အိန္ဒိယမှာ ကိုဗစ်ကူးစက်ခံရသူ ၂ သန်းကျော်သွားပြီ

တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ အိန္ဒိယနိုင်ငံမှာ ကိုဗစ်၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ နှစ်သန်းကျော် သွားပါပြီ။

ပြီးခဲ့တဲ့ ရက် ၂၀ အတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁ သန်းတွေ့ရတယ်လို့လည်း အစိုးရက အတည်ပြုပါတယ်။

ဒီနှုန်းထားဟာ အိန္ဒိယထက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများတဲ့ အမေရိကန်နဲ့ ဘရာဇီးကကူးနှုန်းတွေထက် ပိုပြီး မြန်ဆန်ပါတယ်။

ဗိုင်းရပ်စ်ပိုး ရှိမရှိ စမ်းသပ်မှုတွေကို ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း သိသိသာသာ တိုးချဲ့ဆောင်ရွက်ခဲ့ပေမယ့် နိုင်ငံတဝန်း ပြည်နယ်တွေရဲ့ အခြေအနေတွေကတော့ အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ သေဆုံးသူ ဦးရေ အနည်းငယ် ရှိနေပေမယ့်လည်း အစိုးရက လူသွားလူလာများတဲ့ နေရာအသစ်တွေကို ဆက်ဖွင့်ထားပေးတာကြောင့် ပိုးကူးစက်ခံရသူ ဦးရေ တဟုန်ထိုး ထိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ တချို့ပြည်နယ်တွေမှာတော့ ကန့်သတ်တားမြစ်မှုတွေကို ချမှတ်ထားလိုက်ပါပြီ။

လတ်တလော ချမှတ်လိုက်တဲ့ အစီအစဉ်တွေထဲမှာ ဒေသတွင်း အခြေအနေပေါ်မူတည်ပြီး ရံဖန်ရံခါ ချမှတ်တဲ့ လော့ခ်ဒေါင်း ပိတ်ဆို့မှုတွေနဲ့ တခါတလေ တချို့ မြို့တွေ၊ ခရိုင်တွေမှာ လှုပ်ရှားသွားလာမှုတွေကို ကန့်သတ်တာ ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံဟာ အခုဆိုရင် ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေ ၂ သန်းကျော်လာတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပိုးကူးစက်သူ ဦးရေ ၆၂,၁၇၀ ရှိပြီး စုစုပေါင်း ကူးစက်ခံရသူ ၂,၀၂၅,၄၀၉ ရှိသွားပါပြီ။

လက်ရှိအချိန်ထိ သေဆုံးသူ ဦးရေ ၄၀,၇၀၀ နီးပါး ရှိတယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ပါတယ်။

ဒါဟာ ကမ္ဘာမှာ ပဥ္စမမြောက် သေဆုံးမှု အများဆုံး နိုင်ငံဖြစ်ပေမယ့် တိုင်းပြည် လူဦးရေ ၁.၃ ဘီလျံနဲ့စာရင် အင်မတန်များတဲ့ ပမာဏ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

ဒါပေမဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးတဲ့ အိန္ဒိယအစိုးရရဲ့ စည်းမျဉ်းဥပဒေတွေကနေဖြစ်လာတဲ့ သတင်းပို့တာ နှောင့်နှေးကြန့်ကြာမှုတွေအပါအဝင် အခြားအကြောင်းတွေကြောင့် ဗိုင်းရပ်စ်ရောဂါနဲ့ တကယ်သေသွားတဲ့ လူအရေအတွက်ထက် ထွက်လာတဲ့ တရားဝင်စာရင်းက အများကြီးလျော့နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

တဖက်မှာလည်း အိန္ဒိယအစိုးရဟာ ၂ လနီးပါးလောက် တနိုင်ငံလုံးကို လော့ခ်ဒေါင်းချကန့်သတ်မှုချမှတ်ခဲ့ပြီးနောက်ပိုင်း ဇွန်လ အစောပိုင်းမှာ သူတို့ရဲ့ စီးပွားရေးကို တဖြည်းဖြည်း ပြန်ဖွင့်ပေးခဲ့ပါတယ်။

ဗိုင်းရပ်စ်ပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ တိုးလာပြီး တချို့ပြည်နယ်တွေမှာ လူဦးရေ တသန်းမှာ ၄၀,၀၀၀ လောက် စမ်းသပ်နိုင်ပေမယ့် တချို့ပြည်နယ်တွေမှာတော့ လူတသန်းမှာ လူဦးရေ ၆,၀၀၀ လောက်ကပဲ စမ်းသပ်နိုင်တာကြောင့် ဟာကွက်တွေ ရှိနေပါသေးတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ဦးရေကလည်း သိသိသာသာတိုးလာပါတယ်။

ဥပမာ နိုင်ငံ တောင်ပိုင်း အန်ဒဟာ ပရာဒက်ရှ် ပြည်နယ်မှာဆို ပြီးခဲ့တဲ့ လအတွင်း ပိုးကူးစက်သူ ဦးရေ တဟုန်ထိုး တက်လာခဲ့ပြီး အခုတော့ အိန္ဒိယနိုင်ငံမှာ အဲဒီပြည်နယ်ဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အများဆုံး တတိယမြောက်ပြည်နယ်ဖြစ်လာပါတယ်။

အချိန်ကာလအလိုက် ကူးစက်သူဦးရေ တိုးလိုက်လျော့လိုက်ဖြစ်နေတဲ့ ကပ်ရောဂါ

ဆိုတစ်ခ်ဘစ်ဝါစ်၊ ဘီဘီစီ သတင်းဌာန၊ ဒေလီ

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စပျံ့နှံလာတဲ့အချိန်မှာ "တငွေ့ငွေ့နဲ့ လောင်ကျွမ်းနေတဲ့ကြိုးစ" တခုလို နိုင်ငံတွင်း တဖြည်းဖြည်း ပျံ့နှံ့နေခဲ့တာ ကြာခဲ့ပြီလို့ ကျွမ်းကျင်သူတဦးက ပြောပါတယ်။

ဒါပေမဲ့ ဗိုင်းရပ်စ် အဆိုးဆုံး ဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ ဘရာဇီးလ်တို့လို နိုင်ငံကြီးတွေနဲ့ အိန္ဒိယနိုင်ငံက အခြေအနေက မတူပါဘူး။

ပိုးကူးစက်ခံရသူပေါင်း ၁ သန်းကနေ ၂ သန်းအထိ ခုန်တက်သွားတာ ရက် ၂၀ ပဲ ကြာခဲ့ပါတယ်။ ကူးစက်ခံရသူ ၁ သန်းက နေ ၂ သန်းထိ အခုလိုပြောင်းသွားဖို့ အမေရိကန်မှာ ၄၃ ရက် ကြာခဲ့သလို၊ ဘရာဇီးမှာ ၂၇ ရက်ကြာပါတယ်။

ဒါပေမဲ့ အိန္ဒိယမှာက ဒီနိုင်ငံ နှစ်ခုထက်စာရင် ဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်က နည်းပါတယ်။

အိန္ဒိယနိုင်ငံဟာ နေ့စဉ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ လူနာသစ် ဦးရေ ကမ္ဘာမှာ အများဆုံး ဖြစ်ပါတယ်။

နိုင်ငံ အရွယ်အစား၊ လူဦးရေနဲ့ ယဉ်ကျေးမှု ဓလေ့ မတူတဲ့ လူမျိုးစုံ ပေါင်းပြီးနေတာတွေကြောင့် ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ဖို့ အခက်တွေ့စေပါတယ်။

ဒါကြောင့် အခြေအနေနဲ့ နေရာဒေသအလိုက် ဗိုင်းရပ်စ်ပိုး ကူးစက်မှုက တိုးလာလိုက် လျော့သွားလိုက် ဖြစ်နေတာပါ။

မွန်ဘိုင်းမြို့က ဒါရာဗီ ဆင်းရဲသားရပ်ကွက်နဲ့ ဒေလီမြို့တော်တို့မှာတော့ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့ပြီး အိန္ဒိယမှာ ဗိုင်းရပ်စ်ပိုးကို ခုခံဖို့ စွမ်းဆောင်နိုင်တယ်ဆိုတာကို လက်တွေ့ပြသနိုင်ခဲ့တာပါ။

ဒါပေမဲ့ လူတွေကြား အချိန်အကြာကြီး ရှိနေနိုင်တဲ့ ဒီဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံအဆင့် ပိုမိုကောင်းမွန်တဲ့ နည်းဗျူဟာတခု ချမှတ်ဖို့လိုတယ်ဆိုတာကိုလည်း အိန္ဒိယ အစိုးရက နားလည်သဘောပေါက်ဖို့ လိုတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြနေပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ လူထုကျန်းမာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုစောင့်ရှောက်ရေးနဲ့ ဘဏ္ဍာရေးကဏ္ဍတို့ကို အတူပူးပေါင်းပြီး တနိုင်ငံလုံးအဆင့် ဗိုင်းရပ်စ်ပိုး ပျနှံ့မှုကို ထိန်းချုပ်နိုင်တဲ့ နည်းဗျူဟာတခု အကောင်အထည်ဖော်အားကောင်းတဲ့ နိုင်ငံရေး ဦးဆောင်မှုက အဆင့်အသီးသီးမှာ လိုနေတယ်လို့ ရောဂါပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးကျွမ်းကျင် ပညာရှင်ဒေါက်တာ ဘဟာမား မူဟာဂျီ (Bhramar Mukherjee) က ပြောပါတယ်။

ဒါပေမဲ့ နေရာဒေသပေါ်မူတည်ပြီး မတူတဲ့ နည်းဗျူဟာတွေ ချမှတ်ဖို့ လိုပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ နောက်တကြိမ် တနိုင်ငံလုံးကို လော့ခ်ဒေါင်းချ ကန့်သတ်တာတွေ လုပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ ဒေါက်တာ မူဟာဂျီကတော့ "ကာကွယ်တားဆီးတာတွေ မလုပ်ဘဲ ကံကြမ္မာကို လက်မြှောက်အရှုံးပေးလို့ မရဘူး"လို့ ဆိုပါတယ်။