ဟောင်ကောင်သတင်းစာတိုက် ဝင်စီးခံရပြီးနောက် ဆက်တိုက်ပွဲ၀င်မယ်လို့ဆို

A man buys a pile of Apple Daily newspapers in Hong Kong

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, Apple Daily သတင်းစာတွေကို မနက်လင်းအားကြီးအချိန်မှာ လိုက်ဝယ်နေ

ဟောင်ကောင်အခြေစိုက် Apple Daily သတင်းစာတိုက်ပိုင်ရှင် ဂျင်မီလိုင် ကို တရုတ်အစိုးရရဲ့ အငြင်းပွားစရာ လုံခြုံရေး ဥပဒေနဲ့ ဖမ်းဆီးလိုက်ပေမဲ့ Apple Daily သတင်းစာက ဆက်တိုက်ပွဲဝင်သွားဖို့ သံန္နိဋ္ဌာန်ချထားပါတယ်။

တနင်္လာနေ့က ရဲ ၂၀၀ နီးပါးလောက် သတင်းစာတိုက်ကို ဝင်ရောက်စီးနင်းပြီး မစ္စတာလိုင်ကို သတင်းခန်းထဲကနေ လက်ထိတ်ခတ် ခေါ်သွားတဲ့ မြင်ကွင်းကို Apple Daily သတင်းစာက ထုတ်လွှင့်ပြခဲ့ပါတယ်။

ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားသူ မစ္စတာလိုင်နဲ့အတူ နောက် လူ ၉ ဦးကို ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းမှု အပါအဝင် စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာပါ။

"Apple Daily သတင်းစာ ဆက်တိုက်ပွဲဝင်သွားမယ်" ဆိုတဲ့ ခေါင်းစည်းစာသားကြီးနဲ့အတူ မစ္စတာလိုင် ကို လက်ထိတ်ခတ် ဖမ်းခေါ်သွားပုံကို အင်္ဂါနေ့ထုတ် သတင်းစာရဲ့ ရှေ့မျက်နှာဖုံးမှာ ဖော်ပြခဲ့ပါတယ်။

Apple Daily သတင်းစာတွေ ဝယ်လို့မရတော့အောင် ရောင်းအားကောင်းနေတယ်လို့ သတင်းတွေအရ သိရပြီး ဟောင်ကောင်က နေရာတချို့မှာ သတင်းစာရဖို့ မနက် ၂ နာရီခွဲလောက်ကတည်းကိုက တန်းစီစောင့်နေကြတာ တွေ့ရပါတယ်။

ဟောင်ကောင်နဲ့ တရုတ်ခေါင်းဆောင်ပိုင်းအပေါ် အရှိကိုအရှိအတိုင်း ဝေဖန်ဖော်ပြလေ့ရှိတဲ့ Apple Daily သတင်းစာက ခါတိုင်း သူတို့ သတင်းစာ စောင်ရေ တစ်သိန်း ထုတ်ဝေနေရာကနေ အခု ငါးသိန်းကျော် ထုတ်ဝေခဲ့တယ်လို့ ပြောပါတယ်။

Front page of Apple Daily showing Jimmy Lai's arrest

ဓာတ်ပုံ ရင်းမြစ်, EPA

တရုတ်အစိုးရခေါင်းဆောင်ပိုင်းကို တိုက်ရိုက် ဝေဖန်လေ့ ရှိတဲ့အတွက် ဒီမိုကရေစီ သူရဲကောင်း တစ်ဦးအဖြစ် ဟောင်ကောင် ပြည်သူတွေက သတ်မှတ်ထားတဲ့ မစ္စတာလိုင် ဟာ လုံခြုံရေး ဥပဒေသစ် စကျင့်သုံးခဲ့ပြီးကတည်းက အထိန်းသိမ်းခံရသူတွေထဲမှာ အထင်ကရ အဖြစ်ဆုံးသူ ဖြစ်ပါတယ်။

ဒါပေမဲ့တရုတ်ပြည်မကြီးကတော့ သူ့ကို နိုင်ငံအပေါ် သစ္စာဖောက်သူအဖြစ် သတ်မှတ်ထားတာပါ။

သူ့ကို ထိန်းသိမ်းခဲ့အပြီး နာရီပိုင်းအကြာမှာ လှုပ်ရှားတက်ကြွသူ အထင်ကရ လူငယ်ခေါင်းဆောင် အက်ဂ်နက်စ် ချောင်းနဲ့ အလွတ်သတင်းထောက် ဝေလ်ဆန် လီ တို့ကိုလည်း အဲဒီ ဥပဒေနဲ့ပဲ ဖမ်းဆီးခဲ့ပါတယ်။

ကမ္ဘာတဝန်းမှာ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့

ဒီဖမ်းဆီးမှုတွေဟာ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်တွေအပေါ် တိုးမြှင့် တိုက်ခိုက်လာနေတာ ဆိုပြီး အမေရိကန်၊ ဗြိတိန်နဲ့ ကုလသမဂ္ဂတို့ဆီက နောက်ထပ် ဝေဖန်ပြစ်တင်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တရုတ်အစိုးရဟာ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်တွေကို ဖယ်ရှားပစ်လိုက်တာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပေယိုက ပြောဆိုလိုက်ပါတယ်။

ဂျင်မီလိုင် ကို ဖမ်းသွားအပြီး နာရီပိုင်းအကြာမှာ အက်ဂ်နက်စ် ချောင်း ကို ဖမ်းဆီးခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂျင်မီလိုင် ကို ဖမ်းသွားအပြီး နာရီပိုင်းအကြာမှာ အက်ဂ်နက်စ် ချောင်း ကို ဖမ်းဆီးခဲ့

ဗြိတိန်အစိုးရကလည်း အလားတူ ဝေဖန် ပြောဆိုနေပါတယ်။ လုံခြုံရေးဥပဒေသစ် ထွက်လာချိန်မှာ ကတည်းက ဗြိတိန်ဟာ ဟောင်ကောင်နဲ့ တရားခံလွှဲပြောင်းပေးရေး သဘောတူထားချက်ကို ရပ်ဆိုင်းမယ်လို့ ပြောထားပြီး ဖြစ်ပြီး ဟောင်ကောင်ပြည်သူအတော်များများကို ဗြိတိသျှနိုင်ငံသား ဖြစ်ခွင့်ပေးဖို့ ကမ်းလှမ်းထားပြီး ဖြစ်ပါတယ်။

နိုင်ငံရေးလွတ်လပ်ခွင့်တွေကို တားမြစ်ပိတ်ပင်ခဲ့တယ် ဆိုပြီး အမေရိကန်ကလည်း တရုတ်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ် အပါအဝင် တရုတ်အစိုးရကို ထောက်ခံတဲ့ ဟောင်ကောင်အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေ စုစုပေါင်း ၁၁ ဦးကို အစောပိုင်းက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။

ရက်ပိုင်းအကြာမှာ တရုတ်အစိုးရက အမေရိကန်နိုင်ငံသား ၁၁ ဦးအပေါ် တုံ့ပြန် ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

တနင်္လာနေ့က ဖြစ်ခဲ့တဲ့ စီးနင်းရှာဖွေ ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ ကြေညာချက်ထုတ် ဝေဖန်ခဲ့တဲ့ ဟောင်ကောင် နိုင်ငံခြား သတင်းထောက်များကလပ်အဖွဲ့အပေါ် တရုတ်အစိုးရက ပြင်းထန်တဲ့ သတိပေးချက်တရပ် ထုတ်ပြန်ခဲ့တာဟာ ဟောင်ကောင်ရဲ့ မီဒီယာသတင်းလောကအပေါ် ထိန်းချုပ်မှုတွေ တိုးလုပ်လာနေတဲ့ နောက်လက္ခဏာ တစ်ခု ဖြစ်ပါတယ်။