက ဘေဂျင်းကနေ ဟောင်ကောင်အပေါ် အမျိုးသားလုံခြုံရေး ဥပဒေ ချမှတ်လိုက်တဲ့အခါ မစ္စတာ လိုင်းက "ဟောင်ကောင်အတွက် မရဏခေါင်းလောင်းထိုးလိုက်တာပဲ" လို့ ဘီဘီစီကိုပြောပါတယ်။
နောက် ၂ လအတွင်း အဲဒီ ဥပဒေအရ ဖမ်းဆီးခံရတဲ့ ဟောင်ကောင်က လူသိများထင်ရှားသူတွေထဲ သူက နာမည် အကြီးဆုံးသူဖြစ်ပါတယ်။
ဩဂုတ်လအတွင်း သူအာမခံရပြီး ထောင်ကလွတ်လာစဉ်က သူအဖမ်းခံရတဲ့ကိစ္စက "ဒါဟာ အစပဲရှိသေးတယ်" ဆိုတာကို သူယုံကြည်ထားတဲ့အကြောင်း မစ္စတာ လိုင်းက ပြောပါတယ်။
သူက ဟောင်ကောင်လွတ်မြောက်ရေးအတွက် ရှေ့မှာ "ရှည်ကြာစွာ တိုက်ပွဲဝင်ရဖို့ရှိနေတယ်" လို့ လည်း ပြောခဲ့ပါတယ်။
အခုနောက်ဆုံးဖြစ်ခဲ့တဲ့ အမှုကိစ္စက ဘာပါလဲ
ကြာသပတေးနေ့မှာ တရားရုံးက သူအပြစ်မရှိဘူးဆိုပြီး ဆုံးဖြတ်လိုက်တဲ့ အမှုက အရှေ့တိုင်း နေ့စဉ် သတင်းဌာန(Oriental Daily News) က သတင်းထောက်တစ်ယောက်နဲ့ သူ ၂၀၁၇ ခုနှစ်တုန်းက အချင်းများခဲ့တဲ့ကိစ္စပါ။ အဲဒီ သတင်းစာဟာ ဘေဂျင်းကအစိုးရကို ထောက်ခံတဲ့ သတင်းစာလို့ အများက မြင်ကြသလို သူ့ အက်ပဲလ် နေ့စဉ် သတင်းစာနဲ့ အပြိုင်ကြဲနေရတဲ့ သတင်းစာပါ။
ဘေဂျင်းမှာ ၁၉၈၉ ကဖြစ်ခဲ့တဲ့ တီယန်နန်မင် ရင်ပြင် ဆန္ဒပြပွဲကို ဖြိုခွဲတဲ့အဖြစ်ကို အောက်မေ့တဲ့အထိမ်းအမှတ် နှစ်ပတ်လည် ဖယောင်းတိုင်မီးထွန်းဆုတောင်းကြတဲ့ပွဲမှာ အဲဒီ ဝရုန်းသုန်းကားကိစ္စ ဖြစ်ခဲ့ပါတယ်။
တရားရုံးမှာ အဲဒီ သတင်းထောက်က သူ အဲဒီပွဲမှာတက်ရောက်နေတဲ့ မီဒီယာသူဌေး မစ္စတာလိုင်းကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်စဉ်မှာ မစ္စတာ လိုင်းက သူ့ကို ပြဿနာရှာပစ်လိုက်မယ် လို့ ပြောခဲ့တယ်၊ သူ ခြိမ်းခြောက်ခံရတယ်လို့ ခံစားခဲ့ရကြောင်း ထွက်ဆိုခဲ့ပါတယ်။
မစ္စတာ လိုင်းကတော့ အဲဒီသတင်းထောက်ဟာ ၂၀၁၇ ကဖြစ်ခဲ့တဲ့ အဲ့ဒီအဖြစ် မတိုင်ခင်ကတည်းက သူ့နောက်ကို လိုက်လိုက်လာပြီး ဓာတ်ပုံတွေရိုက်နေတဲ့သူဖြစ်တယ်၊ သူ့အနေနဲ့ အဲဒီ သတင်းထောက်ဟာ ကင်မရာသုံးပြီး သူ့ကို ရန်စနေသလို ခံစားခဲ့ရတယ်လို့ တရားရုံးမှာ ပြောခဲ့ပါတယ်။
ရဲတွေက ဒီအမှုနဲ့ပတ်သက်ပြီး မစ္စတာ လိုင်းကို ၂၀၁၈ အတွင်းက ပြောခဲ့ပေမဲ့ စုံစမ်းစစ်ဆေး တာတွေတော့ ဆက်မလုပ်ခဲ့ပါဘူး။
ဒီနှစ်ဖေဖော်ဝါရီမှာ သူ အဖမ်းခံရပြီး ရာဇဝတ်မြောက်တဲ့ ခြိမ်းခြောက်မှုနဲ့ စွပ်စွဲခံရပါတယ်။
အဲဒီ့တစ်ချိန်တည်းမှာပဲ ပိတ်ပင်ထားတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ မနှစ်က ဖြစ်ခဲ့စဉ်မှာ သူပါဝင်ခဲ့တာနဲ့ ပတ်သက်လို့လည်း တရားစွဲခဲ့ပါတယ်။
မီဒီယာ သူဌေးကြီးကို စွပ်စွဲထားတဲ့ အမှုတွေက ဘာတွေလဲ
ဖေဖော်ဝါရီလကတည်းက မစ္စတာ လိုင်းကို အာဏာပိုင်တွေက အကြိမ်များစွာ ဖမ်းဆီးခဲ့တာပါ။
ဧပြီလအတွင်းမှာ ဒီမိုကရေစီရေးထောက်ခံတဲ့ လှုပ်ရှားတက်ကြွသူတွေ၊ ဥပဒေပြုကောင်စီ အမတ်တွေ စုစုပေါင်း သူ အပါအဝင် ၁၅ ယောက်ဟာ မနှစ်က ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး အဖမ်းခံခဲ့ရပါတယ်။
နောက်ပိုင်း ဩဂုတ်လတွင်းမှာတော့ မစ္စတာ လိုင်းကို ဇွန်လတုန်းက သူပါဝင်ခဲ့တဲ့ တီယန်နန်မင် သတိရပွဲနဲ့ ပတ်သက်ပြီး အမှုစွဲတင်ခဲ့ပြန်ပါတယ်။ သူနဲ့အတူ နောက်ထပ် အနည်းဆုံး လူ ၂၃ ယောက်ကိုလည်း အဲဒီအမှုနဲ့ စွဲထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
အမျိုးသားလုံခြုံရေးဥပဒေ ပြဌာန်းပြီးနောက်ပိုင်း အာဏာပိုင်တွေက ရဲတပ်ဖွဲ့ဝင်အများဆုံး တာဝန်ချတဲ့ စီးနင်းမှုကို ဩဂုတ် ၁၀ ရက်နေ့တုန်းက လုပ်ပြီး သူ့ကို ဖမ်းခဲ့တာပါ။
မစ္စတာ လိုင်းနဲ့ တခြား လှုပ်ရှားတက်ကြွသူ ၉ ယောက်တို့ကို ဖမ်းဆီးခဲ့ပြီး သူတို့ကို စွပ်စွဲတဲ့အထဲမှာ "နိုင်ငံခြားက အင်အားစုတွေနဲ့ ပူးပေါင်းကြံစည်မှု" လည်းပါဝင်ပါတယ်။
အမျိုးသားလုံခြုံရေး ဥပဒေအရ တကယ်လို့ အဲဒီအမှုနဲ့ အပြစ်ရှိကြောင်း စီရင်ခံရရင် သူတို့ဟာ ထောင်ဒဏ် တစ်သက်အထိ ကျခံရနိုင်ဖွယ်ရှိပါတယ်။








